ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, March 1, 2011

မြန်မာ အိမ်ထောင်ရှင်များ၏ အားနည်းချက်

>
ခေါင်းစဉ်ပါ မိမိ၏ အမြင်ကို တင်ပြရာတွင် စာဖတ်သူ အများစု၏ သဘောထား အမြင်နှင့် ကွဲလွဲကောင်း ကွဲလွဲ ပါလိမ့်မည်။ မိမိ၏ မိတ်ဆွေများနှင့် မိမိတို့ ဤအကြောင်း အရာပါ ကိစ္စများကို ဆွေးနွေးဖူးရာတွင် မိမိ၏ အမြင်ကို အများအားဖြင့် သဘောကျ ထောက်ခံကြသော်လည်း မိမိအနေဖြင့် အများကို တင်ပြ ဆွေးနွေးရန်မှာမူ ဆိုင်းတွနေခဲ့သည်။ အကြောင်းမှာ တစ်စုံတစ်ဦး၏ အားနည်းချက်ကို အခြား တစ်စုံ တစ်ဦးက ထောက်ပြပါမူ အားနည်းချက် ရှိသူအနေဖြင့် ထောက်ပြသူကို အထင်မှား အမြင်မှား ဖြစ်ဖို့ရန်မှာ အခွင့်အလမ်းများစွာ ရှိတတ်ခြင်းနှင့်၊ တိတိပပ ရေရေရာရာဖြင့် စကားအသုံးအနှုံး မှန်မှန်ကန်ကန် ရှိပါမှ ထောက်ပြသူ၏ စေတနာနှင့် ထောက်ပြချက်ကို မြင်နိုင်တတ်သည့် သဘောရှိတတ်သောကြောင့် ဖြစ်ပေသည်။

သို့ရာတွင် ယနေ့ မိမိအနေဖြင့် ဤအကြောင်းကို ဤနေရာတွင် ရေးသားတင်ပြ ဆွေးနွေးရန် အကြောင်းဖြစ်လာသည့် အကြောင်းရင်းမှာ – သြစတေးလျနိုင်ငံတွင် မြန်မာ အိမ်ထောင်ရှင် မိသားစုများ အများအပြားရှိကြသည့်အနက်၊ သူတို့သည် အများအားဖြင့် အိမ်ထောင်ရေး မသာယာခြင်း၊ အိမ်ထောင်ကွဲကြခြင်း နှင့် အိမ်ထောင်ရေး ပဋိပက္ခ ဖြစ်ကြခြင်း စသည်ဖြင့် အိမ်ထောင်ရေး ပြဿနာ အများအပြား ရှိကြသည်။ သြစတေးလျရှိ မြန်မာအသိုင်းအဝိုင်းနှင့် အလွန်နီးစပ်သူလည်း ဖြစ်ပြီး သြစတေးလျတွင် နှစ်ပေါင်းများစွာ နေထိုင်လာသူ တစ်ဦး ဖြစ်သည့် မြန်မာ အမျိုးသမီးကြီး တစ်ဦး၏ အဆိုအရမူ ၈၀ ရာခိုင်နှုံးထက် မနည်းသော သြစတေးလျရှိ မြန်မာ အိမ်ထောင်ရှင်တို့မှာ အကွဲကွဲ အပြဲပြဲ ဖြစ်ခဲ့ကြသည်ဆိုသည်။ ထို့ကြောင့် မိမိ၏ အမြင်ကို အများအား တင်ပြ ဆွေးနွေးလိုခြင်း ဖြစ်လာရသည်။

စာဖတ်သူ အမျာစုမှာ ဘော်လုံးပွဲများ ကြည့်ဖူးကြမည် ထင်ပါသည်။ ဘော်လုံးပွဲများ ကြည့်သည့်အခါတွင် ပွဲကြည့် ပရိတ်သတ် တစ်ဦးအနေဖြင့် စင်မြင့်ထက်မှ လည်းကောင်း၊ ရုပ်မြင်သံကြားမှ လည်းကောင်း ကြည့်ရှုရာတွင် ကစားသမားများ၏ လိုအပ်ချက် အကွက်များကို အလွယ်တစ်ကူ တွေ့မြင်တတ်ကြပါသည်။ ဥပမာ၊ လူမရှိသော နေရာသို့ ဘော်လုံးပေးလိုက်ခြင်းမျိုး၊ လွတ်နေသည့်လူကို ဘော်လုံးမပေးခြင်းမျိုး စသည်တို့မြင်တွေ့ ဖူးကြပါမည်။ ကစားသမား တစ်ဦး အနေဖြင့်မူ ကွင်းတွင်းမှာ လက်တွေ့ ပြေးလွှားကန်နေရသည့် အခါမှာ မိမိတို့ ပွဲကြည့်ပရိတ်သတ် အလွယ်တစ်ကူ တွေ့မြင်နိုင်သည့် အကွက်များကို သူတို့ အလွယ်တကူ မြင်နိုင်ရန် ခဲယဉ်းလှသည်။ ထို့အတူ အချို့သော ကိစ္စများတွင် အပြင်လူက လက်တွေ့လုပ်နေသူထက် မြင်သာခြင်းများ ရှိတတ်သည်။

မည်သို့ပင် ဖြစ်စေကာမူ မိမိကိုယ်တိုင် အိမ်ထောင်ရှင် တစ်ဦး မဟုတ်သဖြင့် မိမိ၏ တင်ပြချက်မှာ ရှုထောင့် တစ်နေရာရာမှ လစ်ဟာ၍ အငြင်းပွားဖွယ် ဖြစ်လျှင် စာဖတ်သူ၏ ထောက်ပြချက်ကို အထူး တန်ဖိုးထားရှိပါမည်။

မြန်မာအမျိုးသား တစ်ဦးနှင့် မြန်မာ အမျိုးသမီး တစ်ဦးတို့သည် တစ်ဦးနှင့် တစ်ဦး ချစ်သူဖြစ်လာကြသည့် အခါတွင် တစ်ဦးအပေါ် တစ်ဦးချုပ်ခြယ်မှုများ စတင်လုပ်လာကြတော့သည်။ အမျိုးသားကလည်း အမျိုးသမီးအား မည်သူနှင့် ပေါင်းသင်းဆက်ဆံခြင်းကို မကြိုက်သဖြင့် အဆက်အသွယ်မလုပ်ရန်၊ ဒါမဝတ်ရန် ဒီမသွားရန် စသည် စသည်ဖြင့်၊ အမျိုးသမီးကလည်း အမျိုးသားအား ဆေးလိပ်မသောက်ရန်၊ ဘာမလုပ်ရန် ညာမလုပ်ရန် စသည်ဖြင့်၊ ကိုယ့်ကို ချစ်ရင်ဖြင့် ဒါမလုပ်ပါနဲ့နော် သူ့ကို ချစ်ရင်ဖြင့် ဒီလိုနေပါနော်နဲ့ ကြိုးများချဉ်ကြတော့သည်။ ချစ်သူဖြစ်ခါစတွင်မူကား တစ်ဦးနှင့်တစ်ဦး စွဲမက်သာယာ နေကြသည့် အချိန်တွင် ကတိများလွယ်လွယ်ပေးပြီး ကြိုးချဉ်နေကြသည်ကိုပင် ပျော်စရာတစ်ခု ဖြစ်နေသေးသည်။

ဤနေရာတွင် ကနေဒါနိုင်ငံမှ လာလည်သည့် လူငယ်စုံတွဲ ၂ ယောက်အကြောင်း ဥပမာပြ ပြောပြချင်ပါသည်။ ထိုစဉ်က မိမိ၏ မိတ်ဆွေ တစ်ဦးထံ ရက်သတ္တပတ်ခန့် သွားရောက်လည်ပတ်ပြီး သူ၏အိမ်တွင် တည်းခိုစဉ် မိမိကဲ့သို့ ကနေဒါ နိုင်ငံမှ လာလည်သည့် လူငယ်စုံတွဲ ၂ ဦးနှင့် ရင်းနှီးခဲ့သည်။ အမျိုးသမီးသည် သိမ်မွေ့နူးညံ့သည့် အမူအကျင့်ရှိသည်။ အမျိုးသားသည် ဆေးခြောက် သမားဖြစ်သည်။ သူတို့ ၂ ဦးတွင် ဆန့်ကျင်သော အကျင့်များ အတော်အများရှိကြသည်။ အမျိုးသားမှာ မနက်မိုးလင်းက မိုးချုပ် ဆေးခြောက်သောက်သည်။ ဂစ်တာတီးသည်။ ညဆိုလျှင် အရက်ဆိုင်သွား အရက်သောက် သီချင်းနားထောင်တတ်သည်။ သူကိုယ်တိုင်လည်း တစ်ခါတစ်ရံ သီချင်းဝင်ဆိုတတ်သည်။ အမျိုးသမီးမှာ နားကြပ်တပ်၍ သီချင်းနားထောင်ပြီး စာဖတ်နေတတ်သည်။ ရုပ်ရှင်ကို ဝါသနာပါသည်။ တီဗွီကြည့်ခြင်း၊ ရုပ်ရှင်သွားကြည့်ခြင်းများ လုပ်ရသည်ကို နှစ်သက်သည်။ ဓါတ်ပုံထွက် ရိုက်သည်ကိုလည်း ဝါသနာ အတော်ပါသည်။ တစ်ရက်တွင် အမျိုးသားဖြစ်သူသည် မိမိအား ညဖက်တွင် အရက်ဆိုင်သွားရန် ခေါ်သည်။ သူ့အမျိုးသမီးသည် ညဖက်တီဗွီ ဇာတ်လမ်းကောင်းသဖြင့် အိမ်မှာ နေခဲ့ပြီး မိမိတို့ ၂ ဦး အရက်ဆိုင်သွားကြသည်။ အပြန်တွင် သန်းကောင်ကျော်ပြီး အမျိုးသားသည် အတော်မူးနေပြီ။ သူတို့ ချစ်သူ ၂ ဦးကား ပြဿနာ တစ်စုံတစ်ရာ ဖြစ်သည်ကို မကြားရချေ။ နောက် ၂ ရက်လောက်တွင် အမျိုးသမီးက ရုံတင်နေသည့် ရုပ်ရှင်ကား တစ်ခု အကြောင်းပြောပြသည်။ မိမိလည်း စိတ်ဝင်စားပြီး သွားကြည့်ကြရန် တိုင်ပင်ကြသည်။ အမျိုးသားမှာ သူမကြည့်လိုသည့် ဇာတ်ကားဖြစ်သဖြင့် မိမိနှင့် သူ၏ အမျိုးသမီး ၂ ဦး သာ ရုပ်ရှင် အတူသွားကြည့်ကြသည်။ တစ်ရက်တွင် သူတို့ ၂ ဦးစလုံးနှင့် မိမိတို့ မနက်စာ အတူသွားစားကြပြီး စကားပြောကြသည်။ ထိုအခါ မိမိက သူတို့ စုံတွဲကို စိတ်ဝင်စားပြီး မေးခွန်းများ ထုတ်ခဲ့သည်။ အမျိုးသမီးသည် အမျိုးသား ဆေးခြောက်သောက်နေသည်ကို သိလျှက်နှင့် အဘယ်ကြောင့် တားမြစ်ခြင်း မလုပ်သလဲ၊ ရံဖန်ရံခါ အမျိုးသားက သူ့စိတ်ကြိုက် သူတစ်ယောက်တည်း လုပ်လိုရာလုပ်နေ၊ အမျိုးသမီး ကလည်း သူ့စိတ်ကြိုက် သူလုပ်လိုရာ လုပ်နေတာကို တစ်ယောက်နဲ့ တစ်ယောက် ဘာလို့ အတူမလုပ်ကြ၊ မသွားလာကြသလဲ၊ ယောက်င်္ကျား ညဖက် အချိန်မတော် အပေါင်းအသင်းများနဲ့ တစ်ယောက်ထဲ ပျော်ပါးသွားလာနေတာမျိုး၊ အမျိုးသမီးက အခြား ယောက်င်္ကျားမိတ်ဆွေ တစ်ဦးနဲ့ တစ်ယောက်တည်းသွား ရုပ်ရှင်ကြည့် စားသောက်တာမျိုးကို တစ်ယောက်နဲ့တစ်ယောက် ဘာမှ မပြော၊ ဘာမှ မဖြစ်ကြသလဲ၊ စသည်ဖြင့် မေးခွန်းပေါင်း များစွာကို မေးမိတော့သည်။

သူတို့ ပြန်ပြောပြချက်အရ သူတို့သည် ချစ်သူရည်းစား ဖြစ်နေကြသည်မှာ ၇ နှစ်ပင် ရှိကြပြီ ဖြစ်ပါသည်။ သူတို့ ချစ်သူ ရည်းစား ဖြစ်စကပင် ထိုကဲ့သို့ နေထိုင်လာကြသည် ဖြစ်သည်။ သူတို့သည် တစ်ဦးကို တစ်ဦး အလွန်ချစ်မြတ်နိုးကြပြီး၊ အလုပ်အကိုင်များ အသေအချာရှိသည့် နေ့တွင် လက်ထပ်ကြရန် ရည်မှန်းထားကြပါသည်။ သူတို့၏ ခံယူချက်မှာ တစ်ဦးကို တစ်ဦး မယုံကြည်ခြင်း၊ သဝန်တိုခြင်း တို့သည် အမှန်တကယ် လေးလေးနက်နက် ချစ်ခြင်း မဟုတ်၍သာ ဖြစ်သည်ဟု ဆိုသည်။ တစ်ဦးအပေါ် တစ်ဦး သံသယ ရှိနေပါကလည်း ခွဲခွာပြီး တစ်ဦးတည်း တစ်ယောက်တည်း နေသည်က ပိုလို့ပင် စိတ်ချမ်းသာမည် ဟု ပြောသည်။ နောက်တစ်ခုမှာ အမျိုးသမီးသည် သူနှင့် မချစ်ကြိုက်ခင်ကပင် ဆေးခြောက်သောက် နေသူကို ချစ်ကြိုက်ခဲ့ ခြင်းဖြစ်ပြီး၊ သူနှင့် ချစ်ကြိုက်ပြီးမှ ဆေးခြောက် မသောက်ရန် တားမြစ်ပါက သူသည် ထိုသူ့ကို မိမိချစ်သူအနေဖြင့် လေးစားချစ်ခင်ခြင်း မဟုတ်တော့ဘဲ သူ့၏ ပျော်ရွင်မှုကို ပိတ်ပင်ရာ ရောက်စေသည့် အပြင် မိမိ ထိန်းချုပ်မှုအောက်သို့ သွပ်သွင်းပြီး အစေခံကဲ့သို့ အမိန့်နာခံခိုင်းသကဲ့သို့ ဖြစ်တော့မည်ဟု ထင်မြင်သည်။ အလားတူ အမျိုးသားကလည်း အမျိုးသမီးကို ချစ်ခဲ့သည် ဖြစ်ပြီးမှ သူ၏ ရှိနေသော အကျင့်စရိုက်များကို လက်ခံရမည် ဖြစ်သည်ဟု ဆိုသည်။ သူ့တွင် ရှိသည့် အကျင့်စရိုတ်များကို လက်မခံနိုင်ပါမူ သူ့အား ချစ်ခြင်း မရှိတော့သည်သာ ဖြစ်မည်ဟုလည်း ရှင်းပြသည်။ ထို့အပြင် တစ်ဦးနှင့် တစ်ဦး ချစ်သူများ ဖြစ်ကြသော်လည်း တစ်ဦးအပေါ်တစ်ဦး လေးစားခြင်း၊ တစ်ဦး၏ လွတ်လပ်ခွင့်နှင့် ဝါသနာ၊ စိတ်ချမ်းသာမှုတို့ကို တစ်ဦးက ပိတ်ပင် ချုပ်ခြယ်ခြင်းတို့သည် တစ်ဦးကို တစ်ဦး ချစ်ခင်ခြင်း မဟုတ်ဟု သူတို့ ၂ ဦးစလုံးက ယုံကြည်ကြသည်။

အလားတူ အသက်အရွယ် ကြီးမြင့်နေသည်အထိ တစ်ဦးနှင့် တစ်ဦးချစ်ခင်စွာ ပေါင်းသင်း ဆက်ဆံ နေကြသည့် သြစတေးလျတွင် နေထိုင်ကြသည့် စုံတွဲ အဖိုးကြီး အဖွားကြီးများ၊ အခြား သြစတေးလျနိုင်ငံသား အိမ်ထောင်ရှင်များ နှင့်လည်း နောက်ပိုင်း ခင်မင်ရင်းနှီးဖူးရာ သူတို့တွင်လည်း အဆိုပါ သဘောထား အယူအဆများ ထပ်တူ ရှိကြသည်ကို တွေ့ရသည်။

မြန်မာ စုံတွဲများတို့မှာကား အများစုသည် တစ်ဦးနှင့် တစ်ဦး ချုပ်ခြယ်ကန့်သတ်မှုများ နှင့် ချဉ်ထားသော ကြိုးများ တင်းလာသည်ဟု ယူဆလာကြသည့်အခါ ခိုးကြောင်ခိုးဝှက် လုပ်လာကြသည်။ ထိုသို့ ခိုးကြောင် ခိုးဝှက်လုပ်သည်ကို ပေါ်လာလျှင် ရန်ဖြစ်ကြသည်။ တစ်ဦးနှင့် တစ်ဦး သံသယ မျက်လုံးများနှင့် ကြည့်ကြမည်။ သဝန်ကြောင်ခြင်း၊ အူတိုခြင်း၊ အယုံအကြည် မရှိခြင်းတို့ဖြင့် အမြင်ကျဉ်းကျဉ်းထား ဆက်ဆံကြမည်။ ထိုအချက်များသည် အိမ်ထောင်ရေး တစ်ခု၏ ပြဿနာ အရင်းခံများ ဖြစ်ပေမည်။

ရှေးဦးစွာ အမျိုးသားများ၏ အဓိက ပြဿနာမှာ သဝန်ကြောင်ဖြင်း ဖြစ်သည်။ မိမိချစ်သူကို မိမိ မယုံကြည်ပါလျှင် မည်သည့် အကြောင်း ဖြင့်မဆို လက်ထပ် အိမ်ထောင်ပြုရန် မသင့်ပါ။ နောက်တစ်ခုမှာ မိန်းမတစ်ဦးကို မိမိ၏ ကျေးကျွန်၊ မိမိ အိမ်ဖော် အဖြစ် သတ်မှတ်တတ်သည့် စိတ်နေသဘောထားကို သတိပြုရမည်။ သူသည် မြန်မာအမျိုးသမီး ဖြစ်လျှင် အိမ်ထောင်မပြုခင် ဘဝမှာ ချုပ်တီးစရာများ သူ့တွင် အများအပြား ရှိခဲ့မည်။ အိမ်ထောင်ပြုပြီးသည့် အခါ သူ့တွင် အိမ်ထောင်ရှိပြီးသူ တစ်ဦးအနေဖြင့် လုံခြုံပြီဟု ယူဆပြီး ယောက်င်္ကျား အပေါင်းအသင်း သူငယ်ချင်း မိတ်ဆွေများနှင့် လွတ်လွတ်လပ်လပ် သွားလာချင်စိတ် ရှိကောင်းရှိမည်ကို နားလည်သင့်သည်။ အမျိုးသမီးအား အရာရာ ချုပ်ခြယ် ထားရှိခြင်းသည် သူ့၏ တိုးတက်ရာများကို ပိတ်ပင်ရာ ရောက်သကဲ့သို့ မိမိကျွေးမှစား ထားရာနေ စေရာလုပ် ဆိုသည့် ကျွန်ဇာတ်သွင်းခြင်းမျိုးကို မိမိ၏ချစ်သူအား ပြုလုပ်သူမှာ အလွန်ပင် စက်စုတ်ဖွယ် ကောင်းမည်ကို သိထားသင့်သည်။ မိမိ၏ အမြင်တစ်ခုတွင် ယောက်င်္ကျားများ သည် တစ်နေကုန် အလုပ်လုပ်ရသည်ကို အကြောင်းပြပြီး အပြန် အိမ်တွင် မိန်းမက အသင့် ချက်ထားသည့် ထမင်းဟင်းများကို စတိုင်ကျကျ စားလေ့ရှိခြင်းကို သဘောမကျပါ။ သြစတေးလျမှ အိမ်ထောင်ရှင် အများစု မှာမူ မိမိတွေ့ဖူးသလောက် အိမ်တွင် ထမင်းဟင်းချက်သည်ကို မိန်းမရော ယောက်င်္ကျားပါ အတူ ချက်ပြုတ် ပြင်ဆင် ကြသည်။ တစ်ခါတစ်ရံ ယောက်င်္ကျား တစ်ဦးတည်း ဖြစ်စေ၊ မိန်းမ တစ်ဦးတည်း ဖြစ်စေ၊ ၂ ဦးလုံး ဖြစ်စေ အတူ ချက်ပြုတ် စားသောက်တတ်ကြသည်။ မိမိယူဆသည်မှာ ကိုယ်ချစ်သူဆိုလျှင် သူပင်ပင်ပန်းပန်း လုပ်ရမည့် အလုပ်များကို ကိုယ်က တတ်နိုင်သ၍ ဝင်ကူ လုပ်ကိုင် ပေးရမည်ဖြစ်ရာ အိမ်ပြန်ပြီး စတိုင်ကျကျ အိမ်က မိန်းမချက်တာကို လက်ဆေး စားခြင်းသည် ဘဝင်မကျစရာ တစ်ခု ဖြစ်သည်။

အမျိုးသမီးများက ယောက်င်္ကျားအား ချုပ်ခြယ်ခြင်းသည်လည်း အိမ်ထောင်ရေး တစ်ခုတွင် ပဋိပက္ခကို မီးမွှေးခြင်းမျိုးပင် ဖြစ်သည်ဟု မိမိထင်မြင်ပါသည်။ ယောက်င်္ကျားတစ်ယောက်ကို သူ့၏ အကျင့်စရိုက် ပြောင်းလည်းရန်မှာ လွယ်ကူသည့်အလုပ်မျိုး မဟုတ်ပါ။ မိမိကို လိုချင်ခဲ့စဉ်က ပေးထားသော ကတိများသည် မိမိအား ရပြီးလျှင် ဖောက်ရန် ဝန်မလေးတတ်ကြသည်ကို သတိပြုပြီး အစကပင် သူ့တွင် ရှိပြီးသားသော အကျင့်စရိုက်ကို လက်ခံနိုင်မှသာ သူ့အား လက်ခံခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါမည်။ မိမိကိုယ်တိုင်လည်း အချုပ်ခြယ် မခံရန် သတိပြုရမည် ဖြစ်သည်။ နောက်တစ်ခုမှာ မြန်မာ အမျိုးသမီးများအနေဖြင့် အိမ်ထောင်ရှင် ဘဝရောက်ပြီဆိုလျှင် အလှအပ သိပ်မလုပ်တော့ခြင်း၊ ယောက်င်္ကျားများ စွဲဆောင်မှုဖြစ်ရန် ပြင်ဆင်ခြင်းကို ပိုမို ရှောင်ကျဉ်လာခြင်းသည်လည်း မှားယွင်းခြင်း တစ်ခု အဖြစ် မိမိအနေဖြင့် တွေ့မြင်သည်။ ယောက်င်္ကျား ဖြစ်သူများ၏ ချုပ်ခြယ် တားမြစ်ခြင်းကို ခံရသဖြင့် ထိုသို့ ရှောင်ကျဉ်ခြင်း ဖြစ်ကောင်းသော်လည်း ထိုအချက်ကိုမူ မိမိအနေဖြင့် သဘောမကျပါ။ အမှန်မှာ ယောက်င်္ကျားများသည် လက်ထပ်ပေါင်းသင်းပြီးသည့် အခါတွင် သူတို့ အမျိုးသမီး၏ ကျဆင်းလာမည့် ရုပ်ရည်၊ နေ့စဉ်တွေ့မြင် ဆက်ဆံနေရသဖြင့် ရိုးသွားပြီး စိတ်ကုန်လာမည့် အခြေအနေကို ထိမ်းသိန်းသည့် အနေဖြင့် အိမ်ထောင်ပြုပြီးမှ အပျိုဘဝကထက် ပို၍ လှအောင်၊ စွဲဆောင်မှု ရှိအောင် ပြင်ဆင် နေထိုင်ခြင်းသည် လိုအပ်သည်ဟု ထင်ပါသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး မြန်မာ အမျိုးသား အိမ်ထောင်ရှင် မိတ်ဆွေတစ်ယောက်နှင့် ပြောဖြစ်ဖူးသည်။ သူက သူ့မိန်းမသည် ထိုအချက်ကို လက်မခံကြောင်း၊ သူ့ကို ကြိုက်လို့ယူပြီး အခုမှ ဘာဖြစ်သလေး၊ ညာဖြစ်သလေး ဂျီးများပြီး နောက်တစ်ယောက် တွေ့နေလို့ ဒီစကားမျိုး ပြောတာလား ဟု ပြန်မေးခွန်းထုတ်ကြောင်း၊ ပြောပြသည်။ အမှန်မှာ ထိုသို့လက်ခံခြင်းသည် မှားယွင်းပါမည်ဟု မိမိထင်ပါသည်။ တစ်ဖက်လူကို စွဲဆောင်နိုင်စေခဲ့သဖြင့် တစ်ဖက်လူက စိတ်ဝင်စား လာခဲ့ရခြင်းကို မမေ့သင့်ပါ။

အချုပ်ဆိုရသော် မြန်မာအိမ်ထောင်ရှင်များတွင် တစ်ဦးနှင့် တစ်ဦး ကိုယ်ပိုင် အခွင့်အရေးများကို အမှန်တကယ် လေးစားမှု မရှိကြခြင်း၊ အထူးသဖြင့် အမျိုးသမီးများ အပေါ် အမျိုးသားများ၏ အတွင်းသဏ္ဍာန်တွင် အဆင့်အတန်း ခွဲခြားထားခြင်း၊ တစ်ဦး၏ လွတ်လပ်ခွင့် နှင့် စိတ်ပျော်ရွင်ရာကို တစ်ဦးက ပိတ်ပင် ချုပ်ခြယ်တားမြစ်ခြင်း နှင့် တစ်ဦးကို တစ်ဦး ပွင့်လင်းမြင်သာမှု မရှိဘဲ ဖုံးကွယ်ထားခြင်း များသည် မြန်မာ့ အိမ်ထောင်ရှင်များ၏ အဓိက အားနည်းချက်များ ဖြစ်ကြောင်း မိမိ အနေဖြင့် တွေ့မြင်ပါသည်။ အကယ်စင်စစ် အိမ်ထောင်မပြုခင် မလိမ်မညာစတမ်း တစ်ဦးနှင့် တစ်ဦး တကယ်ချစ်သလား ဆိုသည်ကို ဆန်းစစ်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။

တစ်ကယ် ချစ်လား

ယနေ့ ထူးထူးခြားခြား တစ်စုံ တစ်ယောက်က မေးခွန်း တစ်ခု မေးလာသည်။ ထိုမေးခွန်းမှာ – မင်းမှာ ရည်းစားတွေ အများကြီး ရှိခဲ့ဖူးတယ် ဆိုရင် သူတို့ကို မင်း တစ်ကယ်ချစ်ခဲ့ သလား၊ သို့မဟုတ် မင်းကို တစ်ကယ်ချစ်တဲ့ သူနဲ့ရော တွေ့ခဲ့ဖူးလား ဆိုတဲ့ မေးခွန်းပါ။

မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်မှာ – “သူတို့သည်လည်း မိမိအား အမှန်တကယ်ချစ်ခြင်း မဟုတ်ကြပါ၊ မိမိကလည်း သူတို့ကို အမှန်တကယ်ချစ်ခြင်း မဟုတ်ပါ” ဟုဖြစ်သည်။

မေးသူက အတော်အံ့အား သင့်သွားပြီး၊ ဒါဆိုရင် မင်းမှာ အချစ်ဆိုတာ မရှိဖူးလား၊ နောက် မင်းကို တစ်ကယ်ချစ်တဲ့သူ မတွေ့ဖူးဖူး ဆိုတာ ဘယ်လို ပြောနိုင်သလဲလို့ ထပ်ဆင့် မေးလာပြန်ပါတယ်။

သူ့ကို မိမိ သိထားဖူးတဲ့ ဗဟုသုတ နဲ့ ရှင်းပြလိုက် ဖြစ်ပါတယ်။

ဒီလိုပါ။ ချစ်တယ် ဆိုတာ ဘာဖြစ်ပါသလဲ။ ချစ်တယ်ဆိုသည်မှာ မိမိရင်ထဲမှ ထိုသူ တစ်ဦးတစ်ယောက်အား ပျော်ရွင်စေလိုခြင်း၊ သာယာစေလိုခြင်း၊ ချမ်းသာ စေလိုခြင်း၊ အောင်မြင် စေလိုခြင်း ကို ခေါ်တယ်လို့ ထင်ပါတယ်။ မုန်းတယ် ဆိုတာက ထိုသို့ ချစ်ခြင်း ကြောင့် ဖြစ်စေချင်ခြင်းများကို ဆန့်ကျင်ဖက် ဖြစ်စေချင်တာ မုန်းတာ ဖြစ်ပါလိမ့်မယ်။

ရှေးဦးစွာ မိမိကိုယ်မိမိ ကြည့်လျှင် မိန်းကလေး တစ်ဦးအား ချစ်ပါသည်။ ထိုမိန်းကလေးသည် မိမိအား စော်ကားခြင်း၊ ကန်ကျောက် ရိုက်ပုတ်ခြင်း၊ သစ္စာမရှိခြင်း၊ လိမ်ညာခြင်း၊ မိမိ အား စိတ်ချမ်းသာမှု မပေးနိုင်ခြင်း စသည်ဖြင့် မိမိ စိတ်အလိုကျ မဖြစ်သည့် အခါ ထိုမိန်းကလေးအား မချစ်တော့ပါ။

ထိုအခါ စမ်းစစ်ကြည့်ဖို့ လိုပါသည်။ မိမိသည် သူ့အားချစ်သည် ဆိုခြင်းများဟာ သူ့အတွက်လား၊ မိမိ အလိုပြည့် စေရန် အတွက်လား ဆိုသည်ကို သတိပြုသင့် ပါသည်။

သို့ဆိုလျှင် မိမိကိုယ်မိမိ ချစ်ခြင်း နှင့် သူ့ကို မိမိကချစ်ခြင်း ခွဲခြား နိုင်ပါလိမ့်မည်။

ထိုနည်းတူ မိန်းကလေး တစ်ဦးက မိမိ ချစ်သည်ဆိုခြင်းမှာလည်း မိမိက အခြား မိန်းမများနှင့် ပျော်ပါး သွားလာနေသည့်အခါ၊ သူ့အား ရိုက်ပုတ်ကန်ကျောက်၍ အနိုင်ကျင့် သည့်အခါ၊ သူ့ စိတ်အလိုကျ မဖြစ်သည့် အခါမျိုးတွင် မိမိအား သူက ချစ်နေပါဦးမည်လား။ ထိုအခါ အချစ်များ လွှင့်ပါး ကုန်မည်လား။

တကယ်တော့ အချစ်ဆိုတာ – တစ်လမ်းသွား ဖြစ်ပါတယ်။ ရယူလိုခြင်း ရှိသမျှ သူတစ်ပါးကို ချစ်ခြင်း လို့ မဆိုနိုင်ပါ။ မိမိအလိုကျလျှင် ချစ်မည်၊ အလိုမကျသည့် အခါ မချစ်တော့ ဆိုသည်မှာ ကြိုက်နှစ်သက်ခြင်း တစ်ခုဖြစ်ပြီး၊ ကြိုက်နှစ်သက်သည် ဆိုသည်မှာ လောဘ ပါသည့် မိမိကိုယ် မိမိ ချစ်ခင်ခြင်းသာ ဖြစ်သည်။

တစ်ဖက်က အမြင်နဲ့ လေ့လာကြည့်ပါ။ ဥပမာ- မိခင်၊ ဖခင်က သားသမီးကို ချစ်ခြင်းမှာ သူ့ဆီက လိုလား တောင်းတမှု တစ်စုံ တစ်ရာမပါပါ။ သူတို့ စိတ်တိုင်းကျ သည်ဖြစ်စေ၊ စိတ်တိုင်းမကျသည် ဖြစ်သည်၊ မိမိအား ချစ်သော အချစ်သည် တစ်ကယ်တမ်း မလျှော့ပါ။ သူတို့အား ကန်ပုတ် စိတ်မချမ်းမွေ့ရာ လုပ်လဲ သူတို့သည် မုန်းမည် မဟုတ်ပါ။ မိမိ ချမ်းသာ ပျော်ရွင်ခြင်းကိုသာ သူတို့ လိုလားကြသည်။ ထို့ကြောင့် မိဘသည် သားသမီးကို ကြိုက်ခြင်း မဟုတ်ပါ၊ ချစ်ခြင်းဖြစ်သည်။

ထိုသို့ ချစ်ခြင်းနဲ့ ပတ်သက်သည့် အဓိပ္ပါယ် ဖွင့်ထားတဲ့ အီးမေးလ် တစ်စောင် ရဖူးပါတယ်။ အဲဒီ အီးမေးလ်မှာ ရှင်းပြထားတာက ပိုလို့ ပြည့်စုံပါလိမ့်မယ်။ အောက်မှာ ဖတ်ကြည့်ပါ။

ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။

ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။

ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။

မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။

လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။

သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။

ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။

သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို ပုံအပ်လိုက်ချင်တာလား။

ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။

သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။

အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။

ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။

သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။

သူ ဝမ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။

ဒါမှ အချစ်လေ။

သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။

မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။

ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။

သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။

အဲဒါ အချစ်ပါ။

တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။

မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘဝကို သူ့ကို ပေးဖို့ ဝန်မလေးဘူးလား။

ဒါဟာ အချစ်ပဲပေါ့။

မိန်းမထမီအောက်မှ ကျွန်ုပ်ယောက်င်္ကျား

လူ သတ္တဝါတွင် အခြား သတ္တဝါများ အလားတူ ၂ မျိုး ၂ စား ရှိသည်။ လူ ယောက်င်္ကျား အမျိုးအစား နှင့် လူ မိန်းမ အမျိုးအစား တို့ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ ယောက်င်္ကျား သည်လည်း လူဖြစ်ပြီး မိန်းမ သည်လည်း လူသာပင် ဖြစ်သည်။ လူအချင်းချင်း အတူတူမှာ ဒီအမျိုး အစားက မြင့်မြတ်သည် ဟိုအမျိုး အစားက ယုတ်ညံ့သည် ဟူသည့် အတွေး အခေါ်ကို မိမိ လက်မခံနိုင်ပါ။ ယဉ်ကျေးသူ လူမျိုးများ ကလည်း လက်မခံပါ။

အမျိုးသမီး များကို ဒုတိယ အဆင့် လူတန်းစား များဟု သတ်မှတ်ခြင်း သည်သာ သိက္ခာ မရှိသည့် လူမျိုး များ၏ လုပ်ရပ် အဖြစ် မိမိ ထင်မြင် ယူဆသည်။ အမျိုးသား တစ်ဦးသည် သူလွတ်လပ်ရာ နေထိုင် သွားလာ လုပ်ပိုင်ခွင့် ရှိသကဲ့သို့ အမျိုးသမီး တစ်ဦးသည်လည်း သူလွတ်လပ်ရာ နေထိုင် သွားလာ လုပ်ပိုင်ခွင့် ရှိရစေမည်။ အနောက် နိုင်ငံများတွင်မူ အမျိုးသမီးများကို အရာရာ ဦးစားပေးကြသည်။ အမျိုးသားများသည် အမျိုးသမီးများနှင့် ယှဉ်လာလျှင် အနစ်နာခံကြသည်။ အမျိုးသမီး များအားလည်း ချုပ်ခြယ်မှုများ မလုပ်ကြဘဲ အမျိုးသားများနှင့် တန်းတူညီမျှ အခွင့်အရေး လုပ်ပိုင်ခွင့်များ ရစေသည်။

ယောက်င်္ကျားနှင့် မိန်းမဟူ၍ ၂ မျိုး ၂ စားကွဲပြား သကဲ့သို့ ယောက်င်္ကျား၏ သဘာဝနှင့် မိန်းမ၏ သဘာဝသည် လည်း ၂ မျိုး ၂ စားကွဲပြားသည်။ ယောက်င်္ကျားတို့သည် ခန့်ငြားသည်ဟု ယူဆပြီး မုတ်ဆိတ်၊ နှုတ်ခမ်းမွေးများကို ထားရသည်ကို ကြိုက်ကြသူများ ရှိသည်။ ထိုကိစ္စကို ထိုယောက်င်္ကျားသည် ရွံစရာ ကောင်းသော အမွေးအမျှင်များကိုပင် မျက်နှာပေါ်တွင် ထူလပစ် ထားကြသည်မှာ ယဉ်ကျေးမှု မရှိဟု မည်သူ ပြောသနည်း။ မိန်းမတို့သည် သူတို့၏ ကိုယ်ခန္ဓာကို လှပတင့်တယ်သည် ဟု ယူဆပြီး၊ ရင်သားနှင့် တင်သားများကို ပေါ်လွင်စေရန် ဝတ်စားဆင်ယင်ကြသည်။ ထိုအခါမူ ထိုမိန်းမများသည်ကား ရှက်စရာကောင်းသည့် သိက္ခာမရှိသူများဟု ဆိုခြင်းမှာ သဘာဝကျ မှန်ကန်ပါမည်လား ဆိုသည်မှာ ပညာနှင့်ယှဉ်၍ စဉ်းစားကြည့်နိုင်ပါမည်။

အင်္ဂလန်တွင် နေထိုင်သူ မြန်မာအမျိုးသမီး တစ်ဦးသည် သူမ၏ လှပသော ကိုယ်လုံးကို ဖော်ပြပြီး မော်ဒယ် ဓါတ်ပုံများ ရိုက်သည်။ ထိုအကြောင်းကို မြန်မာ သတင်းဝက်ဆိုဒ်များ တွင် အပြင်းအထန်ကန့်ကွက် ဝေဖန်ကြသည်။ မြန်မာအမျိုးသမီး တစ်ဦးအနေဖြင့် သိက္ခာမရှိဟု ဆိုကြသည်။ မွတ်စလင် လူမျိုးများမှ အပ မည်သည့် လူမျိုးကမှ ကောက်ညှင်းထုတ်လို လုံအောင်ထုတ်ထားသည့် အမျိုးသမီးကိုမှ သိက္ခာရှိသည်ဟု သတ်မှတ်သည် မဟုတ်ပေ။ သိက္ခာရှိခြင်း နှင့် ကိုယ်လုံးအလှ ကို ဖော်ခြင်းမှာ တစ်ခြားစီပင် ဖြစ်ပေသည်။ ထိုသို့ ကိုယ်လုံး အလှ ဖော်သဖြင့်လည်း မည်သူကမှ အထင်သေးသည့် မျက်လုံးများဖြင့် မမြင်ကြပေ။ မြန်မာ အမျိုးသား အများစုကသာ ယောက်င်္ကျားစင်စစ် ဖြစ်ရက်နှင့် သဘောထား သေးသိမ်လှပြီး အလွန် သိမ်ဖျဉ်းကျဉ်းမြောင်း သည့် အမြင်ဖြင့် မိန်းမများကို အထင်သေးတတ်ကြသည်။ မြန်မာပြည်တွင်မူ ဆေးလိပ်သောက်တတ်သူ အပျိုအရွယ် မိန်းကလေး တစ်ယောက်သည် လူကြားသူကြားတွင်ပင် အစော်ကားခံရမည်၊ မိန်းမပျက်ဟု အထင်လွဲခံရမည် စိုးရိမ်ရသောကြောင့် ဆေးလိပ်မသောက်ရဲသည်ကို မိမိ မြန်မာပြည်တွင် ရှိစဉ်က ကြုံသိခဲ့ရဖူးသည်။

သြစတေးလျနိုင်ငံတွင်လည်း အခြေချ နေထိုင်ခွင့် လျှောက်ထားသည့်အခါ သြစတေးလျနိုင်ငံ၏ တန်ဖိုး (Australian Value) ကို နားလည် လက်ခံပါမည်ဟု ဝန်ခံချက် လက်မှတ်ရေးထိုးရသည်။ ထိုဝန်ခံချက်တွင် အမျိုးသမီးများ၏ ဆင်ယင်ထုံးဖွဲ့ပုံကို ရှုတ်ချကဲ့ရဲ့ခြင်း မပြုရ၊ အမျိုးသမီးများ အား သူတို့၏ ဆင်ယင် ထုံးဖွဲ့မှုကြောင့်လည်း ထိုအမျိုး သမီးအား စော်ကားသည့် အပြုအမူ အပြောအဆို မပြုလုပ်ရဟု အတိအလင်း ဖော်ပြထားသည်။

မြန်မာ အမျိုးသား တစ်ဦးသည် အနောက်တိုင်းသူ ရွှေရောင် ဆံပင်နှင့် အမျိုးသမီး တစ်ဦးကို တွဲသွားလာသည့် အခါ၊ သို့မဟုတ် လက်ထပ်ယူသည့် အခါ သူ၏ ဆွေမျိုး မိဘ အသိုင်းအဝိုင်းများက သူ့ကို အတော်စွံသည်ဟု ချီးမွမ်းကြသည်။ မြန်မာ အမျိုးသမီး တစ်ဦးမှာ အနောက်တိုင်းသား တစ်ဦးဖြင့် လက်ထပ်မည် ဆိုပါမူ မိဘများ မျက်နှာပျက်စေမည်၊ မြန်မာ အမျိုးသမီး သိက္ခာကျ စေမည်ဆိုသည်မှာကား မိမိ နားမလည်နိုင်သည့် ကောက်ကွေးနေသည့် အတွေးအခေါ်ဖြစ်ပေသည်။

ထို့အပြင်တွင်ကား အမျိုးသားတို့ဟူသည် အမျိုးသမီးများထက် ပို၍ ခွန်အားဗလရှိကြသည်။ အမျိုးသမီးများသည် အားနွဲ့သူများဖြစ်ကြသည်။ ယဉ်ကျေးသူ ပညာတတ် လူသားတစ်ဦး မှာ အားနွဲ့သူကို အားရှိသူက အနိုင်ကျင့်ခြင်း မပြုလုပ်တတ်ပေ။ ယောက်င်္ကျား စစ်စစ်တို့၏ ယောက်င်္ကျား ပီသပြီး မြင့်မြတ်သော နှလုံးသား ရှိသည်ဆိုသည်မှာ ဓါးဖြင့်ယှဉ်လာလျှင် ဓါးဖြင့်၊ ဒုတ်ဖြင့် ယှဉ်လာလျှင် ဒုတ်ဖြင့်သာ ညီတူမျှတူ ယှဉ်ပြိုင် တိုက်ခိုက်ရဲသည့် ရဲစွမ်းသတ္တိမျိုး ကဲ့သို့ဖြစ်သင့်သည်။ မိန်းမတစ်ယောက်ကို ပါးရိုက်သည့် ယောက်င်္ကျားတစ်ဦးသည် သူ့တွင် ယောက်င်္ကျားတို့၏ မြင့်မြတ်သည့် နှလုံးသား မရှိသူ ဖြစ်သည်။ သြစတေးလျနိုင်ငံတွင် မူ မည်သည့် အကြောင်းဖြင့် မဆို မိမိ၏ ဇနီး အပါအဝင် မည်သည့် အမျိုးသမီးကို မဆို ပါးရိုက်ပါက ရဲမှ ချက်ခြင်း လက်ထိပ်ခတ် ဖမ်းဆီးထားနိုင်ပြီး အမှုရင်ဆိုင်ရပြီးလျှင် ထောင်ကျသည် အထိ အပြစ်ကြီးသည်။

မိမိထိုင်းနိုင်ငံတွင် နေထိုင်ခဲ့စဉ်က မြန်မာနိုင်ငံရှိ ထိုင်းသံရုံးတွင် အမှုထမ်းခဲ့ဖူးသည့် အမျိုးသမီး တစ်ဦးနှင့် သိကျွမ်းခဲ့ဖူးသည်။ သူသည် မိမိအား မြန်မာ အမျိုးသားများသည် အလွန်ပင် အောက်တန်းကျ စက်ဆုပ်ဖွယ် ကောင်းလှသည့် ယောက်င်္ကျားများဖြစ်ကြသည် ဟု တဲ့တိုး ပြောဖူးသည်။ မိမိက သူ့အား စိတ်မဆိုးဘဲ ဘာကြောင့် ထိုသို့ ပြောရသလဲ ဆိုသည်ကို မေးမြန်းကြည့်သည်။ သူသည် ထိုင်းနိုင်ငံ၏ သံရုံးဝန်ထမ်းဖြင့် ကမ္ဘာ အရပ်ရပ်သို့ ရောက်ခဲ့ဖူးရာတွင် မြန်မာ ယောက်င်္ကျားများ၏ မိန်းမများအပေါ် ထင်မြင်ယူဆ ပြုမူပြောဆို ဆက်ဆံပုံသည် မွတ်စလင် လူမျိုးများထက်ပင် ဆိုးရွားလှပြီး ယုတ်ညံ့လှသည်ဟု သာဖြေခဲ့ပြီး အသေးစိတ်ကိုမူ ရှင်းပြပြောပြရမှာပင် ရွံရှာလှသဖြင့် မပြောလို ဟု ဆိုသည်။

ဤသို့ကြားသိရပြီး ကမ္ဘာ့အလယ်တွင် မြန်မာ အမျိုးသမီးများသည် မြန်မာ့ ဂုဏ်သိက္ခာကို ကျဆင်းစေခြင်း မဟုတ်ဘဲ မြန်မာအမျိုးသားများသည်သာ သူတို့၏ အမျိုးသမီးများအပေါ် ထားရှိသည့် ယုတ်ညံ့သည့် အမြင် နှင့် ဆက်ဆံပုံ တို့ဖြင့် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု ဂုဏ်ကို ကောင်းကောင်းချနေကြခြင်းသာ ဖြစ်တော့သည်ကို သိရသည်။

မြန်မာလူမျိုးများတွင် အယူအဆ တစ်ခုရှိသည်။ မိန်းမ ထမီအောက် ဝင်လျှင်၊ သို့မဟုတ် မိန်းမ ထမီတန်း အောက်ဝင်လျှင်ပင် ထိုယောက်င်္ကျားသည် ဘုန်ကံနိမ့်သည်ဟု ဆိုသည်။ ရှေးအခါက မြန်မာ သူရဲကောင်း စစ်သူကြီး တစ်ဦးသည် စစ်တိုက် ထွက်သည့် အခါတွင် မိခင်၏ ထမီစကို နားမှာပန်၍ စစ်တိုက်ထွက်ရာ သူသည် အဘယ်ကြောင့် ဘုန်းတံခိုး တောက်ခဲ့ပါသနည်း။ အဓိပ္ပါယ်မရှိသော အယူအဆ အတွေးအခေါ်များကို မျက်စိပိတ်နားပိတ်ပြီး ရှေးရိုးဓလေ့ ထုံးစံ အယူအဆဟူ၍ နားထောင်ရမည် ဆိုပါက ပညာမဲ့ရာသာ ဖြစ်ချေတော့မည်။ အကယ်စင်စစ် မိန်းမထမီ ခေါင်းတွင် ခြုံထားလင့်ကစား၊ ကျွန်ုပ် ယောက်င်္ကျားတွင် မြင့်မြတ်သည့် နှလုံးသားဖြင့် မြင့်မြတ်သည့် အမြင်ကို ထားရှိပါမူ ကျွန်ုပ်၏ဘုန်းကံ တန်ခိုး တောက်ပြောင်နေမည်ဟုသာ လက်ခံယုံကြည်ပါသည်။
ခါးမှာ “ဗျောက်” ချိတ်ထားမှ အဆင်ပြေသည်

မိမိတို့သည် တစ်ရက်တွင် ရန်ကုန်မြို့ မြို့လည်ခေါင် လူနေ တိုက်ခန်းများ ၏ အောက်ဖက်ရှိ တိုက်ခန်း တစ်ခန်းကို ကွန်ပျူတာ အရောင်းဆိုင် တစ်ခု ဖွင့်လှစ်ရန် အတွက် ဌားရမ်း လိုက်ကြသည်။ တိုက်ခန်းကို ပြင်ဆင် မွန်းမံပြီး ဆိုင်ခန်း စတင် ဖွင့်လှစ်မည့် ရက် မနက်ဖက် တွင်ပင် မိမိတို့၏ ဆိုင်ခန်းမှာ မီးပျက် သွားသည်။ မိမိတို့၏ လုပ်ငန်းမှာ ကွန်ပျူတာ လုပ်ငန်း ဖြစ်သည့် အားလျှော်စွာ လျှပ်စစ်မီးကို အဓိက အခြေပြု လုပ်ကိုင် ကြရသည်။

မိမိတို့ တိုက်ခန်း မဌားခင်က ထိုရပ်ကွက်၏ လျှပ်စစ်မီး အခြေ အနေကို စုံစမ်း ကြည့်ရာတွင် ထိုရပ်ကွက်သည် အရေးကြီး ဌာနများ မီးလိုင်းနှင့် တစ်လိုင်းတည်း ဖြစ်သဖြင့် မီးပုံမှန် လာသည်ဟု သိခဲ့ရ သော်လည်း မိမိတို့ ဆိုင်ဖွင့်ရက်မှာ ဆိုင်ဖွင့်ပြီး တစ်နာရီတွင် မပြည့်သေးခင် မီးပျက်သွား၍ မိမိနှင့် မိမိ၏ မန်နေဂျာ လုပ်သူတို့ အပြင်ထွက်၍ သေချာ စုံစမ်း ကြည့်သော အခါတွင် မိမိတို့ ဌားရမ်း ထားသည့် အခန်းအပါ အဝင် အပေါ်ထပ် လူနေအိမ် စုစုပေါင်း ၁၂ ခန်း ပါဝင်သည့် တိုက်ခန်းတွဲ တစ်ခုလုံး မီးမလာဘဲ ကျန်လမ်းထဲရှိ အခြား တိုက်ခန်းများ အားလုံး မီးပုံမှန် လာနေသည်ကို သိရသည်။ ထိုအခါတွင် မိမိတို့ တိုက်ခန်းတွဲ တစ်တန်းလုံး မီးမလာသည့် အကြောင်းရင်းကို လိုက်ရှာလိုက်သည့် အခါတွင် တိုက်ခန်းတွဲတွင် ထားရှိသည့် မီတာပုံးမှာ ကျွမ်းသွားသဖြင့် ဖြစ်သည်ကို တွေ့ရသည်။

မိမိတို့ အနေဖြင့် ထိုနယ်မြေတွင် ပထမဆုံး လာရောက် ဆိုင်ခန်း ဌားဖူး ကြသည် ဖြစ်ပြီး၊ နေထိုင်ခဲ့ ဖူးခြင်းလည်း မရှိသည့် အတွက် မိမိတို့မှာ ဧည့်သည်လို ဖြစ်နေ ကြသည်။ ထို့ကြောင့် မိမိတို့၏ အပေါ်ထပ် လူနေအိမ် တအိမ်၏ အခန်း တံခါးခေါက်ပြီး မီးပျက်သည့် အကျိုးအကြောင်း ရှင်းပြပြီး၊ မိမိတို့မှာ လျှပ်စစ် မီးလာရန် အရေးတကြီး လိုအပ်သဖြင့် ဤကဲ့သို့ မီးပျက်ပါက မည်သို့ မည်ပုံ လုပ်လေ့ လုပ်ထ ရှိကြသည်ကို မေးမြန်း စုံစမ်း ကြရတော့သည်။ ထိုအခါ မိမိတို့နှင့် တွေ့သည့် လူက ထိုသို့ ဖြစ်ပါက အီးပီစီ လျှပ်စစ်ဌာနကို အကြောင်း ကြားရကြောင်း၊ သို့ရာတွင် သူတို့သည် အကြောင်း ကြားပြီး အစောဆုံး သုံးလေးရက် လောက်မှ လာရောက် ပြုပြင် တတ်ကြောင်း၊ ကံမကောင်းလျှင် တစ်ပတ် အထိ ကြာနိုင်ကြောင်း သိရသဖြင့် မိမိတို့ အလွန် စိတ်ပျက် သွားကြသည်။ ထို့ကြောင့် မိမိတို့လည်း ချက်ခြင်း အမြန် မီးပြန်လာရန် ပြင်ဆင်လိုပါက အခြားနည်းလမ်း ရှိလို ရှိငြား ဆက်လက် မေးမြန်းသော အခါ၊ သူက အီးပီစီကို ကိုယ်တိုင် လိုက်သွားပြီး၊ သူတို့အား ကားဖြင့် ခေါ်ဆောင်၍ ပြုပြင်ခ နှစ်ထောင်ကျပ် လောက်ပေးမည် ဆိုပါက ချက်ခြင်း လိုက်လုပ် ပေးသည်ဟု သိရသည်။ ထိုသို့ သိရသည့် အခါ မိမိတို့က ငွေ နှစ်ထောင်ကို မိမိတို့ အနေဖြင့် အကုန်အကျ ခံပြီး၊ မိမိတို့ ကားဖြင့်ပင် အီးပီစီသို့ သွား၍ မီးပြင်ပေးရန် လူသွားခေါ်ခဲ့သည်။

မီးဆရာ ရောက်လာပြီး မီတာပုံးကို ဖွင့်လိုက်သည့် အခါတွင် မီတာပုံးတွင်း သွယ်ထားသည့် မီးလိုင်းကြိုးများမှာ ဆွေးမြေ့ ပေါက်ပြဲပြီး ဝါရာရှော့ခ် ဖြစ်ကာ လောင်ကျွမ်းကုန် သဖြင့် မီးလိုင်းကြိုးများ မဖြစ်မနေ အသစ် ပြန်ထည့်မှ ရမည်ဟု သိရသည်။ ထိုသို့ အသစ် ပြန်ထည့် ပါမူ ငွေ တစ်သောင်း နှစ်ထောင်လောက် ကုန်ကျမည်ဟု ဆိုသည်။ ဤဝါယာ အသစ်ပြန် ထည့်ရသည့် ကိစ္စမှာမူ တိုက်ခန်းတွင် နေကြသူ အားလုံး၏ တာဝန်ဖြစ်သည်။ မိမိတို့ အနေဖြင့် ချက်ခြင်း မီးပြန်လာလို သဖြင့် လက်ခငွေ နှစ်ထောင်ကို စိုက်ပေးခြင်း ပြုလုပ်ရန်မှာ အဓိပ္ပါယ် ရှိသော်လည်း၊ တိုက်ခန်းရှိ ဝါယာကြိုးများ ဆွေးမြေ့ နေသဖြင့် ဝါယာကြိုး အသစ်ပြန် ထည့်ရသည့် ကိစ္စအတွက် မိမိတို့က စိုက်လုပ်ရန် ဆန္ဒမရှိပါ။

သို့ဖြစ်ရာ အိမ်ခန်းများ အားလုံးသို့ တစ်အိမ်ဝင်၊ တစ်အိမ်ထွက် အကျိုး အကြောင်း ရှင်းပြပြီး စုစုပေါင်း ၁၂ ခန်းရှိသည် ဖြစ်သည့် အတွက် တစ်ခန်းလျှင် တစ်ထောင် ထည့်ဝင်ရမည် ဖြစ်ကြောင်းကိုပါ သဘော တူညီချက် တောင်းရသည်။ ထိုအခါ တိုက်ခန်းများ အားလုံးက “ကောင်းသလိုသာ ကြည့်စီစဉ် လိုက်ပါ၊ ငွေ တစ်ထောင်က ပြဿနာမရှိပါဖူး၊ ပေးပါ့မယ်” ဟု အားလုံးက သဘောတူ ကြသဖြင့် လိုအပ်သည်များကို လုပ်ကိုင်ပြီးလျှင် ငွေလာယူမည့် အကြောင်း၊ မီးပြင်ဆင် နေသည့် အချိန်တွင်လည်း လာရောက် ကူညီ ကြည့်ရှုပြီး လိုအပ်သည်များကို ပြောကြ စေလိုကြောင်း မှာပြီး၊ မီးဆရာနှင့် ဆက်လက် လုပ်စရာ ရှိသည်များကို လုပ်ကိုင်ကြသည်။

မီးဆရာကလည်း တစ်ယောက်တည်း ဖြစ်ရာ မိမိတို့လည်း ဆိုင်ဖွင့် ရက်တွင် မဖွင့်လိုက် ရတော့ဘဲ မိမိ ဝန်ထမ်းများက မီးကြိုးဖြတ်ခြင်း၊ နှင့် တောက်တိုမယ်ရ များကို ဝိုင်းကူကြရသည်။ ထိုသို့ဖြင့် မီးကြိုးများ အသစ် ပြန်ထည့် ရသည်မှာ ညနေစောင်း မှပင် ပြီးတော့သည်။ မီးပြင်ဆင်ပြီး၊ ငွေပေးရန် မူလက မှာထားခဲ့သည့် တိုက်ခန်းများသို့ ငွေလိုက် ကောက်သည့် အခါတွင် စ၍ ပြဿနာ ပေါ်ပါတော့သည်။ ငွေသွားတောင်းသည့် အချိန်တွင် တစ်ယောက် တစ်ပေါက်စီက ပေါ်လာကြပြီး၊ မီးကြိုးလေးများက သေးသည် ပြောသူကပြော၊ ဒီ မီးကြိုးတွေက ကြွက်ကိုက်သွားတာ ကြွက်အသိုက်ကို မရှင်းဘဲ မီးကြိုး အသစ်တပ် မှတော့ ပြန်ပြီး ဝါယာတွေပေါက် ရှော့ပ် ဖြစ်ဦးမှာဘဲ လို့ ဆိုသူကဆို၊ ၁၂ ခန်းမှ ၁၂ ယောက် သည် ၁၂ မျိုး အပြစ်ရှာ ပြောပြီး၊ ငွေတောင်း၍ မရတော့ချေ။

မီးပြုပြင်စဉ် ကလည်း လာမကြည့်ကြ၊ ဘာမှ မပြောကြဘဲ ကိုယ်နှင့် မဆိုင်သလို နေကြသည်၊ မီးဆရာကို သွားခေါ်တော့လည်း တစ်ယောက်မှ မလိုက်ခဲ့ကြ၊ မိမိတို့ကသာ ဓါတ်ဆီစိုက် ကားစိုက်၊ မီးဆရာ အတွက် လက်ခလဲစိုက်၊ ဆိုင်က ဝန်ထမ်း များလည်း မနေရ၊ မီးဆရာရဲ့ လက်တို လက်တောင်း လုပ်ပေးရ၊ နှင့် မူလ ပထမ အကျိုး အကြောင်း ရှင်းပြ ပြောပြစဉ် ကတော့ ငါ့ညီတို့ … ငါ့သားတို့ … ငါ့တူတို့ … လုပ်လိုက်ပါ ဆိုပြီးမှ၊ အကုန် လုပ်ပြီးမှ တစ်ယောက် တစ်ပေါက် ထွက်လာပြီး အမျိုးမျိုး ပြောကြသည့် အပြင် ငွေပေးရန် တွန့်ဆုတ် နေကြသည်မှာ အတော်ပင် စိတ်ဆိုး စရာ ဖြစ်တော့သည်။

သို့ဖြစ်၍ မိမိလည်း ထိုစဉ်က မြို့နယ် အကြီးအကဲဆိုသူ (မဝတ လား၊ တိုင်းမှူးလား မည်သို့ ခေါ်ဆိုသည် မသိ) ထံသွား၍ တိုင်ကြားရသည် အထိ ဖြစ်တော့သည်။ ကံကောင်းချင်တော့ ထိုမြို့နယ် အကြီးအကဲ ဆိုသူမှာ မိမိက သူ့ဆရာ၏ ကွန်ပျူတာကို ကြည့်ပေးဖူးသူ ဖြစ်နေသဖြင့် မျက်မှန်း တန်းမိကြပြီး၊ ချက်ခြင်း ယူနီဖောင်းလဲဝတ် ခါးတွင် ဗျောက်(သေနတ်) ချိတ်ပြီး မိမိနှင့် လိုက်လာခဲ့ ပေးတော့သည်။ ဤသို့ ခါးတွင် ဗျောက်ချိတ်ပြီး လိုက်ပါလာသူ ရှိတော့မှ “ဦးတို့၊ အဒေါ်တို့က ဒီလို သဘော မဟုတ်ပါဖူး ငါ့တူလေးရေ… ” ဘာရယ်၊ ညာရယ် ပြောပြီး မူလ သဘောတူ ထားကြသည့် တစ်ခန်း ငွေ တစ်ထောင် အပြင်၊ မီးဆရာ လက်ခ ငွေနှစ်ထောင်ကိုပါ အချိုးချ ခွဲဝေ ပေးကြတော့သည်။

မိမိလည်း ထိုစဉ်ကစပြီး သင်ခန်းစာ အသစ် တစ်ခုရသွားခဲ့တော့သည်။ အများ အကျိုးကို ဦးဆောင်လည်း မလုပ်ကြ၊ လုပ်သူ ရှိတော့လည်း ကူညီ အားပေးခြင်း မရှိကြသည့် အပြင်၊ အပြစ်ရှာ အပြစ်ပြော၊ ထိုမှ မကသေး ကိုယ့်တာဝန် (ငွေထည့်ဝင်ရန်) ရှိသည် ကိုလည်း ကိုယ်မယူကြသည့် အပြင် ဦးဆောင်သည့် သူအပေါ် အခွင့်အရေးယူ တတ်သည့် အလေ့ အကျင့်သည် အများဆန္ဒဖြင့် အများအကျိုးကို ဦးဆောင်မည့် ဒီမိုကရေစီ လူ့ဘောင်သစ် နှင့် ဝေးမှပင် အတော်ကို ဝေး နေပေဦးတော့မည်။

Htar Htar

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) ပ (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1)ွ (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)