** ဗီယက်နမ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ကွန်မြူနစ်ပါတီခေါင်းဆောင် တိုက်တွန်း **
(ဟနွိုင်း၊ ဇန်န၀ါရီလ ၁၃ ရက်)
ဗီယက်နမ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ အာရုံစိုက် လုပ်ကိုင်သွားကြရမည်ဖြစ်ကြောင်း ဗီယက်နမ်ကွန်မြူနစ်ပါတီခေါင်းဆောင် နွန်ဒတ်မင်းက မြို့တော်ဟနွိုင်း၌ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် စတင်ကျင်းပသော ပါတီညီလာခံ၌ ပြောကြားလိုက်သည်။ (အင်တာနက်)
** ဂျပန်လေတပ်စွမ်းရည်မြှင့်တင်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီးတိုက်တွန်း **
(တိုကျို၊ ဇန်န၀ါရီလ ၁၃ ရက်)
တရုတ်နိုင်ငံက ၄င်း၏ ရေဒါရှောင်ကွင်းနိုင်သည့် တိုက်လေယာဉ်ကို ထုတ်ဖော်ပြသပြီးသည့်နောက်တစ်ရက်တွင် ဂျပန်နိုင်ငံက ၄င်း၏ လေတပ်စွမ်းပကားတိုးမြှင့်ရန်အတွက် အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်များကို ၀ယ်ယူသင့်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ရောဘက်ဂိတ်စ်က ပြောကြားသည်။ တရုတ်နိုင်ငံ၏ အင်အားအကြီးဆုံးပြိုင်ဘက်ဖြစ်သည့် ဂျပန်ကို လော့ဟိဒ်မာတင်မှ ထုတ်လုပ်သော အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်များကို ၀ယ်ယူခြင်းဖြင့် ၄င်း၏ လေတပ်စွမ်းပကားမြှင့်တင်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းခဲ့သည်။ (အင်တာနက်)
** အီတလီနိုင်ငံ အစ်သ်နေးမီးတောင် အချိန်တိုပေါက်ကွဲမှုဖြစ်ပွား **
(ရောမ၊ ဇန်န၀ါရီလ ၁၃ ရက်)
အီတလီနိုင်ငံ စစ္စလီကျွန်းရှိ အစ်သ်နေးမီးတောင်သည် ဇန်န၀ါရီလ ၁၂ ရက်နေ့က ပေါက်ကွဲမှုကြီးတစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်လှုပ်ရှားလာခဲ့ကြောင်း ယနေ့သတင်းများတွင် ဖော်ပြထားသည်။ အစ်သ်နေးမီးတောင်သည် နှစ်နာရီကြာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ တစ်ဦးတစ်ယောက်မျှ မရှိကြောင်း ကာတာနီးယားမြို့ မီးတောင်ဗေဒသိပ္ပံက ကြာသပတေးနေ့တွင် ပြောကြားသည်။ (အင်တာနက်)
** လက်ဘနွန်နိုင်ငံရေးပြဿနာကြောင့် နယ်စပ်ရှိ အစ္စရေးတပ်ဖွဲ့များ အသင့်ပြင်ဆင်ထား **
(ဂျေရုဆလင်၊ ဇန်န၀ါရီလ ၁၃ ရက်)
လက်ဘနွန်အစိုးရအဖွဲ့ပြိုကွဲပြီးနောက် ပေါ်ပေါက်နေသော နိုင်ငံရေးရှုပ်ထွေးမှုများသည် နှစ်နိုင်ငံနယ်စပ်၌ အကြမ်းဖက်မှုများအသွင် ပြောင်းလဲလာဖွယ်ရှိခြင်းကြောင့် အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ တပ်ဖွဲ့ဝင်များကို အစ္စရေးအစိုးရက ကြာသပတေးနေ့တွင် အသင့်အနေအထား ပြင်ဆင်ထားရှိကြောင်း သတင်းများတွင် ဖော်ပြသည်။ (အေပီ)
** ဘရာဇီး၌ ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများကြောင့် ၃၇၉ ဦးသေဆုံး **
(ကရက်ဆိုပိုလစ်၊ ဇန်န၀ါရီလ ၁၃ ရက်)
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း၌ ၄၄ နှစ်တာကာလအတွင်း အဆိုးရွားဆုံးသော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုင်မှုများနှင့် ရေကြီးမှုများဖြစ်ပွားခဲ့ရာ ရီယိုဒီဂျနေးရိုးပြည်နယ်နှင့် ဆော်ပေါ်လိုပြည်နယ်များ၌ အနည်းဆုံးလူ ၃၇၉ ဦးသေဆုံး၍ ၄၆၀၀၀ အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း ယနေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** ပင်လယ်ကွေ့စစ်ပွဲနောက်ပိုင်း ကူဝိတ်ဝန်ကြီးချုပ် အီရတ်သို့ ပထမဆုံးအကြိမ် ရောက်ရှိ **
(ဘဂ္ဂဒက်၊ ဇန်န၀ါရီလ ၁၃ ရက်)
ကူဝိတ်ဝန်ကြီးချုပ် ရှိတ်နက်ဆာမိုဟာမက် အယ်လ်-အာမက် အယ်လ်ဆာဘားသည် ၁၉၉၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သော ပင်လယ်ကွေ့စစ်ပွဲနောက်ပိုင်း အီရတ်နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ဇန်န၀ါရီလ ၁၂ ရက်နေ့က ရောက်ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** မြေငလျင်လေ့လာရေး မြေအောက်သုတေသနစခန်း အိန္ဒိယနိုင်ငံ မဟာရာရှတြာပြည်နယ်၌ တည်ထောင်မည် **
(နယူးဒေလီ၊ ဇန်န၀ါရီလ ၁၃ ရက်)
အိန္ဒိယသိပ္ပံပညာရှင်များသည် မြေငလျင်များအား လေ့လာနိုင်ရန် ရည်မှန်းချက်ကြီးမားသော စီမံကိန်းတစ်ရပ်အဖြစ် မြေငလျင်လေ့လာရေး သုတေသနစခန်းတစ်ခုကို မြေအောက်၌ တည်ဆောက်မည်ဖြစ်ကြောင်း အစိုးရအထက်တန်း တာဝန်ရှိသူတစ်ဦးက ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ပြောကြားသည်။ အိန္ဒိယနိုင်ငံ မဟာရာရှတြာပြည်နယ်ရှိ ကိုယာနာဆည်အနီး၌ မြေအောက်အနက် ရှစ်ကီလိုမီတာအထိ ဥမင်တွင်းတစ်တွင်းကို တူးဖော်ရန် သိပ္ပံပညာရှင်များက စီစဉ်ထားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- သတင်းလုလင် **

No comments:
Post a Comment