ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာကြီးပူနွေးလာပြီး ၀င်ရိုးစွန်းဒေသတွေက ရေ ခဲပြင် တွေအရည်ပျော်မှုနှုန်း မြန်ဆန်လျက်ရှိပါသည်။ သမုဒ္ဒရာနဲ့ ပင်လယ်တွေရဲ့ မျက်နှာပြင်မြင့်တက်လာတာကြောင့် ကမ္ဘာ့မြို့ကြီးအချို့ဟာ ရေအောက်နစ်မြုပ်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်ရတော့မယ်လို့ သုတေသနပညာရှင်တွေက ပြောကြားနေပါတယ်။ လက်ရှိကမ္ဘာ့အပူချိန်မြင့်တက်မှုနှုန်းအတိုင်းသာ မြင့်မားနေရင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေ ၂၀ ထက်မမြင့်တဲ့ မြေအနေအထားပေါ်မှာ တည်ဆောက်ထားတဲ့ လန်ဒန်၊ နယူးယောက်၊ မွမ်ဘိုင်း၊ တိုကျိုမြို့ကြီးတွေရဲ့ အခြေအနေဟာ စိုးရိမ်စရာ အဖြစ် ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နယ်သာလန်၊ အင်္ဂလားဒေ့ရှ်နဲ့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွေရဲ့ မြေဧရိယာအစိတ်အပိုင်းအချို့လည်း ရေအောက်နစ်မြုပ်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ နောက်ပြီး ပစိဖိတ်ကျွန်းတွေနဲ့ နယူးအော်လန်ပြည်နယ် အစိတ်အပိုင်းတွေလည်း ရေအောက်ရောက်မယ့် အနေအထားရှိမယ်လို့ သုတေသနပညာရှင်တွေက ပြောကြားနေပါတယ်။ (အင်တာနက်)
** မော်ရိုကို၌ မိုးကြီးရေလွှမ်းမှုများဖြစ်၊ သေဆုံးသူ ၃၀ ခန့်ရှိ **
(ရာဘတ်၊ ဒီဇင်ဘာလ ၂-ရက်)
မော်ရိုကိုနိုင်ငံတွင် မိုးသည်းထန်ပြီး ရေကြီးမှုများကြောင့် သေဆုံးခဲ့ရသူ အနည်းဆုံး ၃၀ ရှိပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာလ ၁ ရက်နေ့၌ ပြောကြားသည်။ နိုင်ငံ၏ မြို့တော် ရာဘတ်မြို့တောင်ဘက် ဘို့ဇ်နစ်ကာအရပ်တွင် ဘတ်စ်ကားတစ်စီးသည် လမ်းချော်၍ မြစ်ရေစီးနှင့် မျောပါခဲ့ကြောင်း၊ ကားပေါ်၌ လိုက်ပါခဲ့သူ ၂၄ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ (အင်တာနက်)
** အင်ဂျင်လေအေးပေးပိုက် ချွတ်ယွင်း၍ တိုယိုတာကားများ ဈေးကွက်မှ
ပြန်သိမ်းမည် **
(တိုကျို၊ ဒီဇင်ဘာလ ၂ ရက်)
တိုယိုတာမော်တော်ကားကုမ္ပဏီမှ ထုတ်လုပ်သော ပရီရှုပ်မော်ဒယ်အမျိုးအစားကားစီးရေ ၆၅၀၀၀၀ ကို အင်ဂျင်လေအေးပေးပိုက် မှားယွင်းစွာ တပ်ဆင်ထားမှုကြောင့် ဈေးကွက်မှ ပြန်သိမ်းမည်ဖြစ်ကြောင်း ၄င်းကုမ္ပဏီက ဒီဇင်ဘာလ ၁ ရက်နေ့၌ ကြေညာသည်။ ထိုသို့ ဖြစ်ခြင်းမှာ မော်တော်ကားကို အလွန်တရာ ထိခိုက်ပျက်စီးစေနိုင်သည့်အနေအထားမဟုတ်သော်လည်း အပူလွန်ကဲမှုဖြစ်နိုင်ကြောင်း တိုယိုတာ ကုမ္ပဏီက ပြောကြားသည်။ (အင်တာနက်)
** ဗင်နီဇွဲလားခရီးသည်များ ရာသီဥတုဆိုးရွားမှုကြောင့် ပနားမားလေဆိပ်၌
သောင်တင်နေ **
(ပနားမားစီးတီး၊ ဒီဇင်ဘာလ ၂ ရက်)
ဗင်နီဇွဲလားနိုင်ငံ၌ ရာသီဥတုဆိုးရွားနေသဖြင့် ဗင်နီဇွဲလားခရီးသည် ၁၁၂ ဦး ပနားမားနိုင်ငံ တိုကူမင်နိုင်ငံတကာလေဆိပ်တွင် ၂၄ နာရီကြာ တည်းခိုစောင့်ဆိုင်းနေရတော့မည်ဖြစ်ကြောင်း လေဆိပ်ပြန်ကြားရေးရုံးက ဒီဇင်ဘာလ ၁ ရက်နေ့၌ ကြေညာသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **
** ရေအောက်နစ်မြုပ်နိုင်သော ကမ္ဘာ့မြို့ကြီးများ **

No comments:
Post a Comment