ကျွန်တော်နဲ့ သန်းဝင်းတို့ဟာ စစ်အာဏာရှင် စံနစ်ကို တစိုက်မတ်မတ် တိုက်ခိုက်လာခဲ့ကြသူတွေ ဖြစ်တယ် ဆိုတာ ဘယ်သူ့မှ မငြင်းနိုင်ဘူး။ ဒါကို မဏ္ဍာပ်တိုင် တက်ပြနေစရာမလိုဘူး သမိုင်းက ရှိပြီးသားဖြစ်သည်။
ယခုငြင်းခုံနေကြတာက ရခိုင်ပြည်နယ်ခွဲထွက်ဘို့ လုပ်နေခြင်း၊ ဗမာတွေကို ကိုလိုနီဝါဒ လက်ကိုင်ထားတဲ့ သူတွေလို့ တိုက်ခိုက်နေခြင်းကို ရှင်းနေခြင်းသာဖြစ်သည်။
ဒီလိုကိစ္စမှာ ကျွန်တော်တို့ဟာ စစ်အစိုးရဘက်ကနေ တိုက်နေတယ်ဆိုပြီး စစ်အစိုးရနဲ့ ပူးပေါင်းသူများအဖြစ် ထွေးရောယှက်တင် ရေးသားပြီး လုံးချနေတာဟာဖြင့် အတော့ကို ရီစရာကောင်းနေတယ်လို့ မြင်မိပါသည်။ ဒါကြောင့် ပြဿနာကို ရှင်းရှင်းလင်းလင်းနဲ့ ဆွေးနွေးစေလိုသည်။ အတွေးအခေါ်ရှိရှိ အမြင်ကျယ်ကျယ်နဲ့ ကြည့်မှ အဓိက သဘောထားကွဲလွဲမှုကို မြင်နိုင်ပါသည်။ စစ်အစိုးအရကို တိုက်နေတာချင်း အတူတူပင်ဖြစ်သည်။ ထို့ကြောင့် ငါတို့က တိုက်သည် မင်းတို့က ပေါင်းနေသည်ကို ဒီနေရာတွင် လုပ်ကြံရောထွေးပြီး မရေးဘို့လိုပါသည်။ကဲ... မတူသည်က ရခိုင်ပြည်ထူထောင်ရေး၊ ခွဲထွက်ရေးကိစ္စဖြစ်သည်။ အချိန်ရောက်ပလား၊ အင်အားဘယ်လောက် ရှိပြီလဲ၊? ရခိုင်တပ်မတော်ကြီး တည်ထောင်ပြီးပြီလား? ။ ရခိုင်ပြည်က ခွဲထွက်ဘို့ မပြောနှင့် ရွေးကောက်ပွဲဝင်သည့် ရခိုင်အမတ်တွေကို လွှတ်တော်ထဲ မဝင်ဘို့၊ မတက်ဘို့ကိုကော မိမိတို့မှာ ပြောနိုင်ခွင့်၊ တားနိုင်ခွင့် ရှိရဲ့လား၊ မိမိကိုယ်ကို မလိမ်မညာဘဲ မေးစမ်းပါ။
တိုင်းပြည်တခုက ခွဲထွက်ဘို့ ဆိုတာ ပြည်သူထောက်ခံမှုရှိဘို့၊ နောက်အင်အားကြီးမားတဲ့ ရန်သူကို တိုက်နိုင်ဘို့ လက်နက်ခဲယမ်းမီးကျောက် လိုပါသည်။ ဒါကြောင့် အသံကြောင် ဖါးသေ မဖြစ်ဘို့၊ မိမိပြည်သူကို မိမိရောဂါထမှုကြောင့် သေတွင်းမပိုဖြစ်ဘို့ လိုပါသည်။ တိုက်ဂါးညောင်ရွှေရဲ့ ဥပမာကိုကြည့်ပါ။ ရှမ်းနိုင်ငံတော် သမ္မတကြီးအဖြစ် ကြေငြာလိုက်တဲ့ ရလာဒ်ဟာ ရှမ်းနိုင်ငံတော် ပေါ်မလာဘဲ ရှမ်းပြည်သူ ရွာသူရွာသားတွေ ယိုးဒယားနိုင်ငံထဲကို စစ်ပြေး ဒုက္ခသည်တွေ အဖြစ် ပြေးဝင်လာရသလို၊ ရခိုင်ပြည်သူတွေ သူတို့ မုန်းတဲ့ ဘင်္ဂါလီတွေဆီကို ထွက်ပြေးရတာမျိုး မဖြစ်စေနဲ့လို့ဘဲ ပြောလိုက်ပါရစေ။ လုပ်နိုင်လို့ လုပ်ရင် မတားပါ။ သင်္ကြန်အမြောက် မဖြစ်ဘို့လိုပါသည်။
ရခိုင်ပြည်ဟာ ဗမာကိုလိုနီလို့ ပြောနေသူတွေ သိဘို့က ဗမာတွေက ရခိုင်တွေ၊ မွန်တွေ၊ ရှမ်းတွေကို သူတို့ ကျွန်တွေလို့ ဘယ်တုန်းကမှ သဘောမထားခဲ့ဘူး၊ ပြည်မကို တိုင်းရင်းသားတွေ ရွှေ့လာပြီး၊ နေလဲရတာဘဲ ငါတို့ လူမျိုးတွေလို့ဘဲ သဘောထားတယ်။ စိုင်းထီးဆိုင် အဆိုကောင်းတော့လဲ ဝိုင်းပြီးအားပေးကြတယ်၊ ရှမ်းဖြစ်လို့ဆိုတဲ့ စိတ်မထားဘူး။ ဗမာပြည်သူတွေ စိတ်ထဲမှာ ငါတို့က သခင်ဆိုတဲ့ စိတ်မထားဘူး အဲဒီလိုဘဲ အင်္ဂလိပ်လက်အောက်မှာလဲ ကျွန်စိတ်မထားဘဲ သခင်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်းဆိုတဲ့ သခင်စိတ်နဲ့ နံမည်တွေ မှည့်ခဲ့ကြတယ်၊ ဒါပေမယ့် အစွန်းရောက် ရခိုင်တွေက သူတို့ကိုယ်သူတို့ ကျွန်ဖြစ်တယ်လို့ အခုထိ ယူဆနေကြတယ်။ အခုထိ ကျွန်အဖြစ် ခံစားနေရတယ်။ ကျွန်တော့်အနေနဲ့ သန်းဝင်းဟာ ရခိုင်လူမျိုးဖြစ်တယ်၊ ကိုတင်မောင်ဦးဟာ ချင်းလူမျိုးဖြစ်တယ်၊ ငါတို့ဟာ သခင်တွေဖြစ်တယ်။ ဒီကောင်တွေဟာ ငါတို့ရဲ့ ကျွန်တွေဖြစ်တယ်ဆိုတဲ့ စိတ်တခါမှ မပေါ်ခဲ့ဖူးပါ။ သူတို့ဟာ ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက်၊ သေဖော် သေဖက် ရဲဘော်တွေဖြစ်တယ်ဆိုတဲ့ အသိဘဲရှိတယ်။ တဦးကို တဦး လေးစားတယ်၊ ယုံကြည်တယ်၊ ကျွန်တော်တို့အားလုံးကို ကျွန်ပြုထားတဲ့ စစ်အာဏာရှင် စံနစ်ကို တိုက်ဘို့ဘဲ မြင်တယ်။ စစ်အာဏာရှင် စံနစ်ဟာ မြန်မာပြည်တွင်း လူမျိုးအားလုံး၊ ဗမာတွေ အပါအဝင်ကို ကျွန်ပြုထားတာလို့ ရှင်းရှင်းမြင်တယ်။ အဲဒီလို မမြင်ဘဲ လူမျိုးရေးတခုတည်းကို ကြည့်ပြီး ဗမာမုန်းတီးရေး၊ ဗမာတွေဟာ ငါတို့ကို ကျွန်ပြုထားတယ်ဆိုတဲ့ အမြင်နဲ့ အဓိကရန်သူပျောက်ပြီး လူမျိုးရေး မုန်းတီးမှုကို ဖန်တီးနေမယ်ဆိုရင် အကျိုးဆက်က ရခိုင်လူမျိုးများ စစ်တလင်းမှာ မြေဇာပင်ဖြစ်ဘို့ ကိန်းရှိတာကို သတိပြုမိကြဘို့ လိုသည်။
ထို့ကြောင့် အတိတ်က ရွှေထီးဆောင်းခဲ့တာကို တမ်းတမနေဘဲ ယနေ့ရခိုင်ပြည်နယ်ရှိ ပြည်သူတွေ ဘဝလုံခြုံရေး၊ လူ့ခွင့်အရေး အပြည့်အဝရရှိနိုင်သည့် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးအတွက် ဒုတိယပင်လုံ ညီလာခံဖြစ်မြောက်ရေးကို အာရုံစိုက်ကြဘို့ တိုက်တွန်းလိုက်ပါကြောင်း။
**ထွန်းအောင်ကျော်**

No comments:
Post a Comment