**ရှေးလူကြီးတွေ အိပ်မက်မက်လို့**
အဲဒီလို ပစ္စုပ္ပန်မှာ ဖြစ်နိုင်တာကိုပဲ လုပ်ဆိုတာကို သူတို့က လက်တွေ့ကျတယ်လို့ ပြောကြတယ်။ သူတို့ အာတွေ့ နေတဲ့ စကားနဲပ ပြောရရင်တော့ ပရတ်မားတစ် (Pragmatic) ဖြစ်တယ်ပေါ့လေ။ သူတို့ဟာ သူတို့တော့ ဟုတ်တယ်ထင်နေတာပေါ့။ ဒါပေမယ့် အဲဒီ ပရတ်မားတစ် ဖြစ်တယ်၊ လက်တွေ့ ကျတယ်ဆိုတဲ့ စကားက ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း လက်ခံလိုက်ဆိုတဲ့ သဘောမှ မဟုတ်တာ၊ ဖြစ်နေတာကို ဖြစ်တဲ့အတိုင်း ရှုမြင်၊ အခြေကို အမှန်အတိုင်း သိအောင်လုပ်၊ ပြီးမှ ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကို လုပ်လို့ဆိုလိုတာ ဖြစ်တယ်။ အရှိကို အရှိတိုင်း ကျေနပ်နှစ်သိမ့် နေလိုက်မယ်ဆိုရင် တိုးတက်ပြောင်းလဲမှုဆိုတာ ဘယ်လိုလုပ် ရှိလာမှာလဲ။ ကျောက်ခေတ် အခြေအနေအတိုင်း ဂူအောင်းပြီး သားစိမ်း ငါးစိမ်းပဲ စားနေရတော့မှာပေါ့။ ရှေးလူကြီးတွေက စိတ်ကူးယဉ် အိပ်မက်တွေ မက်ခဲ့ ကြလို့သာ လူသားတွေ ဒီနေ့ အခြေအနေ အဆင့်အတန်းကို ရောက်ရှိနေကြတာ မဟုတ်လား။
**သမိုင်းဟာ ဒဿနပဲ**
သမိုင်းကိုတာ ဖြစ်စဉ်မှာ နမူနာတွေပြပြီး သင်ကြားပေးတဲ့ ဒဿနိကဗေဒ ဖြစ်တယ်။ ရှေးခေတ်ပညာရှင်ကြီး Thucydides ပြောခဲ့တဲ့ စကားအတိုင်း သမိုင်းကို လေ့လာခြင်းဟာ တွေးခေါ်ဆင်ခြင်ခြင်း ပညာရပ်ကို လေ့လာခြင်းဖြစ်ပါတယ်။ လူမှန်ရင် ကိုယ်ပိုင် အတွေးအခေါ် ဒဿနတစ်ခုရှိရပါမယ်။ ဒဿနဆိုတာ သမိုင်းကို လေ့လာမှု မပြုဘဲ မရနိုင်ပါဘူး။ ဒါကြောင့် အသိပညာကို တန်းဖိုးထားသူတိုင်း သမိုင်းကို ပစ်ပယ်လို့ မဖြစ်ပါဘူး။ အတိတ်ကို ပစ်ပယ်ခြင်းဟာ အသိဥာဏ် တံခါးကို ပိတ်ပစ်လိုက်ခြင်းပဲ ဖြစ်တယ်။
သမိုင်းဆိုတာ တိုးတက်မှုရဲ့ အဟန့်အတားဖြစ်တယ်။ လူတချို့အထူးသဖြင့် အမေရိကန် တချို့က အဲဒီလို ပြောလေ့ရှိပါတယ်။ ယဉ်ကျေးမှု သမိုင်းကြောင်း ထောင်ချီရှိခဲ့တဲ့ ဥရောပကို နောက်မှ ပေါ်လာတဲ့ ရွှေကြာပင် အမေရိကန်က အပြတ်အသတ် ကျော်ဖြတ်ပြီး စူပါ ပါဝါ နိုင်ငံကြီး ဖြစ်သွားတာကို ထောက်ပြကြတယ်။ ဥရောပက သမိုင်းကို သိပ်ဖက်တွယ်ထားလို့ နောက်ကျရတာလို့လည်း ပြောကြတယ်။
**အောက်ဆုံးတန်းမှာ တစ်နေရာ**
စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး၊ နည်းပညာရေးတို့မှာ အမေရိကန်က ကမ္ဘာပေါ်မှာ နံပါတ်ဝမ်းတစ်၊ ဂဏန်းတစ်၊ ဖြစ်တာ မှန်ပါတယ်။ ဒါပေမယ့် စိတ်ယဉ်ကျေးမှု အရာမှာတော့ ဥရောပနဲ့ပဲ ယှဉ်ယှဉ်၊ အာရှနဲ့ပဲ ယှဉ်ယှဉ်၊ အောက်ဆုံးတန်း တစ်နေရာမှာ ရှိနေတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ မူးယစ်ဆေးဝါး ပြဿနာ၊ ဒုစရိုက်လုပ်ငန်းကြီးတွေ ပြဿနာ၊ ရာဇ၀တ်မှုခင်းကြီးများ ပြဿနာ၊ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင် ပြဿနာ၊ လင်မယား ကွာရှင်းမှုနှုန်း မြင့်သထက် မြင့်နေတဲ့ ပြဿနာ၊ လမ်းပေါ်မှာ သေနတ်ကိုင် ရမ်းကားမှု ပြဿနာ စတဲ့စတဲ့ လူမှုရေး ကူးစက်ရောဂါဆိုးကြီး မှန်သမျှ အမေရိကန်က စခဲ့တာချည့်လို့ ပြောရင် မမှားပါဘူး။ ဒီနေ့ထိ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ အမေရိကန်လောက် မဆိုးသေးပါဘူး။ အီရတ်ကို အာဂန်နစ္စတန်တို့မှာ စစ်ပွဲကြီးတွေသာ ဖြစ်နေတာ လူသားတွေရဲ့ အကျင့်စရိုက် ပျက်စီးမှုမှာတော့ အမေရိကန်လို ကြီးကြီးမားမား မရှိပါဘူး။ အဲဒါကြောင့် သမိုင်းမရှိရင် ယဉ်ကျေးမှု မရှိဘူးလို့တောင် ပြောလိုက်ချင်ပါတယ်။
**၀တ္ထုဟာ သမိုင်းမဟုတ်**
သမိုင်းဟာ သိပ်ကိုအရေးကြီးပါတယ်။ ပစ်ပယ်လို့ လုံးဝမဖြစ်ပါဘူး။ လူတွေ ယဉ်ကျေးဖို့ သမိုင်းကို မဖြစ်မနေ လေ့လာရပါမယ်။ ဒါပေမယ့် စံနစ်တကျ လေ့လာတတ်ဖို့တော့ လိုပါတယ်။ တချို့က သမိုင်းနောက်ခံဝတ္ထုတွေ၊ ကိုယ်တိုင်ရေး အတ္ထုပ္ပတိ္တတွေနဲ့ ကိုယ်ရေးမှတ်တမ်းတွေကို သမိုင်းလို့ ထင်မှတ် မှားနေတတ်ပါတယ်။ ဒါတွေဟာ သမိုင်းလုံးဝ မဟုတ်ပါဘူး။ သမိုင်းနောက်ခံ ၀တ္ထုဟာ ၀တ္တုသာဖြစ်တယ်။ စာရေးဆရာရဲ့ အတ္တနောမတိနဲ့ ရေးဖွဲ့ထားတာဖြစ်လို့ အဖြစ်အပျက်တွေမှာ ပုံကြီးချဲ့တာ၊ မှေးမှိန်ဖျောက်ဖျက်ပစ်တာတွေ (အနုပညာသဘော လိုအပ်ချက်အရ) ပြုလုပ်ရပါတယ်။ ဒါကြောင့် အဖြစ်မှန်တွေကို မမှတ်ယူသင့်ပါဘူး။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိနဲ့ ကိုယ်ရေးမှတ်တမ်း ဆိုတာတွေဟာလည်း အားကိုးထိုက်တဲ့ အထောက်အထား မဖြစ်နိုင်ပါဘူး။
**အတ္တနောမတိလွှမ်း**
ဘာ့ကြောင့် ဒီလို ယတိပြန် ပြောသလဲဆိုတော့ ကမ္ဘာမှာ အင်မတန် ကျော်ကြားတဲ့ ဆာဝင်စတန်ချာချီ ရဲ့ ကိုယ်ရေးမှတ်တမ်းလို စာအုပ်ကြီးမှာတောင် ကိုယ်ရည်သွေးတာတွေနဲ့ သူများကို လက်ညှိုးထိုးတာတွေ ပြည့်နှက်နေအောင် တွေ့နေရတာကြောင့် ဖြစ်တယ်။ မြန်မာပြည်မှာ ဖတ်ရတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်တွေနဲ့ ကိုယ်ရေးမှတ်တမ်းဆိုတဲ့ စာအုပ်တွေ အများစုကလည်း အတ္တနောမတိ လွှမ်းမိုးနေတာ များပါတယ်။ တချို့ခပ်ညံ့ညံ့ လူတွေရေးတဲ့ မှတ်တမ်းတွေဆို အပြစ်မှန်သမျှ သူများပေါ် ပုံချပြီး ငါလိုလူ ဇမူမှာမရှိ ဆိုတာမျိုးတွေချည့်ပါပဲ။ အဲဒီလို စာအုပ်မျိုးတွေ ဖတ်ပြီး သမိုင်းလို့ ထင်မှတ်ရင်တော့ အချည်းနှီး ဖြစ်ရုံမကပါဘူး။ လူကောင်းကို လူဆိုးလို့ထင်ပြီး မသူတော်ကို လူကောင်းကြီးမှတ်ပြီးကိုးကွယ်ဆည်းကပ်သွားစေတဲ့ အန္တရာယ်တောင် အကြီးကြီး ရှိပါတယ်။
**သမိုင်းဆရာမှ စိတ်ချရ**
အဲဒါကြောင့် စံနစ်တကျ လေ့လာမှုဟာ ဘယ်နေရာမဆို အရေးကြီးပါတယ်။ မူရင်းကျမ်းကြီး၊ ကျမ်းခိုင်တွေကို မဖတ်ဖူးဘဲနဲ့ နိဒါန်းလို မိတ်ဆက်လို၊ အနှစ်ချုပ်လို စာအုပ်လောက်ဖတ်ပြီး ဂုရုကြီး ယောင်ဆောင် လူတွင်ကျယ်လုပ်ခဲ့ကြသူများကြောင့် မြန်မာ့နိုင်ငံရေး ရေစုန်မျောခဲ့ရတာ နှစ်ပေါင်း ၆၀ တောင် ကျော်ခဲ့ရတာ ဖြစ်တယ်။ အဲဒါကြောင့် စံနစ်တကျ လေ့လာဖို့ အရေးကြီးတယ်လို့ ပြောခဲ့တာပါ။ သမိုင်းကို စံနစ်တကျ လေ့လာမယ်ဆိုရင် စံနစ်တကျ လေ့လာသင်ကြားထားတဲ့ သမိုင်းပညာရှင်များရေးတဲ့ စာအုပ်တွေကို ဖတ်ရပါမယ်။ သမိုင်း ပညာရှင်ကမှ ဘယ်လို အချက်အလက်မျိုးက ခိုင်မာမှုရှိတယ်။ ဘယ်လို အချက်အလက်မျိုးက စိတ်မချရဘူး။ မယူသင့်ဘူးဆိုတာ စံနစ်တကျ လေ့လာသင်ယူထားတာ ဖြစ်ပါတယ်။ စာရေးဆရာရေးတဲ့ စာအုပ်က ရသကဲသလို၊ နိုင်ငံရေးသမားရေးတဲ့ စာအုပ်က ကိုယ်ရည်သွေးတွေ များလွန်းပါတယ်။ ပြီးတော့ ဘယ်ဟာက တန်ဖိုးရှိတဲ့ အချက်အလက် ဘယ်ဟာက အမှိုက်သရိုက် ဆိုတာကို စံနစ်တကျ လေ့လာသင်ယူထားတာ မဟုတ်လို့ စိတ်မချရပါဘူး။ သမိုင်းပညာရှင်ရေးတဲ့ စာအုပ်ဆိုတာတောင်မှ ဘယ်ခေတ် ဘယ်အခြေအနေမှာ ရေးတာလဲ ဆိုတဲ့အချက်ကို ဆန်းစစ်ကြည့်ဖို့ လိုပါသေးတယ်။
**ဇေယျာဆုပ် ခေါ်စေ**
နန်းမတော်မယ်နု တန်ခိုးထွားစဉ်အခါက စစ်ကိုင်းကလုပ်တဲ့ မုန့်တစ်မျိုး အနုဆုပ် ဆိုတာကို နု ပါနေလို့ မခေါ်ရဘူး။ ဇေယျာဆုပ် လို့ ခေါ်ခိုင်းတယ် ဆိုတာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒါကြောင့် စံနစ်တကျ သမိုင်း လေ့လာရေးဟာ အင်မတန် အရေးကြီး တယ်လို့ ထပ်လောင်း ပြောလိုက်ပါရစေ။ စာရေးဆရာတွေနဲ့ နိုင်ငံရေးသမားတွေရေးတဲ့ မှတ်တမ်းတွေဟာ စိတ်ချရတဲ့ သမိုင်း မဟုတ်ဘူးလို့လည်း သတိပြုစေချင်ပါတယ်။ ။
** လူထုဦးစိန်ဝင်း **
(၂၄၊ ၉၊ ၂၀၀၉၊ လူထုရနံ့ စာစုများမှ)
ဒီခေတ် လူငယ်တွေက သမိုင်းစာအုပ်မြင်ရင် နှာခေါင်းရှုံ့ပြတတ်ကြတယ်။ အဟောင်းအမြင်းတွေ ပြန်လှန်နေလို့ ဘာအကျိုးရှိမှာလဲ၊ လက်ရှိဖြစ်နေတာတွေကိုပဲ ကြည့်ပါလို့ ပြောလေ့ရှိတယ်။ သူတို့က အတိတ်ကို ပြန်မကြည့်ချင်သလို အနာဂတ်ကို လှမ်းမျှော်ကြည့်တာကိုလည်း မကြိုက်ကြဘူး။ စိတ်ကူးယဉ်နေလို့ အိပ်မက်တွေ မက်နေလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ပစ္စုပ္ပန်မှာ ဖြစ်နိုင်တာတွေကိုပဲ လုပ်လို့ဆိုကြတယ်။

No comments:
Post a Comment