**ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ လျှော့ချရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ ကျင်းပ**
(ဒါဘင်၊ နိုဝင်ဘာ ၂၈)
ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့လျှော့ချရေးကုလသမဂ္ဂညီလာခံကို တောင်အာဖရိကနိုင်ငံ ဒါဘင်မြို့တွင် နိုဝင်ဘာ ၂၈ ရက်၌ စတင်ကျင်းပသည်။ သီတင်းနှစ်ပတ်ကြာမြင့်မည့် ညီလာခံသို့ ကမ္ဘာ့နိုင်ငံ ၁၉၀ ခန့်မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေးတွင် ပိုမိုသဘောတူ လုပ်ဆောင်သင့်သည့် စက်မှုနိုင်ငံများက ဆုံးဖြတ်ချက်များချမှတ်ရာတွင် အချိန်ကြာ နှောင့်နှေးမှုများ ရှိလာလိမ့်မည်ထင်မှတ်ကြောင်း ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသည်။ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု၊ စက်ရုံမီးခိုးနှင့် အမှိုက်စသည့် စွန့်ပစ်ညစ်ညမ်းပစ္စည်းများ ထိန်းချုပ်ဟန့်ထားရေးတွင် မဆုတ်သာ မတိုးသာ အခြေအနေရှိနေသည်ကို ကျော်လွှားနိုင်ရန် ယခုညီလာခံသို့ တက်ရောက်လာကြသူများက မျှော်လင့်ထားသည်။ ကမ္ဘာကြီး၏ အနာဂတ်သည် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်ကပ်ဘေးများခြိမ်းခြောက်လျက်ရှိနေသည့် လက်ရှိအခါသမယ၌ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု လျှော့ချရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံကို ကျင်းပခြင်း ဖြစ်သည်။ (အင်တာနက်)

**ဗီယက်နမ်နိုင်ငံအလယ်ပိုင်း၌ ရေလွှမ်းမှုဖြစ်ပွား အိမ် ၉၅၀၀ ကျော်ရေနစ်မြုပ်**
(ဟနွိုင်း၊ နိုဝင်ဘာ ၂၈)
ဗီယက်နမ်နိုင်ငံအလယ်ပိုင်းနှင့် အလယ်ပိုင်းကုန်းမြင့်ဒေသတို့တွင် ပြီးခဲ့သည့် ငါးရက်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုဝင်ဘာ ၂၈ ရက်အထိ သုံးဦးသေဆုံးကာ အိမ် ၉၅၀၀ ကျော် ရေလွှမ်းမိုးမှုခံရကြောင်း ဗီယက်နမ်နိုင်ငံ ရေလွှမ်းမှုနှင့် မုန်တိုင်းဒဏ် ကာကွယ်ထိန်းချုပ်ရေး ဌာနမှ သတင်းထုတ်ပြန်သည်။ ရေလွှမ်းမှုကြောင့် စပါးစိုက်ခင်းဧရိယာ ဟက်တာ ၂၁၀ ကျော်ပျက်စီးခဲ့ရပြီး အခြားကောက်ပဲသီးနှံ စိုက်ပျိုးမြေဟက်တာ ၅၈၀ ခန့်လည်း ပျက်စီးခဲ့ရသည်။ ထို့အပြင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းရှိ အဝေးပြေးးလမ်းမကြီးများလည်း ရေလွှမ်လျက်ရှိရာ လျောင်နန်ပြည်နယ်နှင့် ဘင်ဒန်ပြည်နယ်များတွင် ယာဉ်အသွားအလာပြတ်တောက်ရပ်ဆိုင်းကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ရေလွှမ်းမှုနေသည့် ဧရိယာများမှ ရေများလျော့နည်းကျဆင်းလာစေရန် ရေစုပ်စက်များဖြင့် စုပ်ထုတ်လျက်ရှိပြီး တာဝန်ရှိသူများနှင့် ဒေသခံများတစ်တပ်တစ်အား ၀ိုင်းဝန်းဆောင်ရွက်လျက်ရှိသည်။ (အင်တာနက်)
**အီရန်ရေတပ်အတွက် ရေငုပ်သင်္ဘောသုံးစင်း နိုင်ငံတွင်း၌ပင်တည်ဆောက်**
(တီဟီရန်၊ နိုဝင်ဘာ ၂၈)
**အီရန်ရေတပ်အတွက် ပြည်တွင်း၌ပင်တည်ဆောက်သည့် ရေငုပ်သင်္ဘောသုံးစင်း တည်ဆောက်ပြီးစီးကြောင်း အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက သတင်းထုတ်လွှင့်သည်။ နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းဘန်ဒါနာရာတွင် အခြေစိုက်သည့် အီရန်ရေတပ်သို့ အဆိုပါရေငုပ်သင်္ဘောများအား လွှဲပြောင်းပို့ဆောင်ထားပြီးဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်က သတင်းထုတ်လွှင့်မှုတွင် ပါရှိသည်။ ဂျာဒါအမျိုးအစား ရေငုပ်သင်္ဘော သုံးစင်းဖြစ်ပြီးယခင်ကထိုအမျိုးအစား ရေငုပ်သင်္ဘောလေးစင်း အီရန်ရေတပ်တွင် ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ထိုရေငုပ်သင်္ဘောများသည် ဒုံးကျည်နှင့် တော်ပီဒိုများ ပစ်ခတ်နိုင်ပြီး ပါရှန်ပင်လယ်ကွေ့ ရေတိမ်ပိုင်းတွင်လည်း စစ်ဆင်ရေးဆောင်ရွက်နိုင်စွမ်းရှိသည်။ နိုင်ငံ့နျူကလီးယားစီမံကိန်းနှင့် ပတ်သတ်ပြီး အဘက်ဘက်မှ ဖိအားပေးမှုများ အရှိန်မြင့်လာချိန်တွင် ကာကွယ်ရေးစွမ်းရည် ပိုမိုတိုးမြှင့်ရန် အီရန်နိုင်ငံက ယခုလိုရေငုပ်သင်္ဘောများ တည်ဆောင်လာခြင်းဖြစ်ကြောင်း အင်တာနက်သတင်းတွင် ဆက်လက်ဖော်ပြသည်။ အနောက်အုပ်စုက အီရန်နိုင်ငံသည် နျူကလီးယားလက်နက်များ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ထင်မှတ်နေချိန်တွင် အီရန်နိုင်ငံဘက်က ထိုထင်မြင်ချက်များအပေါ် ငြင်းဆန်ထားသည်။(အင်တာနက်)
**အင်ဒိုနီးရှားနိုင်ငံ၌ တံတားတစ်စင်းပြိုကျ**
(ဂျကာတာ၊ နိုဝင်ဘာ ၂၈)
အဆိုပါ တံတားမှာ အရှည်မီတာ ၇၀၀ ရှိပြီး တံတားပေါ်တွင် ကား ၁၅ စီိးခန့်နှင့် ဆိုင်ကယ်များဖြတ်သန်းမောင်းနှင်နေစဉ် ယင်းနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်က ရုတ်တရက်ပြိုကျခဲ့ခြင်းဖြစ်သည်။ ထိုသို့တံတားပြိုကျမှုကြောင့် ဒဏ်ရာရသူများ ၄၀ ခန့်ရှိပြီး ကားနှင့်ဆိုင်ကယ်များလည်း ပျက်စီးခဲ့ရသည်။ ဒဏ်ရာရရှိသူအချို့ကို ဆေးရုံသို့ ပို့ဆောင်ပေးထားရကြောင်း၊ အများစုမှာ ကျိုးသွားသောတံတားပေါင်းများနှင့် ရိုက်မိကာ အရိုးကျိုးသူများလည်းပါဝင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ပျောက်ဆုံးနေသူများကို မြစ်ကြောင်းတစ်လျှောက် ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ၄င်းတံတားမှာ မာဟာခမ်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသည့် တံတားဖြစ်ကြောင်း ၄င်းတို့ဆက်လက်ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment