** စပိန်၌ ဆေးလိပ်သောက်သုံးမှု တားမြစ် **
(မက်ဒရစ်၊ ဇန်န၀ါရီလ ၃ ရက်)
စပိန်နိုင်ငံတစ်ဝန်း စားသောက်ဆိုင်များ၊ စာသင်ကျောင်းပရ၀ဏ်များ၊ ဆေးရုံများနှင့် ကော်ဖီဆိုင်များတွင် ဆေးလိပ်သောက်သုံးခြင်းမပြုရန် စပိန်အာဏာပိုင်များက ဇန်န၀ါရီလ ၃ ရက်နေ့၌ အမိန့်ထုတ်ပြန်လိုက်သည်။ စပိန်နိုင်ငံတွင် ဆေးလိပ်မသောက်သုံးရန် ၂၀၀၆ ခုနှစ်ကပင် ဥပဒေရေးဆွဲထားခဲ့မှုကို ယခုအခါ အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်။ (အင်တာနက်)
** မာရှယ်ကျွန်းကမ်းလွန်၌ သင်္ဘောတစ်စင်းနစ်မြုပ် သင်္ဘောသား ၂၀ ပျောက်ဆုံး **
(၀ယ်လ်လင်တန်၊ ဇန်န၀ါရီလ ၃ ရက်)
နယူးဇီလန်နိုင်ငံကမ်းလွန် မာရှယ်ကျွန်းစုရှိ မာဂျူရိုမြို့မှ ကီလိုမီတာ ၁၃၀ ခန့်အကွာ ရေပြင်၌ ဇန်န၀ါရီလ ၂ ရက်နေ့က သင်္ဘောတစ်စင်းနစ်မြုပ်ခဲ့ရာ သင်္ဘောသား ၂၀ ပျောက်ဆုံးလျက်ရှိကြောင်း နယူးဇီလန်မီဒီယာများက ဖော်ပြသည်။ ၄င်း သင်္ဘောမှာ အရှည် ၂၇ မီတာရှိပြီး စာသင်ကျောင်းတစ်ကျောင်း ဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်လာသော သင်္ဘောဖြစ်သည်ဟု ဆိုသည်။ (ဆင်ဟွာ)
** သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်၌ ရေလွှမ်း **
(ဆစ်ဒနီ၊ ဇန်န၀ါရီလ ၃ ရက်)
သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်တွင် ဇန်န၀ါရီလ ၃ ရက်နေ့က လေပြင်းမုန်တိုင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေလွှမ်းမှုများဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူ ၂၀၀၀၀၀ ကျော် ရေဘေးဒုက္ခကြုံတွေ့နေရကြောင်း သြစတြေးလျအရာရှိများက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **

No comments:
Post a Comment