ဂျာနယ်ပေါင်းစုံက လူငယ်တွေရောက်လာတိုင်း အခုတစ်လော ပြောဖြစ်နေကြတဲ့ အကြောင်းက လက်တ လော ကမ္ဘာ့စီးပွားရေး သတင်းများပဲဖြစ်တယ်။ ခုခေတ် လူငယ်တွေ ကမ္ဘာ့စီးပွားရေးအကြောင်း G8 အစည်း အဝေးအကြောင်း၊ အာဆီယံ ဆွေးနွေးပွဲ အကြောင်း၊ စိတ်ဝင်တစား ပြောဆိုဆွေးနွေးလာကြတာ ၀မ်းသာစရာ ဖြစ် တယ်။ သူတို့ တတွေဟာ မော်ဒယ်အကြောင်းတွေ၊ ရုပ်ရှင်မင်းသား မင်းသမီး အကြောင်း အတင်းအဖျင်းတွေကို စကားထဲထည့် ပြောမနေကြတော့ဘူး။ သူတို့တတွေကို ချီးလည်း ချီးကျူးမိတယ်။
ဈေးကွက်မှ ဈေးကွက်ဆိုတဲ့ခေတ်
လူငယ်တွေက သူတို့ချင်း ပြောဆိုဆွေးနွေးကြရာကနေပြီး အဖြေရှာ မရတဲ့အခါများမှာ “၀င်ပြောပါဦး”လို့ ဖိနတ်ခေါ်လေ့ရှိပါတယ်။ ကမ္ဘာ့တစ်ခုလုံးမှာ အကောင်းဆုံးဆိုပြီး၊ ကွန်မြူနစ်ဝါဒ ကျင့်သုံးတယ်ဆိုတဲ့ နိုင်ငံတွေတောင် လိုက်ပါကျင့်သုံးနေကြတဲ့ “ဈေးကွက်စီးပွားရေး”ဆိုတာ အမှန်တကယ် အကောင်းဆုံးဖြစ်ရဲ့ လားလို့ သူတို့ တတွေဆွေးနွေးနေကြတာပါ။ ၂၀၀၈ ခုနှစ် အမေရိကန် ဘဏ်လုပ်ငန်းကြီးတွေ ပြိုလဲကျသွားတဲ့ကိစ္စ မဖြစ်ခင်အထိတော့၊ အစိုးရထိမ်းချုပ် စွက်ဖက်မှုလုံးဝမရှိဘဲ၊ ဈေးကွက်က သူ့အလိုလို လွတ်လွတ်လပ်လပ် ဆောင်ရွက်သွားတဲ့ စံနစ်ဟာ အကောင်းဆုံးဖြစ်တယ်လို့၊ အားလုံး လက်ခံယုံကြည်ခဲ့ကြတယ်။ ဗဟိုက လုံးဝချုပ်ကိုင်တဲ့ “စံမံကိန်းစီးပွားရေးစံနစ်”ဟာ အလုပ်မဖြစ်တော့ဘူးလို့၊ ရုရှားတို့ တရုတ်တို့လို “ဒေါင်ဒေါင်မြည်”ကွန်မြူနစ်တချို့ အနောက်က စီးပွားရေးပညာရှင်များကတော့ အမေရိကန်အစိုးရက ငွေကြေးအလုံးအရင်းထုတ်ပြီး ဘဏ်လုပ်ငန်းကြီးတွေကို ကယ်တင်ရတဲ့လုပ်ရပ်ဟာ အစိုးရထိန်းချုပ်မှု လုံးဝမပါလို့ မဖြစ်ဘူးဆိုတာကို ပြသတဲ့အချက် ဖြစ်တယ်လို့ ထောက်ပြကြတယ်။
လူတွင်ကျယ်လုပ်ရုံသာ
တချို့ကတော့ အမေရိကန်အစိုးရရဲ့ လုပ်ရပ်ဟာ ဘဏ်လုပ်ငန်းကြီးတွေကို ပြည်သူပိုင်သိမ်းလိုက်တဲ့ သဘောဖြစ်နေတာကြောင့် ကွန်မြူနစ်တို့ရဲ့ ဗဟိုချုက်ကိုင်မှု အောက်က စီမံကိန်း စီးပွားရေးစနစ်နဲ့ အတူတူဖြစ်သွားလို့တောင် ပြောကြတယ်။ တချိုကလည်း စကင်ဒီနေးဗီးယားနိုင်ငံများလို၊ အစိုးရ ကမကထပြုတဲ့ လူမှုဖူလုံရေး စီမံချက်များ ထားရှိတဲ့ ဈေးကွက်စီးပွားရေးပုံစံကို အတုယူသင့်တယ်လို့ ဆိုကြတယ်။ ဂျာမဏီနိုင်ငံမှာတော့ ၀န်ကြီးတစ်ဦးက၊ ကားလ်မတ်ရဲ့ “အရင်းကျမ်း”စာအုပ်ကြီးကို ပြန်လေ့လာသင့်ကြတယ်လို့ ပြောလိုက်တဲ့အတွက် အဲဒီစာအုပ်ဟာ ဆိုင်တွေမှာ လက်ကျန်မရှိလောက်တဲ့အထိ အလုအယက် ၀ယ်ယူခဲ့ကြတယ်။ အဲဒီအကြောင်းများကို လူငယ်တွေကို ပြောပြပြီး၊ တိုင်းလို နယူးစ်ဝိခ်လို၊ အီကောနော်မစ်လို စာစောင်တွေထဲက ရေးသားချက်တွေလောက် ဖတ်ရုံနဲ့ မလုံလောက်တဲ့အကြောင်း သတိပေးလိုက်ပါတယ်။ အကြောင်းအရာ တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ဂဃနဏ သိချင်တယ်ဆိုရင်၊ မူလကျမ်းရင်းတွေ ဖတ်ဖို့လိုပါတယ်။ အညွှန်းစာအုပ်၊ မိတ်ဆက်စာအုပ်၊ အဖွင့် ကျမ်းစာအုပ်၊ အညွှန်းကျမ်းစာအုပ်တွေနဲ့ စာစောင်တွေထဲက သုံးသပ်ဝေဖန်ချက် ဆောင်းပါးတွေလောက် ဖတ်ရုံနဲ့ မဖြစ်ပါဘူး။ အဲဒါတွေဖတ်တာက သိသလိုလိုနဲ့ လူတွင်ကျယ်လုပ်နိုင်ရုံလောက်ပဲရမှာပါ။ ကိုယ်ဖတ်တဲ့ မိတ်ဆက် စာအုပ်လို အဖွင့်ကျမ်းလို စာအုပ်တွေက ရေးသူရဲ့ အတ္တနောမတိတွေ လွန်ကဲပြီးဖြစ်စေ၊ တမင်တကာ မသမာတဲ့ ရည်ရွယ်ချက်နဲ့ လုပ်လို့ဖြစ်စေ၊ အမှားတွေဖြစ်နေရင် “ငါးပါးမက သံဃာစင်ပါ မှောက်တဲ့ကိန်း”ဆိုက်ရောက်သွားနိုင်ပါတယ်။
အဖွင့်ကျမ်းလောက် ဖတ်ကြတာ
ဒါမျိုးတွေ ရှေးက ပညာတတ်လူငယ်တွေကြားမှာ အများကြီးဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးတိုက်ပွဲဝင်ကာလ ပညာတတ်လူငယ် အသိုင်းအ၀ိုင်းမှာ လက်ဝဲ၀ါဒ စာပေတွေကို အလုအယက် ဖတ်ခဲ့ကြပါတယ်။ အဲဒီခေတ်က အင်္ဂလိပ်လက်အောက်ခံ ဘ၀ဆိုတော့၊ အင်္ဂလန်နဲ့ အိန္ဒိယကထုတ်တဲ့ မတ်ဝါဒ စာပေတွေပဲ မြန်မာပြည်ကို ရောက်ခဲ့ပါတယ်။ နိုင်ငံရေးသမားအများစုဟာ အင်္ဂလိပ်နဲ့ ကုလားတွေရေးထားတဲ့ မိတ်ဆက်ကျမ်း၊ အဖွင့်ကျမ်း၊ အကျဉ်းချုပ် စာအုပ်၊ ဆိုတဲ့ စာအုပ်မျိုးတွေဖတ်ပြီး လက်ဝဲသမား အမည်ခံခဲ့ကြတာပါ။ မတ်တို့ အိန်ဂျယ်တို့ရေးခဲ့တဲ့ မူရင်းကျမ်းကြီးတွေ ဖတ်ခဲ့ကြရတာ မဟုတ်ပါဘူး။ အဲဒီသူတွေက ကိုယ့်ဟာကိုယ် လက်ဝဲသမားအမည်ခံရုံဆို ကိစ္စမရှိပါဘူး။ သူတို့က လက်ဝဲခေါင်းဆောင်ကြီးတွေလုပ်ပြီး၊ အင်္ဂလိပ်နဲ့ ကုလားတွေ ရေးခဲ့တဲ့ အဖွင့်ကျမ်းကို ထပ်ပြီးဖွင့်လိုက်၊ မိတ်ဆက်လိုက် လုပ်ခဲ့ကြလေတော့ တကယ်ကို သံဃာစင်ပါ မှောက်တော့တာပေါ့။
အဲဒီလို အပေါ်ယံ လေ့လာမှုမျိုးက ဒီနေ့ထိလည်း အကြီးအကျယ် ထွန်းကားနေပါသေးတယ်။ ဒီနေ့က ပိုတောင်ဆိုးတယ်ထင်တယ်။ ရှေးကလို အဖွင့်ကျမ်း၊ အညွှန်းကျမ်းတွေတောင် မဖတ်ကြတော့ဘူး။ အင်တာနက်က၊ အပတ်စဉ်ထုတ်၊ စာစောင်တွေထဲက သုံးသပ်ချက်ဆောင်းပါးတွေလောက်ဖတ်ပြီး ဆရာကြီးလုပ်နေကြတာလေ။ လူငယ်လေးတွေအနေနဲ့ အဲဒီလို “ကိုယ်တိုင်ခန့် ဆရာကြီး”တွေရဲ့ လူတွင်ကျယ် လုပ်ရပ်တွေကို အတုမယူကြစေချင်ဘူး။ စီးပွားရေးအကြောင်း လေ့လာချင်ရင်၊ ဆိုရှယ်လစ်စီးပွားရေးဆို၊ ကားလ်မတ်တို့ အိန်ဂျယ်တို့ရဲ့ မူရင်းကျမ်းကြီးတွေကို ဖတ်ဖြစ်အောင်ဖြစ်ရပါမယ်။ အရင်းရှင်စီးပွားရေးစနစ်ဆို၊ ကိန်းနဲ့ သူ့ခေတ်ပြိုင်ပညာရှင်များရဲ့ မူရင်းကျမ်းတွေကို မဖတ်လို့ကို မဖြစ်ပါဘူး။ မူလပညာရှင်ကြီးများရဲ့ အယူအဆ သဘောတရားတွေကို ရေရေရာရာ နားမလည်ဘဲနဲ့ ဆိုရှယ်လစ်က ကောင်းတယ်။ အရင်းရှင်ဈေးကွက်က ကောင်းတယ်လို့ ပြောနေရုံနဲ့ မလုံလောက်တော့ပါဘူး။ လူငယ်လေးတွေအနေနဲ့ စီးပွားရေးအကြောင်းရေးတဲ့ “စီးပွားရေးဂျာနယ်လစ်”ဖြစ်ချင်ရင်၊ မူရင်းစီးပွား ကျမ်းကြီးတွေကို ဖတ်ရှုလေ့လာပါ၊ နိုင်ငံရေး သုံးသပ်ဝေဖန်ချက်တွေ ရေးတဲ့ “နိုင်ငံရေးသုံးသပ်သူ”လုပ်ချင်ရင်လည်း လက်ဝဲ လက်ယာ နိုင်ငံရေး မူရင်းစာအုပ်ကြီးတွေ ဖတ်ရှုလေ့လာပါလို့ တိုက်တွန်းချင်တယ်။ ကားလ်မတ်နဲ့ ကိန်းရဲ့ စာအုပ်တွေနဲ့ ကွန်မြူနစ်ကြေညာစာတန်းဆိုတာလောက်တောင် မဖတ်ဖူးပဲနဲ့တော့ “နိုင်ငံရေးဂုရုကြီး” မလုပ်ချင်ကြပါနဲ့လို့လည်း မေတ္တာရပ်ခံလိုက်ရပါတယ်။
လူထုဦးစိန်ဝင်း
(၂၃၊ ၇၊ ၂၀၀၉- လူထုရနံ့ စာစုများမှ)

No comments:
Post a Comment