The President’s Last Bang ဆိုတဲ့ ကိုရီးယားရုပ်ရှင်လေးကို ကြည့်ဘူးမိကြမလားမသိဘူး။ တောင်ကိုရီးယား စစ်အာဏာရှင်ပတ်ချုံဟီး ကို လုပ်ကြံသတ်ဖြတ်တဲ့ ရုပ်ရှင်ကားလေးပါ။
ပါလီမန်ထဲမှာ ဝင်ပြီးပြောင်းလဲမယ်၊ တောင်ကိုရီးယားနိုင်ငံလို တဖြည်းဖြည်းပြုပြင်ပြောင်းလဲသွားမယ် လို့ ပြောနေကြတဲ့သူတွေ အဲ့ဒီ ရုပ်ရှင်လေးကို ကြည့်စေချင်ပါတယ်။
ရွေးကောက်ပွဲလုပ်သမျှဝင်ပြိုင်၊ မတရားမှုတွေ၊ မဲလိမ် မသမာမှုတွေကို ပြန်လည်တုန့်ပြန်တဲ့ လှုပ်ရှားမှုတွေမရှိပဲ ပါလီမန်တွင်းမှာ ဝင်ပြီးပြောင်းလဲမယ် ဆိုတဲ့စကားတွေကို ထပ်ခါတလဲလဲအော်ဟစ်နေမယ်ဆိုရင်တော့ ခွေးအ အုပ်တွေကြားမှာ ခပ်တိုးတိုးညာသံပေးနေတဲ့ယုံတွေလို ဖြစ်နေပါလိမ့်မယ်။ ဖိနှိပ်မှုတွေကိုသာ နားလည်တဲ့ အာဏာရှင်တွေကို စိတ်ဓါတ်ပြောင်းလဲအောင်လုပ်ဖို့ဆိုတာ မတရားမှုတွေကိုငြင်းဆန်တိုက်ပွဲဝင်ရဲတဲ့သတ္တိ နဲ့ ဖိအားပေးနိုင်တဲ့ အင်အားရှိမှ အသွင်ကူးပြောင်းမှုကာလကို တဆင့်ခြင်းသွားလို့ ရတယ်
ဆိုတဲ့အချက်ကို နိုင်ငံတကာမှာဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးပြဿနာတွေက သက်သေပြခဲ့ကြတယ်။
တောင်ကိုရီးယား စစ်အာဏာသိမ်းခေါင်းဆောင် ပတ်ချုံဟီးရဲ့လက်ထက်မှာ နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာခဲ့တာအမှန်ပဲ။ စီးပွားရေးရှုထောင့်ကကြည့်ရင်
ဒီအချက်ဟာ ငြင်းလို့မရတဲ့အချက်ပါ။ ဒါပေမဲ့ တောင်ကိုရီးယားပြည်သူတွေက သူတို့ရဲ့ဘဝဟာ စီးပွားရေးအဆင်ပြေဖူလုံနေရုံတခုတည်းနဲ့ ပြည့်စုံပျော်ရွှင်နေခဲ့တယ် လို့ မယူဆပါဘူး။
သူတို့ရဲ့နေ့စဉ်ဘဝတွေမှာ နိုင်ငံရေးဖိနှိပ်မှုတွေအာဏာရှင်ဆန်လာတဲ့ သမ္မတရဲ့ခြေလှမ်းတွေကိုမြင်နေခဲ့ရတဲ့အခါ၊ ဒီ အရာတွေဟာ သူတို့ရဲ့အနာဂတ် နိုင်ငံရေး၊ စီးပွားရေး၊
လူမှုရေးဘဝတွေကို ချွတ်ခြုံကျပျက်စီးစေမဲ့ အရာတွေဖြစ်တယ် လို့ ယုံကြည်ခဲ့ကြတယ်။
(၂)
ပတ်ချုံဟီး က သမ္မတရာထူးကို ရာသက်ပန်ယူထားနိုင်ဖို့အတွက် ၁၉၇၂ မှာ ယူဆင်အခြေခံဥပဒေသစ်ကိုရေးဆွဲပြီးရွေးကောက်ပွဲတွေမှာ အကြိမ်ကြိမ်အနိုင်ရအောင်လုပ်တော့
တောင်ကိုရီးယား ဒီမိုကရေစီအင်အားစုတွေ က အတိုက်အခံ တပ်ပေါင်းစု ကို ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းနိုင်ခဲ့တယ်။ ဘုံ လုပ်ငန်းစဉ်တခုအောက်မှာ ခိုင်ခိုင်မာမာရပ်တည်ခဲ့ကြတယ်။
၂၀၁၀ ရွေးကောက်ပွဲကိုဝင်ခဲ့တဲ့ ဗမာပြည်က အတိုက်အခံအုပ်စုတွေကတော့ တောင်ကိုးရီးယားနိုင်ငံရေးသမားတွေရဲ့ပြင်းထန်ထက်မြက်တဲ့ ဝိညာဉ်တွေလိုမျိုးမရှိရှာပါဘူး။
ပါတီမထောင်ပါဘူးပြောလိုက်၊ ဒေါ်စုက ပါတီဖျက်ခိုင်းရင် ဖျက်ဖို့အသင့်ပါပဲပြောလိုက်၊ နောက်- အခြေအနေတွေက ပြောင်းသွားပြီ ဆိုပြီး စကားအမျိုးမျိုးပြော၊
ကြံ့ဖွံ့နဲ့ပတ်သက်တဲ့ စီးပွားရေးသမားတွေဆီက သိန်းထောင်ချီယူထားပြီး ၂၀၁၀ ရွေးကောက်ပွဲကို အပင်းသွင်းထားတဲ့ အစာကို စားမိသလိုမျိုး
လုပ်ထားတဲ့အဖွဲ့တွေဟာ ရွေးကောက်ပွဲ သပိတ်မှောက်ထားတဲ့ အုပ်စုကို ခိုင်ခိုင်မာမာလက်တွဲရဲမယ် ထင်ပါရဲ့လား။
မထင်ပါဘူး။ ညီညွတ်ရေးဆိုတာ တဘက်တည်းကသဘောထားကြီးယုံနဲ့မရပါဘူး။ နောက်ကျောဓါးနဲ့ထိုးတဲ့ အကျင့်တွေကို မဖျောက်မခြင်း
ဒီမိုကရေစီ ကျင့်စဉ်တွေကို မလေးမစားလုပ်နေသရွေ့၊ ညီညွတ်ရေးတည်ဆောက်ဖို့ လွယ်လွယ်ကူကူနဲ့မဖြစ်နိုင်ပါဘူး။ ထောက်လှမ်းရေးဆီက ဆဲလ်ဖုံးတွေယူ၊ သိန်းထောင်ချီယူထားတဲ့ အုပ်စုတွေက အစိုးရကို ပြတ်ပြတ်သားသားဝေဖန်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ ဟို က တချက်မျက်စောင်းထိုးလိုက်တာနဲ့ လေသံအေးအေးလေးနဲ့ ၂၀၁၀ ရွေးကောက်ပွဲ မသမာမှုတွေကို အသံလေးနည်းနည်းထွက်၊
ပြီးရင် သက်ပြင်းချထောင့်ကပ်သွားလိမ့်မယ်။ ကြွကြွ၊ ကြွ ကြွသွားလုပ်တာနဲ့ အထုပ်က ပေါ်တော့မှာကိုး။
ဒါက ကိုရီးယားအတိုက်အခံနိုင်ငံရေးသမားတွေနဲ့ မတူတဲ့ မြန်မာနိုင်ငံက ဥပဒေဘောင်အတွင်းက တိုက်ပွဲဝင်မယ် လို့ ကြွေးကြော်နေတဲ့ အတိုက်အခံတွေရဲ့ အနေအထား။
ဒါပေမဲ့ တဘက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့တိုင်းရင်းသားပါတီတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့ သဘောထား၊
မျှော်လင့်မှုတွေကတော့ အားရစရာကောင်းနေတာ လူတိုင်းအမြင်ပဲဖြစ်တယ်။
(၃)
၂၀၁၀ ရွေးကောက်ပွဲမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်တခုတော့ ရှိတယ်။ မေမြို့ဗိုလ်သင်တန်းကျောင်းနယ်မြေအတွင်းမှာဖြစ်ပျက်ခဲ့တဲ့အရာတခုပါ။
ရွေးကောက်ပွဲကျင်းပတော့ အဲ့ဒီနယ်မြေမှာ ရှိတဲ့ ဗိုလ်လောင်းတွေ၊ တပ်မိသားစုတွေ က
“ ဒီ ရွေးကောက်ပွဲတွေကြောင့် ပဲ ငါတို့ သိက္ခာတွေပိုကျကျလာတယ်။ နာမည်ပျက်တော့ ငါတို့၊ အာဏာရတော့ ကြံ့ဖွံ့၊ ကြံ့ဖွံ့ပဲ ရမဲ့အတူတူ -ီး မှ မဲမပေးဘူးကွာ” ဆိုပြီး
မဲတွေအပေါ်မှာ ညစ်တီးညစ်ပတ်တွေရေးခဲ့ကြတယ်။မဲရုံစောင့်ခဲ့ရသူတွေက သူတို့ကို သင်ကြားပို့ချနေတဲ့ ပါမောက္ခတွေဖြစ်တယ်။ ဗိုလ်လောင်းတွေရော၊ မဲရေတဲ့ ပါမောက္ခတွေရော အဲ့ဒီနယ်မြေက လူတွေ ဘယ်လိုမဲပေးခဲ့သလဲဆိုတာ သိတယ်။ ရွေးကောက်ပွဲ ရလဒ်ထွက်လာတော့ စိတ်ဆိုးဒေါသထွက်ကြတယ်။ မေမြို့စစ်တက္ကသိုလ်စာသင်ခန်းထဲမှာ တခါမှ မဖြစ်ခဲ့ဘူးတဲ့ အမေးအဖြေတွေ ရှိခဲ့ကြတယ် လို့ ဆိုတယ်။
ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်လွတ်လာတော့ သူတို့လည်း စိတ်ဝင်တစားနားစွင့်ကြပုံရပါတယ်။
သူတို့အဖြစ်အပျက်တွေကိုကြည့်ပြီး ပတ်ချုံဟီး ကို လုပ်ကြံခဲ့တဲ့ The President’s Last Bang ရုပ်ရှင်ကားလေးကို သွားသတိယမိတယ်။
ဒီ တပတ်လွတ်လပ်တဲ့ အာရှအသံ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ ပတ်ချုံဟီး လက်အောက် တောင်ကိုရိးယားနိုင်ငံက ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို တင်ပြထားပါတယ်။
**သောတရှင်များခင်ဗျား**
ကိုရီးယားနိုင်ငံရဲ့ပထမဆုံးသမ္မတဖြစ်တဲ့ ဆန်မင်ယွီး ဟာ လူထုအပေါ် စေတနာမဲ့မှု၊ အာဏာရှင်ဆန်လာမှုကြောင့် ၁၉၆၀ မှာ ကျောင်းသားလှုပ်ရှားမှုနဲ့လူထုအုံကြွမှုတွေပေါ်ပေါက်လာခဲ့ပုံ၊
ဧပြီ (၁၉) လှုပ်ရှားမှုကြောင့် အာဏာရှင်စံနစ်ပြုတ်ကျခဲ့ပုံကို တင်ပြခဲ့ဘူးပါတယ်။
ဒီတပတ်မှာတော့ ပတ်ချုံဟီး လက်အောက်မှာ ရုန်းကြွခဲ့ကြတဲ့ ကိုရီးယားဒီမိုကရေစီလှုပ်ရှားမှုအကြောင်းကို ဆက်လက်တင်ပြချင်ပါတယ်။
“ပထမဦးဆုံးသမ္မတ ကို ဖြုတ်ချနိုင်ခဲ့ပေမဲ့၊ ကိုရီးယားနိုင်ငံရဲ့ ဒုတိယပြည်သူ့သမ္မတနိုင်ငံကို တည်ဆောက်ဖို့ကြိုးစားတဲ့ အစိုးရသစ်ဟာ စီးပွားရေး၊ နိုင်ငံရေးတည်ငြိမ်မှုတွေကိုမဖေါ်ဆောင်နိုင်ခဲ့ဘူး။
ဒါ့ကြောင့် ဖိလစ်ပိုင် က ဖာဒီနန်မားကို့စ်ကိုအားကျတဲ့၊ ဗိုလ်ချုပ် ပတ်ချုံဟီး ဟာ ၁၉၆၁ မှာ အာဏာသိမ်းတယ်။ တတိယ နဲ့ စတုတ္တ ကိုရီးယားပြည်သူ့သမ္မနိုင်ငံတော် ကာလကို ပတ်ချုံဟီးရဲ့
ကာလ လို့ ဆိုရမယ်။ သူ့လက်ထက်မှာ စီးပွားရေးဦးမော့လာခဲ့ပေမဲ့ နိုင်ငံရေးဖိနှိပ်မှုတွေကလည်း ပြင်းထန်လာခဲ့တယ်။
သူ့လက်အောက်မှာ ကိုရီးယား ဗဟိုထောက်လှမ်းရေးအေဂျင်စီ ကိုဖွဲ့စည်းလိုက်ပြီး စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အရာအားလုံးကိုချုပ်ကိုင်လိုက်တယ်။
အတိုက်အခံတွေကို မျက်စိဒေါက်ထောက် စောင့်ကြည့် ပြီးဖမ်းဆီးနှိပ်စက်ခဲ့တယ်။ နှောက်ရှက် လုပ်ကြံသတ်ဖြတ်တယ်။ နိုင်ငံတော်ပြန်လည်တည်ဆောက်ရေးကောင်စီကို ဦးဆောင်ဖွဲ့စည်းလိုက်တယ်။
ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုသမ္မတ ကနေဒီရဲ့ဖိအားပေးမှုကြောင့်လူထုဒီမိုကရေစီကိုအခြေခံတဲ့ အရပ်သားအစိုးရ အုပ်ချုပ်မှုစံနစ်ဆီကို ပြန်သွားမယ် လို့ ဂတိပေးခဲ့တယ်။
၁၉၆၃ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ရီပတ်ပလင်ကန် ပါတီခေါင်းဆောင်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ပြီး သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရတယ်။
၁၉၆၇ ရွေးကောက်ပွဲမှာလည်း သူပဲ အနိုင်ရခဲ့ပြန်တယ်လေ။”
ပတ်ချုံဟီးဟာ တောင်ကိုရီးယားနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုရီးယားနိုင်ငံကိုနယ်ချဲ့ခဲ့သူ ဂျပန်နိုင်ငံနဲ့လည်း ဆက်ဆံရေးအဆင်ပြေအောင်တည်ဆောက်ပြီး
ဂျပန်စက်မှုလုပ်ငန်းတွေကိုအခြေခံတဲ့ စီးပွားရေးနယ်မြေတခုကိုတည်ဆောက်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ကို မဟာမိတ်အဖြစ်အလေးအနက်ထားပေါင်းခဲ့တယ်။
ဗီယက်နမ်စစ်ပွဲဆီကို တောင်ကိုရီးယားစစ်သား (၃) သိန်းကျော်အကူအညီပေးခဲ့တယ်။ အပြန်အလှန်အားဖြင့် အမေရိကန်ပြည်ထောင်စု ဆီကလည်း စီးပွားရေး စစ်ရေးအကူအညီတွေရခဲ့ပါတယ်။
၁၉၇၁ မှာ ရာထူးကထွက်ခွာပေးရမယ်ဆိုတာ သိနေပေမဲ့၊ ကိုရီးယား ဗဟိုထောက်လှမ်းရေး ကို ကျောထောက်နောက်ခံယူပြီး၊ ပတ်ချုံဟီးဟာ သမ္မတသက်တမ်း (၂) ကြိမ်သာ လုပ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့
အခြေခံဥပဒေကို ဖျက်ဆီးဖို့ ကြိုးစားလိုက်တယ်။ သမ္မတ ရာထူး ကို တတိယအကြိမ်အဖြစ် ရယူလိုက်ပြန်တယ်။ တတိယအကြိမ် သမ္မတသက်တမ်း စပြီး မကြာခင်မှာ၊ နိုင်ငံတကာရဲ့အန္တရာယ်များလှတဲ့ အနေအထားတွေကြောင့်ဆိုပြီးအရေးပေါ်စစ်အုပ်ချုပ်ရေးကိုကြေငြာခဲ့တယ်။ ပါလီမန်ကိုဖျက်သိမ်းပစ်လိုက်ပါတယ်။ အခြေခံဥပဒေ ကို ရပ်ဆိုင်းပစ်လိုက်တယ်။
၁၉၇၂ မှာ ယူဆင် ( Yusin Constitution) အခြေခံဥပဒေ ကို ပြင်ဆင်ရေးဆွဲလိုက်တယ်။
“ယူဆင်” ဆိုတာ ပြန်လည်ထိန်းသိမ်းခြင်းလို့ အမည်ရတယ်လေ။ အဲ့ဒီ ဥပဒေအရ၊ သမ္မတရာထူး သက်တမ်းကို ခြောက်ကြိမ်လုပ်ပိုင်ခွင့်ရှိတယ်လို့ သတ်မှတ်လိုက်တယ်။
ပတ်ချုံဟီးရဲ့အာဏာရှင်စံနစ် ဆီ ဦးတည်မဲ့အကြံအစည်ကို ကျောင်းသားတွေကလည်း ခါးခါးသီးသီးတုန့်ပြန်ခဲ့ကြတယ်လေ။
ကျနော်တို့ကိုရီးယားနိုင်ငံဟာ ဗိုလ်ချုပ်ပတ်ချုံဟီးရဲ့စီးပွားရေးဆိုင်ရာ မူဝါဒတွေကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာခဲ့တာ အမှန်ပဲ။
ဒါပေမဲ့ လွတ်လပ်စွာပြောဆိုရေးသားခွင့်တွေကတော့ ရက်ရက်စက်စက်တားဆီးခံနေရတယ်။ တကယ်တော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတခုတည်းနဲ့ လူတွေရဲ့ဘဝတွေဟာ လုံခြုံမှုရှိတာမဟုတ်ပါဘူး။
ပတ်ချုံဟီးရဲ့ အာဏာရှင်ဆန်လာမှုတွေဟာ ကျနော်တို့ရဲ့နေ့စဉ်ဘဝတွေကို ခြိမ်းခြောက်လာသလို၊ ဖိနှိပ်မှုကြောင့် ပေါ်ပေါက်လာတဲ့ နိုင်ငံရေးပြဿနာဟာ တချိန်ချိန်မှာ ကျနော်တို့ပြည်သူတွေကို
ဒုက္ခတွင်းထဲဆွဲခေါ်ယူသွားမယ်။ တည်ဆောက်ထားတဲ့စီးပွားရေးစံနစ်တွေလည်း ပျက်သုဉ်းကုန်လိမ့်မယ်။ ကျနော်တို့ တတွေ ပတ်ချုံဟီး ရဲ့
ယူဆင်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ငြင်းဆန်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။”
၁၉၇၂ အခြေခံဥပဒေကို အသုံးချပြီး သမ္မတရွေးကောက်ပွဲကို ၁၉၇၈ နှစ်အထိ ပြိုင်ဘက်မရှိအနိုင်ရခဲ့ ပတ်ချုံဟီး ကိုထိတ်လန့်တုန်လှုပ်စေမဲ့အဖြစ်အပျက်တွေက စတင်ခဲ့ပါပြီ။
၁၉၇၉ အောက်တိုဘာလမှာ ဘူဆန် အမျိုးသားတက္ကသိုလ်က ကျောင်းသားတွေ ဦးဆောင်ပြီး ပတ်ချုံဟီး ရဲ့ အာဏာရှင်ဆန်မှုကို ဆန့်ကျင်ကြဖို့ ပြည်သူတွေကို လှုံ့ဆော်လိုက်ကြပါတယ်။၊
လမ်းမတွေဆီကို ထွက်လာခဲ့ကြတယ်။ ပြည်သူ (၅) သောင်းကျော်ဟာ မြို့တော်ခမ်းမရှေ့မှာစုစည်းကြပြီး အစိုးရအဆောက်အဦတွေကို တိုက်ခိုက်မီးရှို့ကြတယ်။
ဆန္ဒပြခေါင်းဆောင် (၄၀၀) ကျော်အဖမ်းခံခဲ့ရပေမဲ့၊ ပတ်ချုံဟီး ကို အန်တုတဲ့ လှုပ်ရှားမှုတွေဟာ မြို့ပေါင်းများစွာဆီပြန့်နှံ့သွားတယ်။
အလုပ်သမားတွေ လည်း ပူးပေါင်းပါဝင်လာခဲ့ကြတယ်။ ပူးမားလူထုအုံကြွမှုအဖြစ် ကိုရီးယားလူထုလှုပ်ရှားမှုသမိုင်းမှာ နာမည်ကြီးခဲ့ပါတယ်။
ပတ်ချုံဟီး အစိုးရက အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေကို ကြေငြာလိုက်ပြီး သူ့ရဲ့အာဏာကို တည်မြဲအောင် ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ လူထုဆန္ဒပြပွဲတွေအပေါ်ရက်စက်စွာချေမှုန်းခဲ့မှုကြောင့် အစိုးရအဖွဲ့အတွင်းမှာ အမြင်မတူတဲ့ ငြင်းခုန်မှုတွေစတင်လာခဲ့ပါတယ်။
ပတ်ချုံဟီး စတင်အသက်သွင်းခဲ့တဲ့ ထောက်လှမ်းရေးအေဂျင်စီကလည်း ပတ်ချုံဟီးရဲ့လုပ်ရပ်တွေအပေါ်သဘောထားကွဲခဲ့ပါတယ်။
“အောက်တိုဘာလမှာ ကိုရီးယား ဗဟိုထောက်လှမ်းရေး ( KCIA) ဒါရိုက်တာ ကင်ဂျေကြူ ( Kim Jae Kyu) က စစ်ထောက်လှမ်းရေးအဆောက်အဦး တခုဆီမှာ သမ္မတ ပတ်ချုံဟီး ကို ညနေစာထမင်းစားဖိတ်တယ်။ ထမင်းဝိုင်းမှာ “ကင်ဂျေကြူ” ကိုယ်တိုင် ပတ်ချုံဟီး ကို ပစ်သတ်ပစ်လိုက်တော့တယ်လေ။”
**သောတရှင်များခင်ဗျား**
တောင်ကိုရီးယားနိုင်ငံရဲ့စစ်အာဏာသိမ်းခေါင်းဆောင် ပတ်ချုံဟီးဟာ သူ့ရဲ့အနာဂတ်လုံခြုံစေရေးအတွက် အခြေခံဥပဒေကို ဇွတ်အတင်းရေးဆွဲခဲ့ပြီး နိုင်ငံတော်သမ္မတရာထူးကို
အကြိမ်ကြိမ်ယူဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီအခြေခံဥပဒေသစ်ကြောင့်ပဲ သူ့လည်ပင်းကိုသူကိုယ်တိုင် ကြိုးကွင်းစွပ်သလိုမျိုးဖြစ်ခဲ့ရပါတယ်။ ေ
သောတရှင်တို့လည်း အာဏာရှင်တွေရဲ့ကြောက်ရွံ့ထိတ်လန့်စွာဇွတ်အတင်း ဖန်တီးမှုတွေကို အန်တုပျက်ရယ်ပြုနိုင်ကြပါစေ။
**Aung Moe Win**
(၁)

No comments:
Post a Comment