`နှုတ်ဆက်ခြင်း´
မနက်ဘက် အိမ်လေးအထွက်မှာ
အိမ်သူကို နှုတ်ဆက်ခဲ့တယ် (သွားတော့မယ်)
ဘူတာမှာ ရထားဆိုက်
သူငယ်ချင်းကို ကတိုက်ကရိုက်
နှုတ်ဆက်ခဲ့တယ် (နောက်မှတွေ့မယ်)
အလုပ်စကားပြောအပြီး ငွေရှင်သူဌေးကြီးကို
သွားဖြီးပြီး နှုတ်ဆက်ခဲ့တယ် (ခွင့်ပြုပါဦး)
ဆေးရုံမှာ လူမမာသွားမေး
အားပေးပြီး နှုတ်ဆက်ခဲ့တယ် (လာခဲ့ဦးမယ်)
ဆုံနေကျ အရက်ဝိုင်းမှာ
တွေ့တာနဲ့ ၀ိုင်းနှုတ်ဆက်ကြတယ် (ဒကာတော်ကြီး ကြွပါ ကြွပါ)
ဆိုက်ကားပေါ်ကအဆင်း
နင်းပို့တဲ့လူကို နှုတ်ဆက်လိုက်တယ် (ကျေးဇူးပဲ)
မူးပြီး အိမ်ထဲဝင်
အိမ်သူကို နှုတ်ဆက်လိုက်တယ် (ကိုယ်ပြန်လာပြီ)
ညအိပ်မက်ထဲမှာ လူတကာကို လိုက်နှုတ်ဆက်မိတယ်။
`သွားတော့မယ်´
`ခွင့်ပြုပါဦး´
`ကျေးဇူးပဲနော်´
`လာခဲ့ဦးမယ်´
`ကိုယ် ပြန်လာပြီ´
`နောက်မှတွေ့မယ်´
`သွားလိုက်ပါဦးမယ်´
ဟုတ်ကဲ့… ဟုတ်ကဲ့… ဟုတ်ကဲ့။
သူ့ကဗျာကိုဖတ်ပြီး နှုတ်ဆက်ခြင်းနဲ့ ပတ်သက်လို့ စဉ်းစားစရာတွေအများကြီး ရသွားပါတယ်။ နေ့စဉ်ကျွန်မတို့ နှုတ်ဆက်နေကြပါတယ်။ သေခြင်းတရားက အနီးမှာပဲကပ်ပြီးရှိနေတဲ့အတွက် တမလွန်ကိုသွားရခါနီး ကြိုတင်နှုတ်ဆက်ဖို့တော့ မေ့နေကြသလားပါပဲ။ ကြုံတုန်းမှာ တစ်ခါတည်းနှုတ်ဆက်ထားရင် ကောင်းမယ်ထင်ပါတယ်။
ကျွန်မကတော့ မွေးနေ့တိုင်းမှာ `နောင်နှစ်ခါ မသေသေးရင် ပြန်တွေ့ကြတာပေါ့နော်၊ တစ်နှစ်အတွင်းမှာ သေမယ်ဆိုရင်လည်း နှုတ်ဆက်ခဲ့တယ်နော်´ လို့ပြောပြီး နှုတ်ဆက်လေ့ရှိပါတယ်။ တချို့က `အေးလေ၊ မသေရင် တွေ့ကြတာပေါ့´ တဲ့။ ဒါပေမဲ့ ဘယ်သူပြောနိုင်မှာလဲ။ အပေါ်ယံကြည့်ရင်တော့ အဘွားကြီးတွေကျန်းမာပြီး နှုတ်ခမ်းနီပန်းရောင်လေးတွေဆိုးပြီး ချစ်ချစ်ခင်ခင်ပျော်ပျော်ပါးပါးနဲ့လို့ လူငယ်တွေကပြောကြတယ်။ ဘယ်နေရာမှာ ဘယ်လိုသေကြမလဲ မသိနိုင်ကြပါဘူး။ သွားရင်းလာရင်း နှလုံးသွေးကြောပိတ်ပြီး ရုတ်တရက်သေမလား။ အိပ်ရာထဲမှာ ဘယ်သူမှမသိဘဲ သေမလား။ နာတာရှည်ရောဂါနဲ့ ဆေးရုံပေါ်မှာ သေမလား။
ကျွန်မလည်း နှုတ်ဆက်ခဲ့ရတာတွေကို ပြန်တွေးကြည့်မိပါတယ်။ ဆရာတော်တွေဆီ သွားဖူးပြီး `တပည့်တော်ကို ခွင့်ပြုပါဦးဘုရား´ လို့ အကြိမ်ကြိမ်နှုတ်ဆက်ရပါတယ်။ သူငယ်ချင်းအိမ်ကို သွားလည်ပြီး ပြန်ခါနီးတော့ `ကိုယ်ပြန်တော့မယ်နော်´ လို့နှုတ်ဆက်တိုင်း `နင်ကလည်း ပြန်တာစောလိုက်တာဟယ်´ လို့ ပြောတတ်ပါတယ်။ ပြန်တာတော့ ပြန်ကြရမှာပါပဲ။ အချိန်စောစောလား၊ နောက်ကျပြီးလား….
အငှားကားစီးတိုင်း သွားလိုရာကိုရောက်တော့ ကားဆရာကို `ကျေးဇူးပဲနော်´လို့ ပြောနေကျပါ။ စဉ်းစားကြည့်တော့ နောက်တစ်ခါ ဒီကားဆရာနဲ့ ပြန်ဆုံဖို့ မလွယ်တော့တဲ့အတွက် နောက်ဆုံးနှုတ်ဆက်ခြင်းပဲ မဟုတ်ပါလား။
မိတ်ဆွေ သူငယ်ချင်းတွေနဲ့ လမ်းမှာတွေ့ကြရင် စကားပြောဖို့ အချိန်မပေးနိုင်လို့ `နောက်မှ တွေ့မယ်နော်´ လို့ ကမန်းကတန်း နှုတ်ဆက်ခဲ့ရတာတွေလည်း ရှိတာပါပဲ။ `နောက်မှ´ ဆိုတဲ့ စကားက အသေအချာစဉ်းစားကြည့်ရင် မသေချာမရေရာလှတဲ့ စကားပါပဲ။ `နောက်မှ´ ဆိုတာ ဘယ်တော့လဲ၊ ဒီကြားထဲမှာ သေသွားကြမယ်ဆိုရင် နောက်ဘ၀ကျမှ တွေ့မယ်လို့ဆိုလိုရာ ရောက်ပါတယ်။ ဘယ်အရာကိုမှ ကံသေကံမ မပြောနိုင်တာ အမှန်ပါ။
ဒါကြောင့် နှုတ်ဆက်ထားတာ အကောင်းဆုံးပဲလို့ ထင်ပါတယ်။ အဆိုတော်ခင်ဝမ်းက မကွယ်လွန်ခင် `နှုတ်ဆက်ခဲ့ပါတယ်၊ သွားတော့မယ်´ လို့ သီချင်းလေးနဲ့ ရှေ့ပြေးနိမိတ် နှုတ်ဆက်ခဲ့သလို၊ အဆိုတော် ထူးအိမ်သင်ကလည်း `နှုတ်ဆက်မဲ့နွေ´ သီချင်းနဲ့ နှုတ်ဆက်သွားပါတယ်။ ခွဲခွာကြရမယ်ဆိုရင်တော့လည်း ၀မ်းနည်းရတာပါပဲ။ အနုပညာရှင်တွေဆိုတော့လည်း လွမ်းမောဖွယ်နှုတ်ဆက်သီချင်းလေးတွေ ချန်ထားခဲ့နိုင်ကြပါတယ်။
နိုင်ငံခြားမှာရောက်နေကြတဲ့ သူငယ်ချင်းတွေနဲ့ ဖုန်းပြောကြတဲ့အခါမှာလည်း မိုင်ပေါင်းထောင်ချီဝေးနေကြရတာဆိုတော့ တွေ့ကြဖို့ မလွယ်ပါဘူး။ သူတို့တစ်ခါတလေ လာလည်နိုင်ကြရင် တွေ့နိုင်ကြပေမဲ့ ကိုယ်ကသွားဖို့ဆိုတာကတော့ မလွယ်ကူလှပါဘူး။ ဒါကြောင့် ဘယ်တော့မှ ပြန်တွေ့ကြရမှန်း မသိတဲ့သူတို့ကို `Bye! Hope to see you again ´ လို့ မျှော်လင့်ခြင်းတွေနဲ့ နှုတ်ဆက်ရပေမဲ့ ဒါဟာ နောက်ဆုံး နှုတ်ဆက်တာများ ဖြစ်နေမလားလို့ စဉ်းစားမိပါတယ်။ အသံတွေကြားနိုင်လို့ အလွမ်းတော့ပြေရပါတယ်။
ကင်ဆာရောဂါ နောက်ဆုံးအဆင့်နဲ့ ဆေးရုံတက်နေတဲ့ သူငယ်ချင်းကိုသွားကြည့်တဲ့နေ့ကို သတိရနေမိပါတယ်။ သူက သူ့ကို ဂရုစိုက်တဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်တယ်လို့ ပြောနေပါတယ်။ သူ ဝေဒနာတွေ ခံစားနေရတာကို ဘာမှလုပ်မပေးနိုင်လို့ ကြေကွဲနေတဲ့ကြားကပဲ `ကိုယ်လာခဲ့ဦးမယ်နော်´ လို့ နှုတ်ဆက်ပြီး ပြန်ခဲ့ပါတယ်။ သူနှုတ်ဆက်တာလည်း နောက်ဆုံးဖြစ်သလို ကျွန်မနှုတ်ဆက်တာလည်း နောက်ဆုံးပါပဲ။ `လာခဲ့ဦးမယ်´ လို့ ပြောပြီး ဆေးရုံကိုမလာနိုင်တော့ဘဲ သူ့ရဲ့အသုဘကိုပဲ အရောက်လာနိုင်ပါတော့တယ်။ `ကိုယ်ပြန်တော့မယ်နော်´ လို့ နှုတ်ဆက်နေသလားလို့ ထင်ယောင်ရင်း `သွားတော့နော်´ လို့ တိုးတိုးလေးပြောပြီး နှုတ်ဆက်လိုက်ရပါတယ်။ အချစ်ဆုံးသူငယ်ချင်းဖြစ်လို့ ကြေကွဲဝမ်းနည်းနေရင်းကပဲ သံဝေဂရခဲ့ပါတယ်။ လူ့ဘ၀မှာ နှုတ်ဆက်ခဲ့ကြရတာတွေ အကြိမ်ကြိမ်ပါပဲလား။
ယောဆရာတော်ဘုရားရဲ့ နှုတ်ဆက်နည်းတွေက ဆင်ခြင်အတုယူဖို့ ကောင်းလှတဲ့အတွက် အကျဉ်းချုံးပြီး ဖော်ပြလိုက်ပါတယ်။ `ပူလောင်ရှုပ်ထွေးမှုတွေကိုနုတ်ပြီး ငြိမ်းအေးမှုတွေနဲ့ဆက်လို့ ရှေ့ကိုတိုးတက်ဖို့ လက်တွေ့တရား ကျင့်နေတာက တရားမင်္ဂလာပဲ။ အကုသိုလ်ကို နုတ်လို့ ကုသိုလ်နဲ့ ဆက်ပေးတာမျိုးပေါ့´
`မနေ့ကတွေ့ခဲ့ရလို့ အချိန်အရွယ်တွေ ကုန်ဆုံးသွားခဲ့ကြတာတွေက နုတ်သွားတာ၊ ဒီနေ့အချိန်အရွယ်တွေ ဆက်တွေ့နေရတာက ဆက်ပေးနေတာ၊ ဒါလည်း `နှုတ်+ဆက်´ ပဲ။
`မရဏ ဥသြရှည်ကြီးဆွဲရင် ဒီဘူတာက ရထားတွဲကြီး အပြီးထွက်ခွာတော့တာပဲ၊ ကျန်ရစ်ခဲ့သူတွေကို တရားသဘောနဲ့ နှုတ်ဆက်ခဲ့တယ်။ အပူနုတ်လို့ အအေးနဲ့ဆက်တဲ့ နှုတ်ဆက်ခြင်းမျိုးတော့ မဟုတ်ပါဘူး။ နှုတ်ခွန်းဆက်သွားတဲ့ သဘောမျိုးပါ။
`ကိုယ့်အိမ် ခဏရောက်လာတဲ့ သံသရာဧည့်သည်ဆွေမျိုး ပြန်သွားတော့ အလောင်းကို သုသာန်အရောက် ပို့ဆောင်ပြီး နှုတ်ဆက်ရဦးမယ်။ သတိဉာဏ်ကူမှ နှုတ်ဆက်လို့ဖြစ်မှာပါ။ သတိလက်လွတ်ရင်တော့ နှုတ်မဆက်နိုင်တော့ဘူး။ ငိုကြ၊ ပူဆွေးကြတော့တာပဲ´
`စက္ကန့်နဲ့မိနစ်ကစ အချိန်ပြောင်းတိုင်း နှုတ်ဆက်တာပဲ၊ ရက်တွေ၊ လတွေ၊ နှစ်တွေပြောင်းတာလည်း နှုတ်ဆက်တာပါ၊ အဟောင်းနုတ်လို့ အသစ်ဆက်ပေါ့၊ နှစ်သစ်ကူးတယ်ဆိုတာလည်း နှုတ်ဆက်တာ၊ ဘ၀ကူးပြောင်းတယ်ဆိုတာလည်း နှုတ်ဆက်တာ၊ အားလုံးနှုတ်ဆက်တာချည်းပဲ။´
စာဖတ်သူများ သတိ+ဉာဏ်ကူးပြီး နှုတ်ဆက်နိုင်ကြပါစေ။
***ပန်းအလင်္ကာ မဂ္ဂဇင်း (ဇန်န၀ါရီ၊ ၂၀၀၈)
ဆရာမကြီးဒေါ်ခင်စောတင့်၏ နီးလျက်နဲ့မဝေးကြဖို့နှင့် ဓမ္မရသစာစုများမှ……………
ဒါရိုက်တာကိုအောင်မင်းသိမ်း ကွယ်လွန်သွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ လွယ်အိတ်ကလေးထဲက ကဗျာတစ်ပုဒ်ကို ဇနီးဖြစ်သူက တွေ့ရှိခဲ့ပါတယ်။ နာမည်လေးက `နှုတ်ဆက်ခြင်း´ပါတဲ့။ သူဟာ သေမယ်ဆိုတာကို သိနေခဲ့သူဖြစ်ပြီး သေခြင်းတရားကို အေးအေးဆေးဆေး ရင်ဆိုင်သွားခဲ့ကြောင်း သိရပါတယ်။ သူဟာ လူချစ်လူခင်ပေါများပြီး အမြဲတမ်းပြုံးရယ်နေတတ်သူဖြစ်တာကို သူ့ရဲ့ဓာတ်ပုံတွေတိုင်းမှာ တွေ့နိုင်ပါတယ်။ ကဗျာက-

No comments:
Post a Comment