**Public Health**
အမ်ပီသရီး၊ အမ်ပီဖိုး၊ အိုင်ပေါ့၊ စီဒီတို့ အား အသံကျယ်လောင်စွာဖွင့်၍ သီချင်းနားထောင်ခြင်းသည် နားအတွင်းပိုင်းရှိ အာရုံခံ ဆဲလ်များ ပျက်စီးသွားစေနိုင်သည်ဟု နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဒေါက်တာဝင်းထိုက်ကြည်က ပြောကြားသည်။
"အဲလိုကျယ်လောင်တဲ့အသံကို နားထောင်ပြီးတဲ့အခါ နားအူလာမယ်။ စကားပြောသံကို မသဲမကွဲခဏဖြစ်မယ်။ ခဏနေရင် ပြန်ကောင်းရင် ကောင်းနိုင်တယ်။ အဲလို ခဏခဏ ဖြစ်ပါများရင် မကောင်းဘဲနဲ့ တောက်လျှောက် နားလေးသွားတတ်တယ်။အဓိကက အသံကျယ်လို့ဖြစ်တာ"ဟု ၎င်းက ဆိုသည်။
"ပုံမှန် အသံကတော့ ဘယ်လောက် ကြားကြား ဒုက္ခမပေးဘူး။ အသံကျယ်ရင်တော့ ကျယ်သလောက် ဒုက္ခပေးတယ်။ ဥပမာ စက်သေနတ်တွေ၊ အမြောက်ပစ်သံတွေကြောင့် စက္ကန့်ပိုင်းအတွင်း နားထိသွားနိုင်တယ်"ဟု ဒေါက်တာဝင်းထိုက်ကြည်က ပြောသည်။
နားထဲတွင် နားကြပ်ထည့်ပြီး သီချင်းနားထောင်နေသည်မှ လျှံထွက်လာသော တိုးတိုးအသံအား တခြားတစ်ယောက်က သုံးပေခန့် အကွာမှ ကြားနိုင်သည်ဆိုပါက နားထောင်သော သူကို ဒုက္ခပေးနိုင်သောအသံဟု သတ် မှတ်နိုင်သည်။

"အမ်ပီသရီး၊ အမ်ပီဖိုးတို့ကျတော့ စက္ကန့်ပိုင်းနဲ့တော့ နားမထိဘူး။ ဒါပေမယ့် အသံအဆုံးထိကို တစ်နာရီ၊ နှစ်နာရီ နားထောင်တယ် ဆိုရင်တော့ နား ထိနိုင်တယ်။ အဓိကကတော့ နားလေးမယ်။ နားအူမယ်။ နားထဲမှာ လေသံတွေ ကြားနေရမယ်။ ခေါ်တာ ပြောတာကို ရုတ်တရက် မကြားရတာတွေ ဖြစ်တတ်တယ်။ သီချင်းတွေ ဘာတွေ နားထောင်ပြီးလို့ သူငယ်ချင်းကို စကား လှည့်ပြောတဲ့အခါ စကားသံကို သဲသဲကွဲကွဲ မကြားရတာ။ နားထောင်နေတဲ့ အခါ လှမ်းခေါ်တာ မကြားရတာ။ နားကြပ်ဖြုတ်ပြီး နားထောင်တဲ့အခါမှာ လည်း မကြားရတာ။ ဒါမျိုးတွေဖြစ်လာ ပြီဆိုရင်တော့ ဒီအသံဟာ ကိုယ့်ကို ဒုက္ခပေးတဲ့အသံပဲ"ဟု ဒေါက်တာ ၀င်းထိုက်ကြည်က ပြောသည်။
အခြားအကြောင်းအရာများထက်စာလျှင် အသံကျယ်လောင်စွာ နားထောင်ခြင်းက နားအတွင်းရှိ အာရုံခံဆဲလ်များကို ပိုမိုပျက်စီးစေ နိုင်သည်ဟု ၎င်းက ပြောသည်။
ဆူညံသည့်နေရာများတွင် အလုပ်လုပ်သူများတွင် အသံကြောင့် နားကို အန္တရာယ်ဖြစ်စေနိုင်၍ အထူးဂရုစိုက်သင့်ကြောင်း ဒေါက်တာ ၀င်းထိုက်ကြည်က ပြောသည်။
အကြားအာရုံချို့ယွင်း၍ နားကို စက်ဖြင့် စမ်းသပ်ကြည့်ချိန်တွင် အသံကို တုံ့ပြန်မှုမရှိတော့ပါက နားကြား ကိရိယာတပ်လျှင်ပင် မကြားနိုင်သည့် အခြေအနေသို့ ရောက်နိုင်ကြောင်း ၎င်းက သတိပေးပြောကြားသည်။
အသံကြောင့်ဖြစ်သည့် နားရောဂါသည် ကာကွယ်၍သာရပြီး ကုသ၍မရသည့်အတွက် ကြိုတင်ပြီး ဆင်ခြင်သင့်ကြောင်း၊ ဟန်းဖုန်း ပင်ဖြစ်စေ စပီကာ ဖွင့်ပြီး နားနား ကပ်နားထောင်ခြင်းသည် နားကိုဒုက္ခပေးတတ်ကြောင်း၊ ကျယ်လောင်သည့်အသံကို တစ်နာရီထက် ပိုနားမထောင်သင့်ကြောင်း ၎င်းက အကြံပြုသည်။
"တတ်နိုင်ရင် ပုံမှန်အသံပဲ နားထောင်တာ ကောင်းတယ်။ အထူးသဖြင့် ဈေးတွေထဲမှာ အသံဆူတော့ ပုံမှန်အသံမှာ နားထောင်ရတာ အား မရဘူး။ အားမရတော့ ချဲ့လိုက်တော့ အသံက တအားကျယ်သွားတယ်။ အဲဒီ အခါမျိုးမှာ နားကို ပိုထိသွားတတ်တယ်။ နား ထောင်တဲ့အသံက တအားကျယ်ရင် တစ်နာရီထက် ပိုနားမထောင်သင့်ဘူး" ဟု ၎င်းက ပြောကြားသည်။
ဗိုင်းရပ်စ်ပိုးကြောင့်၊ စားဆေး ထိုးဆေးများကြောင့်၊ အသံနှင့် သွေးတိုး ဆီးချိုရောဂါများကြောင့် နားလေးခြင်း ဖြစ်နိုင်ပြီး ဆီးချိုရောဂါ ရှိပါက ကျယ်လောင်သည့် အသံများ နားမထောင်ရန် ပိုမိုဂရုစိုက်သင့်သည်။
**သဲသဲထွေး**
အတွဲ ၂၆၊ အမှတ် ၅၀၄ (၄-၁၀ ၊ ၂ ၊ ၂၀၁၁)

No comments:
Post a Comment