(John Arne Riise close to joining Fulham)
**ရစ်ဆီ ပရီးမီးယားလိဂ်သို့ ပြန်လည်ရောက်ရှိ**
(လန်ဒန်၊ ဇူလိုင် ၁၃)
ယခင် လီဗာပူးအသင်း ကစားသမားဟောင်းဖြစ်သူ ရိုးမားအသင်း၏ ဘယ်နောက်ခံကစားသမား John Arne Riiseသည် ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းသို့ ပေါင် ၁ ဒသမ ၅ သန်းဖြင့် ရောက်ရှိလာခဲ့ပြီဟု သိရသည်။ အဆိုပါ အသက် (၃၀)ရှိ နော်ဝေးလက်ရွေးစင် ကစားသမား ရစ်ဆီသည် လီဗာပူးအသင်းတွင် ၂၀၁၁ ခုနစ်မှ ၂၀၀၈ ခုနစ်အထိ ခုနစ်ရာသီတိတိပါဝင် ကစားခဲ့သူဖြစ်သည်။ ၄င်းသည် လီဗာပူးမှ အီတလီစီးရီးအေကလပ် ရိုးမားသို့ သုံးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ယခုတစ်ဖန် ရိုးမားမှ ဖူလ်ဟမ်အသင်းသို့ သုံးနှစ်စာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့သည်ဟု ဆိုသည်။ ရစ်ဆီသည် ဖူးလ်ဟမ်အသင်းတွင် လာမည့် အပတ်မှစတင်၍ လေ့ကျင့်ခန်း ဆင်းသွားမည်ဟုဆိုသည်။ ထို့ပြင် ဖူလ်ဟမ်အသင်းသည် ဟန်ဂါရင်အသင်းမှ အသက် ( ၂၆) နှစ်ရှိ ဂိုးသမား စီဆာဘာဆိုမိုဂျီကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့သည်ဟု သတင်းတွင် ထပ်မံဖော်ပြထားသည်။ (The Sun)
**အမျိုးသမီးကမ္ဘာ့ဖလား အမေရိကန်ဗိုလ်လုပွဲတက်**
(ဘာလင်၊ ဇူလိုင် ၁၃)
၂၀၁၁ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲကို ဇူလိုင် ၁၃ ရက် ညပိုင်းက ဂျာမနီနိုင်ငံ၌ အမေရိကန်အမျိုးသမီးအသင်းနှင့် ပြင်သစ်အမျိုးသမီးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ အမေရိကန်အမျိုးသမီးဘောလုံးအသင်းက ၃ - ၁ ဂိုးဖြင့် နိုင်ပြီးဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။ အမေရိကန်အသင်းအတွက် အဖွင့်ဂိုးကို ချီနေးက ပွဲစပြီး ကိုးမိနစ်အကြာဘယ်တောင်ပံမှ ဖြတ်တင်ပေးလိုက်သည့် ဘောလုံးကို လှလှပပ ပိတ်ပြီးသွင်းယူလိုက်သည်။ ဒုတိယပိုင်းတွင် ပြင်သစ်တို့ ချေပဂိုးရရှိရေး တန်ပြန်တိုက်စစ်ဆင်းကစားရာ ပွဲချိန် ၅၅ မိနစ်တွင် ဘွန်ပါစတာက သွင်းယူခဲ့သည်။ ဒုတိယပိုင်းပြီးခါနီးတွင် အမေရိကန်အမျိုးသမီးအသင်းက လျှပ်တစ်ပြက်တိုက်စစ်ဆင်းလာပြီး ၀မ်ဘက်က ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့သည်။ တတိယအနိုင်ဂိုးကို လူစားဝင်လာသူ မော်ဂမ်က ပွဲချိန် ၈၂ မိနစ်တွင် သွင်းယူပေးခဲ့သည်။ (အင်တာနက်)
**၂၀၁၁ ကိုပါအမေရိက ဘောလုံးပြိုင်ပွဲ အာဂျင်တီးနားနှင့် ဥရုဂွေးတို့ ကွာတားဖိုင်နယ်တွင် ဆုံတွေ့**
(ဗျူနိုအေးရိစ်၊ ဇူလိုင် ၁၃)
ဇူလိုင် ၁ ရက်မှ ၂၄ ရက်အထိ အာဂျင်တီးနားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ကိုပါအမေရိကဖလား ဘောလုံးပြိုင်ပွဲတွင် အိမ်ရှင် အာဂျင်တီးနားအသင်းနှင့်အတူ ဥရုဂွေး၊ ကိုလံဘီယာနှင့်ချီလီတို့ ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ကြပြီးဖြစ်သည်။ အိမ်ရှင် အာဂျင်တီးနားအသင်းသည် ကွာတားဖိုင်နယ်တွင် အုပ်စု (c) မှ ဒုတိယဖြင့် တက်လာသည့် ဥရုဂွေးနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အဆိုပါကွာတားဖိုင်နယ်ပွဲ စဉ်များကို ဇူလိုင် ၁၆ ရက် (စနေနေ့) တွင် စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment