လှပတဲ့ ပန်းပင်လေးတွေ ဝိုင်းရံထားတဲ့ အိမ်ကလေး တစ်လုံးထဲမှာ မျက်မမြင် တစ်ယောက် နေထိုင်တယ်။ ပန်းခြံလေးထဲမှာ ရှိတဲ့ ပန်းကလေးတွေက မျက်မမြင်ရဲ့ အချိန်ပေးပြီး တယုတယ ပြုစုမှုကြောင့် သာယာလှပလို့ နေတယ်။ နွေမိုးဆောင်း သုံးရာသီလုံး သူ့ရဲ့ ပြုစုယုယမှုလေးတွေကြောင့် ပန်းပင်လေးတွေ က တစ်ဖြေးဖြေးများလာပြီး ပန်းပင်လယ်ကြီး တဖွယ် ဖြစ်လာတယ်။ ပန်းခြံအနီးအနား တစ်ဝိုက် ဖြတ်သွားသန်းသွားလာကြတဲ့ လမ်းသွားလမ်းလာ မှန်သမျှက မျက်မမြင်ရဲ့ ပန်းခင်းလေးကို ကြည့်ပြီး စိတ်ဝင်စားကြတယ်။
တစ်နေ့တော့ လမ်းသွားလမ်းလာ တစ်ယောက်က မျက်မမြင်ကို မေးတယ်။
“ ဒီလို လှပတဲ့ ပန်းပင်လေးတွေကို ပြုစုယုယနေတာ ဘာအတွက်လဲ။ မင်းမှ ဒီပန်းပင်လေးတွေရဲ့ အလှအပကို မမြင်နိုင်တာ ”
ထိုလူရဲ့ အမေးစကားကို မျက်မမြင်က ပြုံးပြုံးလေးနဲ့ ပြန်ဖြေလိုက်တယ်။
“ငါ့မှာ အဖြေ၄ခု ရှိပါတယ်။ တစ်... ငါဒီလို ပန်းလေးတွေကို ပြုစုရတဲ့ ဥယာဉ်မှုးအလုပ်ကို နှစ်သက်ပါတယ်။ နှစ်.. ငါစိုက်ပျိုးထားတဲ့ ပန်းလေးတွေကို ကိုင်တွယ်ခွင့်ရတယ်။ သုံး... ငါစိုက်ပျိုးထားတဲ့ ပန်းလေးတွေရဲ့ ရနံကို ငါနမ်းရှိုက်ခွင့်ရတယ်။ နံပါတ်လေး.. ကတော့ ခင်ဗျား ကိုသိခွင့်ရပါတယ် ”
“ခင်ဗျား မှ ကျုပ်ကို မသိတာ” လို့ လမ်းသွား ခရီးသည်က ပြန်ဖြေတယ်။
“ဟုတ်ပါတယ်။ ကျုပ် ခင်ဗျားကို မသိပါဘူး။ ကျုပ်ပန်းခြံနားက ဖြတ်သွားတဲ့ လမ်းသွား လမ်းလာ မှန်သမျှ ကျုပ်ရဲ့ ပန်းခြံလေးကိုကြည့်ပြီး စိတ်ချမ်းသာကြပါတယ်။ ထိုပန်းလေးတွေနဲ့ ပတ်သက်ပြီးကြောင့် ခင်ဗျားနဲ့ ဆွေးနွေးခွင့်ရပါတယ်။ ထိုအတူ ခင်ဗျားလိုပဲ တစ်ခြား လူတွေနဲ့ စကားပြောခွင့်ရလို့ မိတ်အဆွေ အပေါင်းအသင်းတွေ များလာပါတယ် ခင်ဗျာ” ပြန်ဖြေလိုက်တယ်။
သဘာဝရဲ့ လှပသာယာမှုတွေကို မြင်တွေ့ရတဲ့ အခါ လူတိုင်းရဲ့ရင်ကို ကြည်နူးစေပါတယ်။ တစ်ချို့သော အလှအပတရားတွေက မျက်စိနဲ့ မမြင်နိုင်ပေမယ့် နှလုံးသားက ခံစား နားလည် ပုံဖော်လို့ရပါတယ်။ လူသားတိုင်းရင်မှာ အလှအပတရားတွေကို ခံစားနားလည်တက်တဲ့ နွေးထွေးတဲ့ နှလုံးသားတစ်စုံ ရှိကြမယ်လို့ ထင်ပါတယ်။
ချစ်ခင်လေးစားစွာဖြင့်
**မြတ်မွန်**
大鵬心靈小品 ထဲကပိုစ့်လေးတစ်ပုဒ်ပါ။

No comments:
Post a Comment