နှစ်သစ်အကြိုညမှာ ရာသီဥတုက အရမ်းအေးလွန်းနေတဲ့အပြင် နှင်းတွေပါ တစ်ဖွဲဖွဲကျနေခဲ့တယ်။ ညအမှောင်က တစ်ဖြည်းဖြည်း နိမ့်ဆင်းလာခဲ့တယ်။ ဒီလိုချမ်းအေးတဲ့ ညအမှောင်မှာ ဦးထုပ်မဆောင်းတဲ့ ခြေဗလာနဲ့ ကောင်မလေးတစ်ယောက် လမ်းပေါ်မှာ လျှောက်သွားနေခဲ့တယ်။ တကယ်ပါပဲ.. အိမ်ကထွက်လာတုန်းက သူဖိနပ်တစ်ရံ ဝတ်ထားပါသေးတယ်။ ဒါပေမယ့် ဖိနပ်က အရမ်းကိုကြီးလွန်းနေလို့ အသုံးမဝင်ခဲ့ပါဘူး။ အဲဒီဖိနပ်က သူ့အမေ စီးခဲ့တဲ့ဖိနပ်ဖြစ်တယ်။ ကားလမ်းကို အလျှင်စလို သူဖြတ်တဲ့အချိန် အဝေးကနေ ကတိုက်ကရိုက် မောင်းလာတဲ့ မြင်းလှည်းနှစ်စီးကြောင့် သူ့ဖိနပ် ကျွတ်ကျန်ခဲ့ရတယ်။ ဖိနပ်တစ်ဖက်ကို သူဘယ်လိုရှာရှာ ရှာမတွေ့ခဲ့သလို ကျန်တစ်ဖက်ကိုလည်း ကောင်လေးတစ်ယောက်က ကောက်ယူပြီး ထွက်ပြေးသွားခဲ့တယ်။ ကလေးရတဲ့အချိန် အဲဒီဖိနပ်နဲ့ ကလေးအတွက် ပုခက်လုပ်ပေးမယ်လို့ ကောင်လေးက ပြောသွားခဲ့သေးတယ်။
အဲဒီလိုကြောင့် ကောင်မလေးမှာ ခြေဗလာနဲ့ လမ်းလျှောက်နေခဲ့ရတယ်။ အေးလွန်းလို့ သူ့ခြေထောက်လေးက နီရဲ ပြာနှမ်းနေတယ်။ သူ့ရဲ့ ဟောင်းနွမ်းတဲ့ ရှေ့ဖုံးခါးစီးစမှာ မီးခြစ်တွေ ထည့်ထားသလို လက်မှာလည်း တစ်ချို့ကိုင်ထားတယ်။ ဒီနေ့တစ်နေ့လုံး မီးခြစ်တစ်ဆံမှ သူမရောင်းရသေးဘူး။ ဘယ်သူမှလည်း သူ့ကို အသပြာတစ်ပြားတစ်ချပ် မပေးခဲ့သေးဘူး။
ဆာလောင် ချမ်းအေးနေတဲ့ သနားစရာကောင်မလေးက မီးခြစ်ရောင်းဖို့ ရှေ့ဆက်လျှောက်နေခဲ့တယ်။ ဒါဟာ စိတ်မချမ်းမြေ့ဖွယ် ပန်းချီကား တစ်ချပ်လိုပါပဲ။ နှင်းဖတ်တွေက သူ့ရဲ့ရှည်လျှားတဲ့ ရွှေအိုရောင် ဆံချည်မျှင် ကွေးကွေးကောက်ကောက် ကနေတစ်ဆင့် သူ့ပုခုံးပေါ် ကျနေခဲ့တယ်။ ကြည့်ရတာ အရမ်းလှပေမယ့် ဒါတွေကို လှတယ်လို့ သူမထင်ခဲ့ဘူး။ ပြတင်းပေါက်တိုင်းမှာ အလင်းတွေ ဖြာကျနေတယ်။ လမ်းပေါ်မှာ ငန်းသားကင်နံ့တွေ သင်းပြန့်နေတယ်။ ဒီညဟာ နှစ်သစ်အကြိုညဆိုတာကို သူသိနေခဲ့တယ်။
ထောင့်တစ်နေရာမှာ အိမ်နှစ်လုံးရှိတယ်။ တစ်လုံးက တစ်ခြားတစ်လုံးထက် ရှေ့ရောက်နေတယ်။ အဲဒီအိမ်ရဲ့ နံရံထောင့်တစ်နေရာမှာ ကိုယ်ကိုကျုံ့ပြီး သူထိုင်ချလိုက်တယ်။ ခြေထောက်တစ်စုံကိုလည်း သူကျုံ့ဝင်လိုက်တယ်။ ဒါပေမယ့် ပိုချမ်းတယ်လို့ သူခံစားမိတယ်။ မီးခြစ်တွေ ရောင်းမရလို့ ငွေတစ်ပြားတစ်ချပ်မှ မပါဘဲ သူအိမ်မပြန်ရဲခဲ့ဘူး။ အဖေရိုက်မှာကို သူကြောက်သလို အိမ်မှာလည်း အရမ်းအေးနေမယ်ဆိုတာ သူသိတယ်။ သူတို့အိမ်က လေဝင်တဲ့ ခေါင်မိုးလေးပဲရှိခဲ့တယ်။ လေတွေဝင်တဲ့ အပေါက်အကြီးဆုံးကို ကောက်ရိုး၊ အဝတ်စုတ်တစ်ချို့နဲ့ ဖာထေးခဲ့ပေမယ့် အရာမရောက်ခဲ့ဘူး။
ကောင်မလေးရဲ့ လက်ကလေးတစ်ဖက်က ချမ်းလွန်းလို့ ခဲခါနီးနေပါပြီ။ အာ! မီးခြစ်ဆံလေး တစ်ဆံလည်း သူ့အတွက် အသုံးဝင်နိုင်ပါတယ်။ မီးခြစ်ဆံတစ်ဆံကို သူအသုံးပြုရဲခဲ့ရင် နံရံကို ဆွဲခြစ်လိုက်တာနဲ့ လက်ကို အနွေးဓာတ် သူပေးလို့ရနေတယ်။ နောက်ဆုံး မီးခြစ်ဆံတစ်ဆံကို သူထုတ်လိုက်တယ်။ "ရှဲ..." မီးခြစ်ဆံ ထလောင်ပြီး အလင်းတစ်ချို့ဖြာထွက်လာတယ်။ သူ့လက်လေးကို မီးတောက်ပေါ် ဖုံးလိုက်တာနဲ့ မီးတောက်က နွေးထွေး၊ လင်းထိန်တဲ့ ဖယောင်းတိုင်လေး တစ်တိုင်နဲ့ တူနေခဲ့တယ်။
အရမ်းလှတဲ့ မီးတောက်လေးပါပဲ! ကောင်မလေးက သူ့ကိုယ်သူ သံမီးလင်းဖိုကြီး တစ်ခုရှေ့ ရောက်နေသလို ခံစားလိုက်မိတယ်။ မီးလင်းဖိုက ကြေးဝါရောင်လက်ကိုင်နဲ့ ကြေးဝါရောင် ကိုယ်ထည်ဖြစ်တယ်။ မီးတွေက အားပြင်းပြင်းနဲ့ တောက်လောက်နေခဲ့တယ်။ နွေးလိုက်တာ! လှလိုက်တာ! ကောင်မလေးက ခြေတစ်ဖက်ကို ဆန့်ပြီး အနွေးဓာတ် ယူမယ်ကြံတုန်းမှာ မီးတောက်က ရုတ်တရက် ငြိမ်းသွားခဲ့တယ်။ မီးလင်းဖိုကြီးလည်း မရှိတော့ဘူး။ ကောင်မလေးက လောင်ကျွမ်းသွားတဲ့ မီးခြစ်ဆံလေးကို ကိုင်ပြီး နေရာမှာတင် ထိုင်နေခဲ့တယ်။
မီးခြစ်ဆံတစ်ခုကို ယူပြီး သူဆွဲခြစ်လိုက်ပြန်တယ်။ မီးတောက်ပြီး အလင်းတစ်ချို့ ဖြာကျလာပြန်တယ်။ နံရံပေါ် အလင်းဖြာကျနေတဲ့ နေရာက ဇာပုဝါပါးလေး တစ်ချပ်လို သူဖောက်ထွင်းမြင်နေရတယ်။ အိမ်ထဲက အရာအားလုံးကို သူမြင်နေရတယ်။ အဖြူရောင် ခင်းထားတဲ့ စားပွဲပေါ်မှာ လှပတဲ့ ပန်းကန်တွေတင်ထားတယ်။ ပန်းကန်ထဲမှာ ဆီးသီးခြောက်နဲ့ ပန်းသီးတွေ အပြည့်ထည့်ထားတယ်။ ငန်းကင်ကလည်း အငွေ့တစ်ထောင်းထောင်းနဲ့ မွှေးကြိုင်လို့နေတယ်။ အားအရဆုံးက ဓားနဲ့ ခက်ရင်းထိုးထားတဲ့ ငန်းကင်ကြီး ပန်းကန်ထဲက ခုန်ထွက်လာပြီး ကောင်မလေးဖက်ကို လျှောက်လာခဲ့တယ်။ အဲဒီအချိန်မှာ မီးငြိမ်းသွားခဲ့ပြန်တယ်။ ကောင်မလေးရဲ့ ရှေ့မှာ ထူထည်းပြီး အေးစက်နေတဲ့ နံရံတစ်ခုပဲ ရှိနေခဲ့တယ်။

မီးခြစ်ဆံတစ်ခုကို ယူပြီး သူထွန်းညှိလိုက်ပြန်တယ်။ ဒီတစ်ခေါက်တော့ လှပတဲ့ ခရစ္စမတ်သစ်ပင် တစ်ပင်အောက် သူရောက်နေခဲ့တယ်။ အရင်နှစ် ခရစ္စမတ်တုန်းက မှန်တံခါးကို ဖြတ်ပြီး သူဌေးအိမ်တစ်အိမ်က ခရစ္စမတ်သစ်ပင်ကို သူတွေ့ခဲ့ရတယ်။ ဒီတစ်ပင်က အဲဒီသူမြင်ခဲ့ဖူးတဲ့ တစ်ပင်ထက် ပိုကြီး၊ ပိုလှနေတယ်။ သစ်ကိုင်းစိမ်းစိမ်းပေါ်မှာ ဖယောင်းတိုင် ထောင်ပေါင်းများစွာ ထွန်းညှိထားတယ်။ လှပတဲ့ ရောင်စုံရုပ်ပုံလေးတွေက မှန်ဘီရိုထဲမှာ ချိတ်ဆွဲထားတဲ့ ရုပ်ပုံတွေလို သူ့ကို မျက်စိပြစ်ပြနေတယ်။ ကောင်မလေးက လက်နှစ်ဖက်ကို ဆန့်လိုက်တယ်ဆိုရင်ပဲ မီးတောက်က ငြိမ်းသွားခဲ့ပြန်တယ်။
ခရစ္စမတ်ည မီးရောင်က ပိုတောက်လောင်နေခဲ့တယ်။ မီးတောက်တွေက ကြယ်ကလေး အသွင်ပြောင်းသွားတာကို သူတွေ့လိုက်တယ်။ ကြယ်လေးတစ်ပွင့် ကြွေကျလာခဲ့တယ်။ ကောင်းကင်ပေါ်မှာ အလင်းတန်းရှည်တစ်ခု ဖြတ်သွားခဲ့တယ်။
" အခုချိန်မှာ ဘယ်သူများ သေဆုံးသွားခဲ့ပါလိမ့်! " ကောင်မလေး တွေးလိုက်မိတယ်။
"ကောင်းကင်က ကြယ်လေးတစ်ပွင့်ကြွေရင် မြေပြင်က ဝိညာဉ်တစ်ခုလည်း ကောင်းကင်ဘုံ ဘုရားသခင်ဆီ ရောက်သွားတယ်" လို့ သူ့ကိုချစ်တဲ့အဘွားက ပြောခဲ့ဖူးတယ်။
ကောင်မလေးက နံရံကိုခြစ်ပြီး မီးခြစ်တစ်ခု ထွန်းညှိလိုက်ပြန်တယ်။ သူပတ်ပတ်လည်က လင်းထိန်သွားပြန်တယ်။ အလင်းထဲကနေ အဘွားအိုတစ်ဦး ပေါ်လာတယ်။ နူးညံ့သိမ်မွေ့တဲ့ အဘွားအိုကိုယ်ပေါ်မှာ အလင်းတွေဖြာနေတယ်။
" အဘွား! " ကောင်မလေးက အော်ခေါ်လိုက်တယ်။
"အိုး..ကျွန်မကို ခေါ်သွားပါ အဘွား! ဒီမီး ငြိမ်းသွားတာနဲ့ အဘွားပျောက်သွားမယ်ဆိုတာ ကျွန်မသိတယ်။ နွေးထွေးတဲ့ မီးလင်းဖိုလေးလို၊ ငန်းကင်ကြီးလို၊ ခရစ္စမတ်သစ်ပင်လို အဘွားပျောက်သွားမယ်ဆိုတာကို ကျွန်မသိတယ်"
ကောင်မလေးက ပြောပြောဆိုဆို အဘွားကို နေစေခဲ့ချင်တဲ့ ဆန္ဒနဲ့ မီးခြစ်အားလုံးကို အလျှင်အမြန် ထွန်းညှိလိုက်တယ်။ မီးခြစ်တွေက နေ့အလင်းထက် တောက်ပတဲ့ မီးတောက်ကြီးအဖြင့် လောင်ကျွမ်းခဲ့ကြတယ်။ အဘွားအိုက တစ်ခါမှ ဒီလောက်ကြီးမားပြီး ဒီလောက် မလှပခဲ့ဖူးဘူး။ အဘွားအိုက ကောင်မလေးကို ရင်ခွင်ထဲ ပွေ့ချီလိုက်တယ်။ အဲဒီနောက် အလင်းတန်းနဲ့အတူ နှစ်ယောက်စလုံး ကောင်းကင်ထက်ကို ပျော်ပျော်ရွှင်ရွှင် ပျံသန်းသွားခဲ့တယ်။ ပျံလေ မြင့်လေ... မချမ်းတဲ့အရပ်၊ မဆာလောင်တဲ့ အရပ်ကို သူတို့ ပျံသန်းခဲ့ကြတယ်။ နာကျင်သောကကင်းတဲ့အရပ် ဘုရားသခင်ဆီကို သူတို့ပျံသန်းခဲ့ကြတယ်။
ချမ်းအေးတဲ့ မနက်ခင်း နံရံထောင့်တစ်နေမှာ ကောင်မလေးတစ်ယောက် ထိုင်နေခဲ့တယ်။ သူ့ပါးပြင်နှစ်ဖက်စလုံး နီရဲနေတယ်။ သူ့နုတ်ခမ်းက ပြုံးရောင်သမ်းနေတယ်။ သူ သေဆုံးခဲ့ပါပြီ.... နှစ်ဟောင်းရဲ့ နောက်ဆုံးနေ့တစ်နေ့မှာ အေးခဲပြီး သူသေဆုံးသွားခဲ့တာဖြစ်တယ်။ နှစ်သစ်ရဲ့ နေရောင်ခြည်က သေဆုံးနေတဲ့ ကောင်မလေးရဲ့ ခန္ဓာပေါ် ဖြာကျနေခဲ့တယ်။ သူ့လက်မှာ မီးခြစ်ဆံတစ်ချို့ ဆုတ်ကိုင်ထားသေးတယ်။ မီးခြစ်တစ်ချို့က လောင်ကျွမ်းကုန်ခဲ့ပါပြီ။
" နွေးထွေးဖို့ သူကြိုးစားခဲ့တယ်ထင်တယ်! " လူတွေက ပြောတယ်။
ဒါပေမယ့် လှပတဲ့အရာတွေ သူမြင်တွေ့ခဲ့တယ်၊ ပျော်ရွှင်တဲ့ နှစ်သစ်ဆီကို အဘွားနဲ့အတူ ပျော်ပျော်ရွှင်ရွှင် သူလိုက်သွားခဲ့တယ်ဆိုတာကို ဘယ်သူမှ မသိခဲ့ကြပါဘူး။
ပြီးပါပြီ။
(၁) ငန်းကင်က ဒိန်းမတ်လူမျိုးတို့ရဲ့ ခရစ္စမတ်အကြိုည စားပွဲထဲက အဓိကအစာဖြစ်တယ်။
(၂) မြေပြင်ပေါ်မှာ လူတစ်ဦးအတွက် ကောင်းကင်ပေါ်မှာ ကြယ်တစ်ပွင့်ရှိတယ်လို့ မြောက်ဥရောပ လူမျိုးတွေ ယုံကြည်ကြတယ်။ ကောင်းကင်မှာ ကြယ်တစ်ပွင့်ကြွေရင် မြေပြင်မှာ လူတစ်ဦးသေဆုံးတယ်လို့ ယုံကြည်ကြတယ်။
မူရင်း.... Hans Christian Andersen "A Little Match-Seller" (1846)
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
*
*--
*Don't worry. Be Happy ,*
**Moe Moe.

No comments:
Post a Comment