(မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးတော်မူစဉ်၊ ငြီးငွေ့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။)
***အတိတ်ဇာတ်***
ဗာရာဏသီပြည်၌ တမ္ဗမင်းစိုးစံစဉ် ထိုမင်းတွင် အလွန်အဆင်းလှသော သုယောနန္ဒီ အမည်ရှိ မိဖုရားကြီးရှိ၏။ နာဂဒီပကျွန်းမှ ဘုရားလောင်း ဂဠုန်မင်းသည် ဗာရာဏသီသို့လာ၍ လုလင်ယောင်ဆောင်ပြီး မင်းနှင့် ကြွေအန်ကစား၏။
အလွန်ခန့်ညားလှသော ဘုရားလောင်း၏ ရုပ်သွင်ကိုအလုပ်အကျွေးတို့ပြောစကားကြောင့် သုယောနန္ဒီမိဖုရားသည် မြင်ချင်တွေ့ချင်လှသဖြင့် အလုပ်အကျွေးတို့နှင့် အတူရပ်လျက် ဘုရားလောင်းကိုကြည့်၏။ ဘုရားလောင်းသည်လည်း မိဖုရားကိုကြည့်၏။
မျက်စိချင်းကြိုက်ရာမှ ဂဠုန်မင်းသည် မိဖုရားကို တပ်မက်လှသဖြင့် မိမိတန်ခိုးဖြင့် လေပြင်းတိုက်ခိုက်စေပြီး အမှောင်ကြီးချ၏။ လူတို့ကြောက်လန့်ပြေးလွှားကြစဉ် မိဖုရားကို ကောင်းကင်ခရီးဖြင့် နာဂဒီပကျွန်း မိမိဗိမာန်သို့ ယူဆောင်သွားကာ ပေါင်းသင်းနေထိုင်ကြ၏။
သို့သော် ဂဠုန်မင်းသည် ဟန်မပျက်ပင် ဗာရာဏသီသို့ သွား၍ မင်းနှင့်အတူ ကြွေအန်ကစားမြဲကစား၏။
***စောင်းသမားကိုယ်တွေ့***
သုယောနန္ဒီမိဖုရားကြီးရောက်ရာအရပ်ကို မည်သူမျှမသိနိုင်။ တမ္ဗမင်းသည် သဂ္ဂအမည်ရှိ စောင်းသမားအား ကုန်းလမ်းရေလမ်းတို့မှ မိဖုရားကိုရှာရန်စေလွတ်၏။ စောင်းသမားသည် ကုန်သည်လှေဖြင့် သုဝဏ္ဏဘူမိသို့လိုက်သွား၏။ သမုဒ္ဒရာ၌ လှေပျက်သဖြင့် စောင်းသမားသည် ပျဉ်စတ်ချပ်ပေါ်တွင် အိပ်လျက် လေသင့်ရာ မျောပါသွားရာ၊ နာဂဒီကျွန်း ဂဠုန်မင်း၏ ဗိမာန်ညောင်စောင်းအနီးသို့ရောက်၏။
သုယောနန္ဒီမိဖုရားသည် ဂဠုန်မင်း ကြွေအန်ကစားသွားသောအခါ၌ ဗိမာန်မှဆင်း၍ လမ်းလျှောက်အပန:်ဖြေ၏။
သဂ္ဂစောင်းသမားကိုတွေ့လေလျှင် နဂိုသိပြီးဖြစ်၍ မည်သို့မည်ပုံရောက်လာကြောင်းမေးပြီး စောင်းသမားကို `မကြောက်လင့်´ဟု နှစ်သိမ့်စေ၍ လက်နှစ်ဖက်နှင့် ပိုက်ချီပြီး ဗိမာန်ပေါ်သို့ ခေါ်ဆောင်သွား၏။ စောင်းသမားကို အိပ်ရာပေါ်၌ အိပ်စေပြီး အပန်းပြေသောအခါ နတ်ဘောဇဉ်ကို ကျွေး၍ နံ့သာရည်ဖြင့် ရေချိုးစေပြီး အိပ်ရာပေါ်၌ အတူအိပ်ကာ ပျော်ပါးကြလေ၏။
ညနေ ဂဠုန်မင်း ပြန်လာသောအခါ ဘေးကင်းရာ၌ ၀ှက်ထား၏။ နောက်တစ်နေ့မိုးသောက် ဂဠုန်မင်းထွက်သွားလျှင် တစ်နေကုန် ပျော်ပါးကြပြန်၏။
တစ်လခန့်ကြာသော် ဗာရာဏသီမှ လှေသင်္ဘောဖြင့်လာကြသော ကုန်သည်တို့သည် ထင်း၊ ရေယူရန် ထိုကျွန်းသို့ ဆိုက်ရောက်ကြ၏။
စောင်းသမားသည် ထိုသူတို့လှေနှင့် လိုက်သွား၍ ဗာရာဏသီသို့ရောက်သွား၏။ မင်းရင်ပြင်တွင် ဗာရာဏသီမင်းနှင့် ဂဠုန်မင်းတို့ ကြွေအန်ကစားနေသည်ကို မြင်လျှင် စောင်းကိုတီး၍ သီချင်းဆို၏။
`သုယောနန္ဒီ မိဖုရားကို ဂဠုန်ပြည်၌ တွေ့ခဲ့ကြောင်း၊ ဂဠုန်ပြည်၌ မိဖုရားနှင့် ပေါင်းဖော်ခဲ့ရသည့် အကြောင်း သီချင်းဖွဲ့ဆို၏။ ထိုသီချင်းတွင် နာဂဒီကျွန်းနှင့် ညောင်ပင်အကြောင်းနှင့် ရောက်ရှိသည့် ခရီးလမ်းကို ဖော်ပြပါရှိသဖြင့် ဂဠုန်မင်းသည် ဖြစ်ရပ်အမှန် သိရှိပြီး ဂဠုန်ပြည်၌ နေလျက်ပင် ထိုမိန်းမကို မစောင့်ရှောက်နိုင်´ဟု မိဖုရားကို ပြန်လည်ဆောင်ကြဉ်း၍ မင်းထံ ပြန်ပေးပြီး ဗာရာဏသီသို့ မလာတော့ပေ။
***ဇာတ်ပေါင်းသော်***
တမ္ဗမင်းသည်- အာနန္ဒာ
ဂဠုန်မင်းသည်- ငါဘုရားဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင်- ဆန်းညွန့်ဦး***
*** (ပဉ္စကနိပါတ် ၆၀၃၊ သုယောနန္ဒီဇာတ်) ပစ္စုပ္ပန်ဝတ္ထု ****

No comments:
Post a Comment