** ဆင်းရဲသား သက်ကြီးရွယ်အို အမေရိကန်ဦးရေ မြင့်တက်လာ **
(၀ါရှင်တန်၊ ဖေဖော်ဝါရီလ ၁ ရက်)
အမေရိကန်အစိုးရက နောက်ဆုံးထုတ်ပြန်သည့် စစ်တမ်းတွင် သက်ကြီးရွယ်အိုခြောက်ဦးအနက် တစ်ဦးသည် ဆင်းရဲနွမ်းပါးမှုအနိမ့်ဆုံးဟု သတ်မှတ်ထားသည့် အဆင့်အောက်တွင် ဘ၀ရပ်တည်နေရကြောင်း ဖော်ပြထားသည်။ ယင်းအချက်သည် အမေရိကန်နိုင်ငံသား ၁၆ ရာခိုင်နှုန်းမှာ ဆင်းရဲစွာနေထိုင်ကြရသည်ဟု အဓိပ္ပာယ်သက်ရောက်ကြောင်း အမေရိကန်သန်းခေါင်စာရင်းဌာနက တနင်္လာနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ရေးသားသည်။ (အင်တာနက်)

** တရုတ်- ထိုင်း ဆက်သွယ်မည့်ရထားလမ်း လာအိုပါဝင်ဖောက်လုပ်မည် **
(ဗီယန်ကျင်း၊ ဖေဖော်ဝါရီလ ၁ ရက်)
လာအိုနိုင်ငံသည် တရုတ်နှင့် ထိုင်းနိုင်ငံတို့ဆက်သွယ်မည့် အမြန်ရထားလမ်းဖောက်လုပ်မှုလုပ်ငန်းတွင် ဧပြီလ၌ စတင်ပါဝင်ရန်စီစဉ်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းမီဒီယာက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ၄၈၁ ကီလိုမီတာအရှည်ရှိ ရထားလမ်းသစ်စီမံကိန်း၏ ဖြစ်တန်ခြေအကျိုးသက်ရောက်မှုများကို လေ့လာနိုင်ရန် အကြံပြုတင်ပြရေးအဖွဲ့က အစိုးရကညွှန်ကြားထားကြောင်း အဆိုပါအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗီဆူနာလတ်က ဗီယန်ကျင်းတိုင်းမ်စ်သတင်းစာသို့ ပြောကြားသည်။ (အင်တာနက်)
** တိုက်ခိုက်ရေး ရေငုပ်သင်္ဘောသစ် ရုရှားရေတပ်လက်ခံရရှိမည် **
(မော်စကို၊ ဖေဖော်ဝါရီလ ၁ ရက်)
ရုရှားရေတပ်သည် ယခုနှစ်ကုန်ထက်နောက်မကျဘဲ ညူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘောတစ်စင်းကို လက်ခံရရှိမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြောကြားသည်။ အဆိုပါ ရေငုပ်သင်္ဘောကို ဆီဗာမက်ရှ်သင်္ဘောကျင်း၌ တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ရာ ပင်လယ်ပြင်အတွင်း စမ်းသပ်ခုတ်မောင်းမှုကို မေလတွင် ပြုလုပ်မည်ဖြစ်ကြောင်း မာလာကစ်ဒီဇိုင်းထုတ်လုပ်ရေး ဗျူရိုပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ (အင်တာနက်)
** လက်ဘနွန်နယ်စပ်အနီး အစ္စရေးတပ်ဖွဲ့များ ပြန်လည်တပ်စွဲ **
(လက်ဘနွန်၊ ဖေဖော်ဝါရီလ ၁ ရက်)
အစ္စရေးနိုင်ငံသည် ၄င်း၏ တပ်ဖွဲ့များကို လက်ဘနွန်နိုင်ငံတောင်ပိုင်း နယ်စပ်အနီးတွင် ပြန်လည်တပ်စွဲထားပြီး လက်ဘနွန်ရှေကတန်းစစ်မျက်နှာကို ထောက်လှမ်းခြင်းအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း အင်္ဂါနေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- သတင်းလုလင် **

No comments:
Post a Comment