** အင်အားပြင်းထန်သော ယာဆီဆိုင်ကလုန်းမုန်တိုင်း သြစတြေးလျ၌ တိုက်ခတ် **(ဆစ်ဒနီ၊ ဖေဖော်ဝါရီလ ၂ ရက်)
ယာဆီအမည်ရှိ အင်အားပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းတစ်ခုသည် သြစတြေးလျနိုင်ငံ အရှေ့မြောက်ကမ်းခြေဒေသို့ ဗုဒ္ဓဟူးနေ့ ညပိုင်းက ၀င်ရောက်တိုက်ခတ်ခဲ့ကြောင်း သိရသည်။ သြစတြေးလျနိုင်ငံ၏ သမိုင်းတစ်လျှောက် ကြုံတွေ့ဖူးသမျှ အင်အားပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်းများထဲတွင် ဆိုင်ကလုန်းယာဆီလည်း ပါဝင်သည်။ (ရိုက်တာ)

** အာဖဂန်နစ္စတန်၌
ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် တာလီဘန်အဖွဲ့ သဘောတူလာဖွယ်ရှိသည်ဟု မျှော်လင့်ရ **
(ကဘူး၊ ဖေဖော်ဝါရီလ ၂ ရက်)
အာဖဂန်နစ္စတန်နိုင်ငံ၌ သူပုန်ထမှုအဆုံးသတ်စေရေးအတွက် တာလီဘန်အဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် သဘောတူလာဖွယ်ရှိသည်ဟု မျှော်လင့်ရကြောင်း ဖေဖော်ဝါရီလ ၂ ရက်နေ့သတင်းတွင် ဖော်ပြသည်။ (အင်တာနက်)
** လက်နက်ကိုင်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့အင်အားခိုင်မာရေး အာဖဂန်နစ္စတန်နိုင်ငံကို
ရုရှားအကူအညီပေးမည် **
(ကဘူး၊ ဖေဖော်ဝါရီလ ၂ ရက်)
အာဖဂန်နစ္စတန်နိုင်ငံ၌ အင်အားခိုင်မာတောင့်တင်းသော လက်နက်ကိုင်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့မရှိပါက အမှန်တကယ် လွတ်လပ်မှုရှိပြီး မိမိကိုယ်မိမိ ရပ်တည်နိုင်သောနိုင်ငံအဖြစ် ပေါ်ထွန်းလာနိုင်မည်မဟုတ်ကြောင်း မြို့ကဘူးရှိ ရုရှားသံအမတ်ကြီး အင်ဒရေအဗီတစ်ယန်းက `ရုရှားအသံ´အမည်ရှိ အသံလွှင့်ဌာန၏ လူတွေ့မေးမြန်းခန်းတွင် ပြောကြားသည်။ (အင်တာနက်)
** အိန္ဒိယ၌ ရထားခေါင်မိုးမှစီးနင်းသူ ၁၈ ဦး ခုံးကျော်တံတားနှင့် တိုက်မိကာ သေဆုံး **
(လပ်ခနောင်း(အိန္ဒိယ) ဖေဖော်ဝါရီလ ၂ ရက်)
ရထားခေါင်မိုးပေါ်တွင် လိုက်ပါစီးနင်းလာသည့် အလုပ်ရှာသူလူငယ် ၁၈ ဦးတို့သည် အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ခုံကျော်တံတားတစ်ခုနှင့်တိုက်မိပြီး သေဆုံးခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြောကြားသည်။ ယင်းဖြစ်ရပ်ကြောင့် ဥတာပရာဒေ့ရှ်ပြည်နယ်မြို့တော် လပ်ခနောင်းအနောက်တောင်ဘက် ကီလိုမီတာ ၁၈၀ ခန့်အကွာရှိ ဘာရယ်လီမြို့၌ တပ်သားသစ်စုဆောင်းမှုကို ဆိုင်းငံ့ထားရန် အိန္ဒိယ-တိဘက်နယ်ခြားစောင့်တပ်ဖွဲ့က ဆုံးဖြတ်ခဲ့သည်။ (ဆင်ဟွာ)
** ပါကစ္စတန်အနောက်မြောက်ပိုင်း၌ ဗုံးပေါက်ကွဲ လေးဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ **
(ပက်ရှ်ဝါ၊ ဖေဖော်ဝါရီလ ၂ ရက်)
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့ရှိ ရဲစခန်းတစ်ခုအနီးတွင် ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားရာ လူလေးဦးထက်မနည်း သေဆုံး၍ ရှစ်ဦးဒဏ်ရာရရှိသွားကြောင်း ဒေသန္တရ သတင်းအရင်းအမြစ်များတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းက ရဲစခန်းဟောင်းရှေ့ဘက်၌ ယင်းပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်။ ထိုနေရာသို့ ရဲတပ်ဖွဲ့က ပိတ်ဆို့လိုက်ပြီး ရှာဖွေစုံစမ်းမှုများ စတင်ပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူက ပြောကြားသည်။ (အင်တာနက်)
** ကိုလံဘီယာ၌ ကျောက်မီးသွေးတွင်း ပေါက်ကွဲ မိုင်းလုပ်သား ငါးဦးထက်မနည်း သေဆုံး **
(ဘိုဂိုတာ၊ ဖေဖော်ဝါရီလ ၂ ရက်)
ကိုလံဘီယာနိုင်ငံတွင်းရှိ ကျောက်မီးသွေးတွင်းများ၊ သတ္တုတွင်းများ၌ ပေါက်ကွဲမှုဖြစ်ရပ်များမကြာခဏဖြစ်ပွားလေ့ရှိသဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရန် အစိုးရက သတိပေးခဲ့ပြီးနောက် မကြာမီရက်ပိုင်းအတွင်း ကျောက်မီးသွေးတစ်တွင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရသည်။ (အင်တာနက်)
** အင်ဒိုနီးရှား၌ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွား **
(ဂျကာတာ၊ ဖေဖော်ဝါရီလ ၂ ရက်)
အင်ဒိုနီးရှားနိုင်ငံ ဂျမ်ဘီပြည်နယ်၌ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားလျက်ရှိကြောင်း၊ ကာရင်ဆီဒေသတွင် ရောဂါမပြန့်ပွားရေးအတွက် ကြက်ကောင်ရေ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ရကြောင်း ကွမ်းပတ်အွန်လိုင်းသတင်းက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရေးသားဖော်ပြသည်။ (ဆင်ဟွာ)
** စုစည်းဘာသာပြန်- မောင်မောင်ထွေး **
** အင်အားပြင်းထန်သော ယာဆီဆိုင်ကလုန်းမုန်တိုင်း သြစတြေးလျ၌ တိုက်ခတ် **
(ဆစ်ဒနီ၊ ဖေဖော်ဝါရီလ ၂ ရက်)

No comments:
Post a Comment