ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 1, 2011

တွင်းနက်နက် တဆုံး

>
Viva ဆိုင်ကယ် အနက်ကလေးမို့ ဈေးကလေးရှေ့ကို ငြိမ့်ခနဲထိုးရပ်လာပြီဆို နီးနားဝန်းကျင်မှာ ရှိသမျှလူအားလုံးဟာ လည်ပြန်ပြီးတော့ကို ငေးလိုက်မိကြတော့တာ။ ချမ်းသာတာ၊ မချမ်းသာတာ အပထားလို့ Viva စီးတဲ့သူက ဒီမြို့ကလေးမှာ လက်ချိုးရေတွက်လို့တောင် ရနိုင်နေတာကိုး။ မိမိမော်ရဲ့ ယောက်ျားက သူ့ဆိုင်ကယ်ကို ဘယ်လောက်တောင် သ,ထားသလဲတော့ မမေးနဲ့။ ဆိုင်ကယ်အနက်ကလေးဟာ ဘယ်အချိန်ကြည့်ကြည့် စိုလက်တောက်ပနေတာပဲ။ ဖုံစတစ်စက်တစ်လေ ကပ်ငြိတင်ကျန် နေတယ်လို့ကို မထင်ရဘူး။ စက်သံကလည်း ညက်သလား မမေးနဲ့။ ငြိမ့်ကနဲ အနားရောက်လာမှ အံသြတကြီး ငေးမေ့မတတ် ဖြစ်ရတော့တာ။
တစ်ချို့ ရှားရှားပါးပါးနေ့တွေမှာတော့ လင်ကိုယ်မယားနှစ်ယောက် ရောက်လာရတတ်တယ်။ ယောက်ျားက ရှေ့ကမောင်းလို့။ မိမိမော်က နောက်မှာ ပုံ့ပုံ့ခန့်ခန့်ကြီးထိုင်လိုက်လို့ပါ။ မိမိမော်လည်း တစ်ခါတစ်လေတော့ ယောက်ျားလုပ်သူရဲ့ ခါးကို နောက်ကနေသိုင်းဖက်ပြီး နွဲ့မှီလိုက်ပါချင်မိသားပေါ့။ ဒါပေမယ့် သူ့ခန္ဒာကိုယ် စရည်းအိုးကြီးကို လက်လှမ်းမမီနိုင်ဘူး။ ၀မ်းဗိုက်ဖောင်းဖောင်းကြီးပေါ် လက်ကလေးတင်ပြီး ဖက်ထားဖို့ဆိုရင်တောင် ကိုယ့်လက်က သူ့ချိုင်းအောက် လျှိုဝင်ရမှာ။ သူလည်း လက်တစ်ဖက်ကားပေးထားရမှာမို့ တစ်လမ်းလုံး အဆင်ပြေမှာမဟုတ်။ ဒီတော့ အစ်အစ် ကားကား မေးနှစ်ထပ်ကို ယောက်ျားရဲ့ ကျောပေါ်မမီ့တမီ လှမ်းတင်လို့ ကယုကယင်လေး နေကြည့်မိသေးရဲ့။ သူ့ကိုယ်နံ့ဆိုးဆိုးကြီးနဲ့ တရားလွန်ဆွတ်ဖြန်းထားတဲ့ အနံပြင်းပြင်းရေမွှေးနံ့တွေ ရောနှောကြိုင်လှောက်ထွက်လာတဲ့ အီအီအော့အော့ အနံ့ဆိုးက ပိုလို့တောင် နှလုံးနာချင်စရာ ကောင်းသေးရဲ့။
အခါများစွာ၊ နေ့များစွာမှာတော့ မိမိမော်တစ်ယောက်တည်းပဲ စီးတော်ယာဉ်လေးနဲ့ ရောက်လာတတ်ပါတယ်။ Viva ပေါ်ကလှမ်းဆင်း၊ လုံချည်၊ အင်္ကျီတွေလည်း သေချာဆွဲဆန့်ရင်း လက်ပွေ့အိတ်ကို ပခုံးပေါ်ကျကျနနလွယ်လိုက်လို့ အချိန်ကို တတ်နိုင်သမျှ ဆွဲဆန့်နေရသေးတာလေ။ အဲဒီအချိန်မှာ ဈေးထဲက ဈေးသည်မိန်းမတွေလည်း ပါးစပ်သတင်းကွန်ယက် ဖြန့်ကျက်ပြီးလို့ သတိအနေအထား ပြင်ဆင်ပြီး ဖြစ်နေလောက်ပါပြီ။
“မမမော်…ဟီး”
သံစည်ပိုင်းတစ်လုံး လိမ့်လာသလို တစ်လှမ်းချင်းလျှောက်လာတဲ့ မိမိမော်ကို အနီးဆုံးတစ်ယောက်က နှုတ်ဆက် မျက်နှာချိုသွေးရင်း သွားချေးလက်လေးသစ်ကို အစွမ်းကုန်လှစ်ပြရှာပါတယ်။ မိမိမော်ကတော့ ခပ်တည်တည်ပဲ။ မျက်စောင်းယောင်ယောင်ဝင့်လိုက်ပြီး လက်ညှိုးတစ်ချောင်း ထောင်ပြထားခဲ့တယ်။ နေနှင့်ဦး။ ညည်းနဲ့ ကျုပ် အပြန်မှတွေ့မယ်လို့ အသံတိတ်ကျိန်းဝါးသွားခဲ့လိုက်တာကို တစ်ဘက်နားကလည်း လှစ်နေအောင် ကြားတယ်။ ရယ်လက်စကြီး တိခနဲ တန့်သွားပြီး မျက်နှာပျက်သွားရှာတယ်။
ဈေးကလေးအတွင်းမှာ ၀ယ်သူတောင် အတော်ပါးခဲ့ပြီပဲ။ မိမိမော် ရောက်လာချိန်က ပုံမှန်ပါပဲ။ စောလည်းမစော။ နောက်လည်းမကျဘူး။
“ဒီဘက်က မိန်းမတွေရော.. အခြေအနေကောင်းကြရဲ့လား”
ရောင်းရေးဝယ်တာ ကောင်းကြရဲ့လားလို့ မေးတာမဟုတ်မှန်း အားလုံးက နားလည်တယ်။ သူ့ကိုပေးရမယ့် ဒီနေ့ နေ့သွင်းအကြွေးငွေတွေ ပြေလည်အောင် ပေးနိုင်ကြပါ့မလားလို့ မေးနေတာကိုလည်း သဘောပေါက်ကြတယ်။ မပြေလည်လည်းပဲ ဒီနေ့ပေးရမယ့် နေ့သွင်းကို နောက်နေ့ထပ်ချိန်းဖို့ မဖြစ်နိုင်ဘူးဆိုတာ အတွေ့အကြုံအရ သိနေကြပြီးသားပဲ။
ပြောခွင့်ရရင်တော့ သူတို့ရဲ့ နိစ္စဓူဝ ဓါတ်ပြားဟောင်းကြီးကို ဖွင့်ပြချင်သေးတယ် ဆိုတဲ့ ဟန်မူယာတွေနဲ့ပေါ့။

“မမမော်ရယ်။ ဈေးတွေကလည်း တစ်နေ့ထက် တစ်နေ့ တရိပ်ရိပ်ကို တက်လာနေတော့ ကျွန်မတို့မှာ ဒိုင်မှာ ကုန်ယူရတာလည်း ခက်..ခက်လာတယ်။ ပြန်ရောင်းရတာလည်း တကယ်ကို မလွယ်တော့ဘူး။ တစ်နေ့တစ်နေ့ ၀ယ်သူကို အာပေါက်အောင် ရှင်းပြ၊ ပြောပြ ရောင်းနေရတာလေ။ အစောကြီး ဈေးကွဲနေတာသာ ကြည့်တော့…”
ညည်းချင်းမှ မဆုံးလိုက်ရခင် မိမိမော်က ဘုတောဦးမှာ အစင်းသိမို့ သာ ဘယ်သူမှ မဟရဲကြတာ။
“ဈေးမရောင်းရရင် ဘာလို့ ဈေးထဲအလကားလာ ငုတ်တုပ်ထိုင်နေကြလဲ”
…ဆိုလျှင် သူတို့ စကားရှေ့ဆက်ဝံ့တော့မှာ မဟုတ်။ ဈေးက လုံးဝ မရောင်းရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ။ ပိုပိုလျှံလျှံ၊များများစားစား မရောင်းရတော့ဘူးလို့ ဆိုချင်ကြတာ။ လူတွေလည်း တစ်နေ့တာ ၀င်ငွေထွက်ငွေကို ခေါင်းပေါက်ထွက်မတတ် ချိန်စက်တွက်ဆနေကြရတာမို့ အလျှံပယ် မ၀ယ်နိုင်ကြတော့ဘူး တင်ပါရဲ့။။ စားသောက်ကုန်ကိုတောင် ၀မ်းနှင့်ချင့်တိုင်းပြီး အလျော့ထွက် ဖယ်ချန်၊ အူစွတ်ရုံဝယ်လာကြတော့ပြီလားမသိ။ တစ်နေ့တာ ရောင်းရငွေက ပိတ်ဆို့တားဆီး မရနိုင်တဲ့ ပါးစပ်ပေါက်တွေအတွက် ဖြည့်ဆည်းလိုက်လျှင် နောက်တစ်နေ့ အရင်းပြန်ထည့်ဖို့တောင် အနိုင်နိုင် မဟုတ်လား။ အဲဒီငွေကလေးထဲကမှ မိမိမော်ကို ဖဲ့ပေးလိုက်ရလျှင် ဒီနေ့အဖို့ အူဟောင်းလောင်းနေရဖို့သာပဲ။ နောက်တစ်နေ့ ဈေးထွက်ဖို့တောင် မလွယ်။ ဒါပေမယ့် မိမိမော်ကို မလွန်ဆန်ဝံ့ကြဘူး။ မိမိမော်က စိတ်မထင်လျှင်…
“ဟယ်..အပိုစကားတွေ ပြောမနေနဲ့။ နာညည်းလိုက်တာ။ ငါ မယုံဘူး။ ပေး ညည်းပိုက်ဆံအိတ် ငါကြည့်မယ်”
ပြောတာကမှ နောက်ကျနေသေးတယ်။ ဆိုးဆိုးဆတ်ဆတ် ဆွဲယူပြီး ပိုက်ဆံကို ကိုယ်တိုင်ထုတ်ယူ ရေတွက်နေတော့တာ။
“ဒီမှာ …ငါရစရာ ရှိတာ ငါယူသွားပြီနော်။ ကျန်တဲ့ကိစ္စ ညည်းတို့ဘာသာရှင်း”
မိမိမော်က အဲသလိုလည်း ပိုင်စိုးပိုင်နင်း နိုင်စားတတ်သေးသူပါ။ မိမိမော်မို့ ဈေးကလေးထဲကနေ ပြန်ထွက်ခွာသွားပြီဆို ဈေးသူဈေးသားအားလုံး ခြေကုန်လက်ပန်းကျ ကျန်ခဲ့ရတော့တာပဲ။ သူပုန်စီနင်းခံပြီးစလို နုံးချိနာကျင်နေကြရတော့တာ။
“ ဟွန်း.. အလကားမိန်းမ။ စာနာစိတ် တစ်စက်ကလေးကိုမရှိဘူး”
ဒီလောက်ပဲ ပြောနိုင်ကြတယ်။ ဒါတောင် နောက်ကွယ်မှာ မို့လို့။ ရှေ့တင်တော့ ဘယ်သူမှ လေသံတောင် မရှိန်းဝံ့ကြဘူး။ မိမိမော်နဲ့ ဘယ်သူမှလည်း ကင်းရှင်းအောင် မနေနိုင်ကြဘူးလေ။ အရေးဟဲ့ဆို မိမိမော်ဆီပဲ ပြေးပြီး မျက်နှာအောက်ချကြရတာပဲ မဟုတ်လား။
***********

မိမိမော်ရဲ့ ကောင်းကွက်က ဘယ်လိုလူ လာပြောပြော၊ ငွေးရေးကြေးရေး လက်မနှေးဘူး။ တစ်သောင်းဆိုလည်း ရော့.. အင့် ပဲ။ ငါးသောင်း၊ တစ်သိန်းလည်း ပက်ခနဲပေးပစ်တာပဲ။ လက်လွယ်သလောက် ကြွေးတောင်းလည်း ရက်စက်တယ် ပြောရမယ့် မိမိမော်ပါ။ စပေးကတည်းက လိုချင်တဲ့ ပမာဏမှာ သူရရမယ့် အတိုးကို တစ်ခါတည်းသင့်ပြီး ခုနှိမ်ယူပြီးသား။
“ညည်းတို့ကို ကျုပ်က လွယ်လွယ်ကူကူပေးလိုက်တာနော်။ အေး.. ညည်းတို့လည်း လွယ်လွယ်ကူကူ ပြန်ပေးကြ။ မဟုတ်ရင် မိမော်အကြောင်း သိတယ်မဟုတ်လား”
မိမိမော်အကြောင်းတော့ ဒီမြို့ကလေးမှာ မသိသူ ရှားပါတယ်။
“ညည်းပိုက်ဆံလေး ငါ ခဏလှည့်သုံးထားရတယ်ဟယ်။ တစ်ရက် နှစ်ရက်စောင့်ပေးပါဦး။ မမမော်ရယ်လေ။ သိတယ်မဟုတ်လား။ သူ့ကို ပေးဖို့ ရက်ချိန်းစေ့နေပြီမို့ပါ”
“ဟွန်း..ကောင်မ။ မမမော်ကျတော့ ကြောက်တတ်လိုက်တာ။ ငါ့ ပိုက်ဆံကျတော့ အလွဲသုံးစားလုပ်ပစ်ပြီး လွန်မှပြောတယ်”
“အလွဲသုံးစား မဟုတ်ပါဘူး ဟယ်။ ငါ တကယ် မရှူနိုင် မကယ်နိုင် ဖြစ်လွန်းလို့ပါ။ နင်က ခုလောက်ကလေးပဲ ပြောတာ။ ဒီထက်မကပြောလည်း ငါ… ခံပါ့မယ်။ မမမော်ကတော့ ငါ့ကို ပါးရိုက်သွားမှာလေ။ ငါကြောက်တယ် ဟဲ့”

ငွေတိုးပေးစားတဲ့သူချင်း အတူတူတောင် မိမိမော်ကိုတော့ ရှိန်ကြ၊ ရှောင်ကြတာပဲ။ မိမိမော်ကတော့ ဘယ်လိုလူကိုမှ မမှုရေးချ မမှုတဲ့ အထဲကပဲ။ ရုံးပြင်ကန္နား တိုင်တန်းတောင်းယူဖို့လည်း မ၀ံ့မရှိဘူး။ တရားဝင်၊ ဇယားဝင်အောင် သူမို့ အကွက်စေ့၊ ထောင့်စေ့ တတ်လည်း တတ်နိုင်ပါရဲ့။
“ညည်း ငါ့ကို အရူးဖိန့်လာမလုပ်နဲ့နော်။ သူများကို ရချင်ရမယ်။ ငါ့ကိုတော့ မရဘူး။ ကဲ.. ပြော။ ငါ့ငွေကို ဘယ်နေ့ ပြန်ဆပ်မှာလည်းဆိုတာ အတိအကျပြော”
“……………….”
“ ပြီးရော…။ ညည်းစကား ညည်းတည်ပါစေနော်။ နေဦး ငါမယုံဘူး။ လာ… ညည်းလက်မှတ်ထိုး”
“……”
“ဒီမှာ ကျုပ်ကို အကြွေးတစ်သိန်းခွဲတိတိ ပေးရန်ရှိပြီး အဲဒီနေ့၊ အဲဒီရက်မှာ အကျေအလည် ပေးပါ့မယ်လို့ ငါရေးထားတယ်။ ညည်းလက်မှတ်ထိုးလိုက်”
မိမိမော်ဆီက အမှန်တကယ် ယူသုံးမိတဲ့ငွေက သောင်းဂဏန်းလောက်သာပဲ။ ကြားထဲမှာ အတိုးငွေကိုလည်း ပေးသင့်သလောက် ပေးပြီးခဲ့ပါပြီ။ အတိုးငွေးပါ မပေးနိုင်တော့တဲ့ နောက်ပိုင်းကာလတွေမှာ မိမိမော်က ငွေရင်းထဲမှာ အတိုးငွေပါထည့်ပေါင်းပစ်လိုက်ပြီး စာရင်းအသစ်ပြန်မှတ်တော့ ငွေရင်းပမာဏထပ်တိုးပြီး တဖြည်းဖြည်း သိန်းကျော်သွားရတော့တာ။ ဒါပေမယ့် စောဒက မတက်ရဲဘူး။ ပြောပြီးပါပကော။ မိမိမော်က နှုတ်ကလည်း ကက်ကက်လန်အော်ဟစ် ရန်ထောင်ဖို့ ၀န်မလေးဘူး။ ထမီစွန်ထောင်ဆွဲလို့ ဈေးထိပ်က အော်ဆဲဖို့လည်း ရွံ့မနေဘူး။ လိုအပ်ရင် သူ့လက်ဖ၀ါးက သူတကာပါးပေါ် ၀ဲချင်နေသေးတာ။
“ရိုက်တယ်။ေ-ာက်ရှက်မရှိတဲ့ နင့်လို ဟာမမျိုးကို ငါက ဒီထက်တောင် ရိုက်ပစ်ချင်သေးတယ်။ မကျေနပ်ရင် ကြိုက်တဲ့ဆီ တိုင်လိုက်။ လျော်ကြေးလည်း ပေးနိုင်တယ် မှတ်”
တချို့လည်း မခံနိုင်လွန်းလို့ သက်ဆိုင်ရာ နီးစပ်ရာ တိုင်ကြတောကြပါရဲ့။ ဒါပေမယ့် အချိန်တန်တော့လည်း လျော်ကြေးငွေ မဖြစ်စလောက်နဲ့ ပြီးပြတ်ကျေအေးလိုက်ရတာပဲ။ ကိုယ်တွေက ရုံးပြင်ကန္နားလည်း မပေါက်ရောက်တော့ အကြောက်ကြီးမိကြတယ်။ တစ်နေ့စာတစ်နေ့ ကြက်လိုယက်ပြီး ရှာဖွေနေရတာနဲ့ အချိန်ကလည်း မရှိ။ ငွေကြေးနတ္ထိတွေ မဟုတ်လား။ နောက်ဆုံး ကိုယ်စော်ကားခံလိုက်ရတာ လူပိုသိသွားရတာသာ အဖတ်တင်တယ်။ မိမိမော်ကတော့ ပန်းပန်လျက်ပဲ။
တချို့ မိန်းမပျိုးလေးတွေဆို မိမိမော်ကို ရင်မဆိုင်ရဲကြလို့ တစ်ရပ်တစ်ရွာ ထွက်ပြေးတိမ်းရှောင် ကြတာတွေလည်း ရှိတယ်။ မိမိမော်ကတော့…
“ပြေးထားကြဦး။ ငါ့ကြွေးမဆပ်ပဲ ဘယ်လောက် ပြေးနိုင်မလဲ စောင့်ကြည့်လိုက်ဦးမယ်။ တွေ့လို့ကတော့လား ဟွန်း… မိမော်က နယ်မရှောင်တဲ့ အစားထဲကပဲ”
တချို့ကတော့ မိမိမော်နဲ့ လွတ်အောင် ဘ၀တပါးအထိ ကူးပြောင်းပြေးကြတာလည်း ရှိရဲ့။
“သေရဲလို့ သေသွားတာတော့ သနားစရာ မရှိပါဘူး။ ငါ့ကြွေးတွေ မပေးပဲ သေသွားတော့ရော ကျေမှာ မို့လို့လား။ ငါက သံသရာကြွေး မှတ်လွှတ်လိုက်မှာ။ နောက်ဘ၀တွေများ ကျရင်တော့လား…”
ကာယကံရှင်မပြောနဲ့။ အမှတ်တမဲ့ကြားမိတဲ့သူတောင် ကြက်သီးမွေးညင်းထောင်ထမတတ် ဖြစ်ရတယ်။ မိမိမော်က မလျော့ဘူး။ မိဘတောင်မှ ချမ်းသာမပေးတဲ့ အာဂ မိမိမော်ပါဆို….
“မိဘက မိဘပဲလေ အမေ။ ငွေရေး ကြေးရေးက တစ်ကန့်ပဲ။ အမေ တစ်ယောက်တည်း စားနေတာဆိုရင် မိမော် မပြောပါဘူး။ အမေက မိမော်ဆီ မျက်ရည်ခံထိုးပြီး ငွေလာယူ။ လက်ကြောမတင်းတဲ့ အမေ့သားသမီးတွေက ဝေမျှစားလိုက် သောက်လိုက်ကြ။ တစ်ကြိမ်တစ်ခါလည်း မဟုတ်ဘူး”
“မိမော်ရယ်။ အဲဒါ ညည်းရဲ့ မောင်တွေ၊ ညီမတွေပါ။ ညည်းသွေးသားတွေပါ”
“ပေးသင့်တာကို မိမော် မပေးလို့လား အမေရဲ့။ ခုက သဒ္ဓါဆွမ်း တော်ရုံ မရပ်ကြဘူး။ သွေးသားရင်းချာမှန်ပေမယ့် သူတို့လည်း သူတို့ မိသားစုနဲ့ သူတို့စီးပွား….။ မိမော်မှာလည်း…”
အမေက မိမော်အောက် သားလတ်နဲ့ နေ နေတာ။ သားက လက်ကြောမတင်း။ ချွေးမက အသုံးမကျ။ ကလေးတွေကလည်း တစ်ယောက်ပြီးတစ်ယောက် မွေးထားလိုက်ကြသေးတာ။ စားစရာမရှိလို့ လင်မယား ရန်ဖြစ်သံကြားတော့လည်း အမေအိုမှာ မြေးထိန်းရင်း အနေကြုံ့ရတာပေါ့။ မြေးတွေက ဆာလို့ ငိုကြတော့လည်း ရင်ထဲမှာ ကျိန်းစပ်စူးအောင့် ခံရချက်ဆိုးလိုက်တာ။ ကိုယ်မွေးထားတဲ့အထဲမှာ မိမိမော်တစ်ယောက်သာ တောင့်တောင့်မားမားမို့ သူ့ဆီပဲ ပြေးလွှား ချေးငှားရတော့တာပေါ့။
“ညည်းပေးကမ်းလိုက်ရတဲ့ ငွေပမာဏက ညည်းမှာ ရှိနေတာထက်စာရင် မပြောလောက်ပါဘူး မဟုတ်လားအေ..”
“ဘယ်လောက်ပဲ ဖြစ်ဖြစ်လေ။ မိမော် ပစ္စည်း မိမော်သိတတ်တာ အပြစ်လား အမေရဲ့။ မိမော်က သူတို့ ဆီက မတရားယူတာမှ မဟုတ်ပဲ”
“မတရားသာ မယူတယ်။ သူတို့ ရှာရသမျှလည်း ညည်းရဲ့ အတိုးငွေပေးလို့ကို မနိုင်ဘူး”
“ဟာ.. အမေကပါ သူတို့ ဘက်က။ တော်ပြီ ဆက်မပြောချင်တော့ဘူး။ မိမော်ရစရာ ရှိတာတွေကိုသာ ဘယ်တော့ ပေးကြမှာလဲ အမေ မေးပေး။ အမေ ကြားက ၀င်ပြီး အာမခံပေးနေလို့ မိမော် ဒီလောက်သီးခံနေတာနော်။ မိမော်အကြောင်းလည်း အမေ သိရဲ့သားနဲ့။ လက်လွန်ထားတဲ့ငွေ ပြန်မရလို့ကတော့ မိမော်က အမေလည်း မထားဘူးနော်”
“မိမော်…”
အမေအို မျက်ရည်ကျကျန်ရစ်တာ မိမိမော်က မသိနိုင်တော့ပါဘူး။ ဆောင့်အောင့်ပြီး အမေ့အိမ်ပေါ်က ဆင်းချသွားလိုက်တာ အမေ့အိမ်ကလေး သိမ့်သိမ့်လှုပ်ကျန်ရစ်ခဲ့တယ်။
************

မိမိမော်တစ်ယောက် ဘယ်လိုများ ပြောင်းလဲသွားပါလိမ့်လို့ အမေအိုက တွေးနေမိသေးရဲ့။ ဟိုငယ်စဉ်ကတော့ မိမိမော် ဒီလို မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီစဉ်ကတည်းက မိမိမော်ဟာ သားသမီးတွေတဲမှာ အတ္တအများဆုံး။ လိုချင်လောဘ အကြီးဆုံးဆိုတာတော့ မှတ်မိနေသေးတယ်။ မောင်နှမတွေထဲမှာ အကြီးဆုံးပေမယ့် မိမိမော်က အငယ်တွေကို ညှာတာရကောင်းမှန်း သိတတ်ခဲ့တာမှ မဟုတ်ပဲ။ အစားအသောက်ဆိုလည်း အဦးအဖျားမှ။ အ၀တ်ဆိုလည်း သူ့ကိုယ်ပေါ် အရင် ရောက်ရမှ။ ဒါပေမယ့် မိမိမော်တို့ ငယ်စဉ်ကတော့ ချို့တဲ့ရှားပါးခဲ့ချိန်မို့ အတ္တ၊မာနတွေရဲ့ အရောင်အ၀ါက သိပ်မသိသာခဲ့ရ။ အမေအိုက နုံအသူမို့လည်း မရိပ်မိနိုင်ခဲ့တာလားမသိ။
ပထမအိမ်ထောင်နဲ့ ငါးနှစ်လောက်ပေါင်းခဲ့တာတောင် ကလေးတစ်ယောက်မှမရခဲ့လို့ တော်သေးတယ်ပြောရမယ်။ မိမိမော်က ကိုယ်ဥတောင် ကိုယ်ခင်တွယ်ရကောင်းမှန်း သိတတ်မယ့်အစားလည်း ဟုတ်ပုံမရဘူးလေ။ ပြောပုံကိုလည်းကြည့်ဦး။
``မရတာတော့ ဟုတ်ပါ့မလား အမေရယ်။ မရှိတာ။ မရှိအောင်လုပ်ထားရတာပေါ့။ ကလေးတစ်ယောက် လူဖြစ်အောင်မွေးဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။ မိမော်ကတော့ စိတ်လည်းမရှည်ဘူး။ ကလေးသည်းညည်းခံနိုင်ဘူး´´
ဘယ်လောက်များ မေတ္တာတရား ခေါင်းပါးလွန်းလှတဲ့ မိန်းကလေးလည်းဆိုတာ။ ခုဒုတိယအိမ်ထောင်နဲ့တော့ ကလေးကို မထွန်းကားတော့ဘူး။ ခုတော့လည်း သင်းက ကလေးလိုချင်လာပြန်တာ ဖျတ်ဖျတ်လူးနေပြန်ရော..။
``အိမ်ထောင်တစ်ခုက ကလေးတွေရှိမှ ပိုသာယာတာ ထင်တယ်နော်။ အဲဒီအိမ်ထောင်တစ်ခုခိုင်မြဲဖို့လည်း ကလေးတွေက အဓိကအခရာများဖြစ်နေမလားလို့ မိမော်တွေးမိတယ်´´
ဒါပေမယ့် အိမ်ထောင်သက်ပဲ ဆယ်နှစ်နားနီးရောပေါ့။ မိမိမော်တောင် အသက်ကလေးဆယ်တွင်းနား နီးနေပြီ။ ခုထိအိမ်ဆည်းလည်းဆိုတာ အရိပ်အရောင်ကို ပြမလာတော့ဘူး။
အသက်နှစ်ဆယ် မပြည့်ခင် ထူခဲ့တဲ့အိမ်ထောင်ဦးကို ပစ်ပြီး အဖေအရွယ် သက်ကျားအို၊ လူချမ်းသာရဲ့ အငယ်အနှောင်းဘ၀ကို နောင်တကင်းကင်း လဲလှယ်ယူဝံ့ခဲ့တဲ့ မိမိမော်။ အဲဒီစဉ်ကတည်းက ကိုယ်မွေးခဲ့တဲ့ သမီးကို အမေအို ရွံခဲ့၊ ကြောက်ခဲ့မိတော့တာ။ ဒါပေမယ့် ရင်မှဖြစ်တဲ့ သားသမီးဆိုတာ တောင်းဆိုး၊ပလုံးဆိုးမှ မဟုတ်လေပဲ။ သစ်တစ်ပင်ကောင်းတော့လည်း ငှက်တစ်သောင်းနားနိုင်ပြီရယ်လို့ အဆိုးထဲက အကောင်းကို ရှာကြံတွေးဖြေခဲ့မိရဲ့။ ဒါပေမယ့် မိမိမော်က မိမိမော်ပါပဲ။
“ကြိုက်ဖိုးကြိုက်ခ မရပဲ ငါ အလုပ်မလုပ်ဘူး”
အသက်ချင်း ဆယ်နှစ်နီးပါးကွာပြီး ကိုယ်တိုင်ချီပိုးထိန်းကျောင်းခဲ့ရတဲ့ ညီမလေးကိုတောင် မိမိမော်က ဒီစကားမျိုးတွေ ပြောထွက်ရက်နေတော့ မောင်၊ ညီမတွေက စိတ်နာချင်ကြပြီ။
“အမေ့သမီးကိုတော့လား…ဟွန်း”
အမေအို ခမျာ အုပ်ရ၊ ဆိုင်းရ၊ ဆီးရ။ ဆို့ရ..။
“သူစိမ်း ၀မ်းသာစရာဖြစ်အောင် မလုပ်ကြပါနဲ့။ သူနဲ့သာ အတတ်နိုင်ဆုံး ကင်းအောင်နေကြ”
အချိန်တန်တော့လည်း နွမ်းပါးကျပ်တည်းသူတို့အဖို့မှာ မိမိမော်နှင့် ကင်းချင်လို့ မရ။
“အမေ့သားသမီးတွေကို ပြောထားဦးနော်။ မိမော်လည်း ကျောက်ခဲ၊ သလဲ ကောက်ပေးထားတာ မဟုတ်ဘူး”
“သူတို့လည်း မပြေလည်လို့ပါဟယ်။ ငါ.. ပြောပါဦးမယ်”
“ဟွန်း အမေပြောလို့ ရမယ်ထင်ရင် ပြောကြည့်လိုက်ပါဦး။ မိမော် သဘောဆိုရင်တော့ သင်းတို့ကို အိမ်ပေါ်တက် ရိုက်ပစ်ချင်ပြီ”
“ဟဲ့…”
အမေအိုခင်မျာ ဟိုဘက်၊ဒီဘက် တတ်နိုင်သမျှ ရင်ကြားစေ့ရင်း၊ ဖြန်ဖြေရင်း အမောမျှ မဖြေနိုင်မိ မငြိမ်းနိုင်သော ပြဿနာက လောင်မီးကျတော့၏။
************

“ဥစ္စာရူး မကြီး။ နင်… ငါ့အိမ်ပေါ် မတက်နဲ့”
“မတက်ဘူးဟေ့။ေ-ာက်ရှက်မရှိတဲ့ နင်တို့ကို လမ်းပေါ်ကပဲ အော်ပြောမယ်။ ငါ့ အကြွေးတွေ ဆပ်ကြ။ နင်တို့က သံသရာကြွေး ယူနိုင်ပေမယ့် ငါက မပေးနိုင်ဘူး။ သူများအကြွေးယူပြီး ပြန်ဆပ်ဖို့ စိတ်ကူးမရှိတဲ့ဟာတွေ..”
သားငယ်ရဲ့အိမ်ဘက်က အသံတွေ။ မိမိမော်ကလွဲရင် ကျန်တဲ့သားသမီးတွေရဲ့ အိမ်က အမေနဲ့ မဝေးလှတာမို့ အသံတွေက အတိုင်းသား။ အမေ မတားဆီးနိုင်ခင်မှာပဲ သူ့အစ်ကိုအိမ်နဲ့ မျက်နှာချင်းဆိုင်နေတဲ့ သမီးငယ်က အိမ်ပေါ်ကနေ ပြေးဆင်းသွားတယ်။ လမ်းပေါ်ရောက်မှ ထမီကို တိုတိုတင်းတင်း ပြင်ဝတ်လိုက်သေးရဲ့။
“ဟဲ့.. သူဋ္ဌေးမ။ လမ်းပေါ်ကနေ အော်ဟစ်နေလိုက်တာ။ အရှက်မရှိဘူးလား”
နှုတ်ကသာ စွာစွာလန်နေပေမယ့် ကိုယ့်ထက် အကြီးဆိုတဲ့ အသိနဲ့ အငယ်မက ခြေလှမ်းမသိမသာ တန့်တယ်။ အားနည်းတဲ့ အစ်ကို ကိုလည်း ကာကွယ်ပေးချင်သေးတော့ ရှေ့ဆက်တိုးဖို့ ချီတုံ ချတုံ။
“အံမာ။ ငါက ရှက်ရမှာ မဟုတ်ဘူး။ သူများပစ္စည်းယူပြီး ပြန်မဆပ်ချင်တဲ့ နင်တို့တွေသာ ရှက်ရမှာ။ နင်လည်း အတူတူပဲ။ တစ်ခါဆက်ဆံ ဆယ်ခါလန်ဆိုတဲ့ဟာတွေ”
“နင့် အကြွေးကို မဆပ်ဘူးလို့ ဘယ်သူက ပြောလို့လဲ”
“ဒါဆို ခု ဆပ်လေ”
မိမိမော်က နင်းပြောလိုက်တော့ အငယ်မလေသံ နည်းနည်း လျော့သွားတယ်။
“ခု မရှိသေးလို့ပေါ့။ ငါတို့မှာရှိရင် နင့်ကြွေးကို တစ်ရက်တောင် မဆိုင်းဘူး”
“လေသံတွေက တစ်ချိုးတည်းပဲ။ ကလိန်ကကျစ်တွေ..”
“ငါတို့ ကလိန်ကကျစ်ကျတာ မဟုတ်ဘူး”
“အငယ်မ။ ညည်းပါးစပ်ကို ပိတ်ထားစမ်း။ မိမော်..ညည်းလည်း အိမ်ပြန်တော့”
ပြောရင်း အမေက အငယ်မကို အလတ်ကောင်အိမ်ပေါ် ဒယဥ့်တိုက်ဆွဲခေါ်ခဲ့လိုက်ရတယ်။ အငယ်မ အိမ်ပေါ် ရောက်ပြီဖြစ်ပေမယ့် မိမိမော်က နေရာ မရွှေ့ဘူး။ ဆိုင်ကယ်ပေါ်က မဆင်းပဲ ခြေတစ်ဖက်ထောက်ထားတယ်။ ခါးတုတ်တုတ်ပေါ် ရွှေလက်ကောက် တတောင်ဆစ်ခိုက်နေတဲ့ လက်တစ်ဖက်ထောက်တင်လိုက်လို့။
“မိမော်.. ညည်းလည်းပြန်ပါတော့အေ”
အမေအိုက မျက်ရည်လေးတလည်လည်၊ အသံတုန်တုန်နဲ့ တောင်းပန်နှင်လွှတ်တော့ မိမိမော်တစ်ယောက် မဖြစ်စဖူး ရင်ထဲ လှိုက်ခနဲ ဖြစ်သွားတယ်။ ၀မ်းနည်းသလိုလိုကြီး။ ငိုချပစ်လိုက်ချင်လာတယ်။
အမှန်က ဒီနေရာကို ရောက်မလာခင်ကတည်းက မိမိမော် ငိုချင်နေခဲ့တာ။ မာနကြောင့်သာ တင်းခံထားခဲ့တာ။ ဒီတစ်ကြိမ် ဒီလမ်းထဲဝင်လာတာ၊ သင်းတို့နဲ့ လာတွေ့တာ ကြွေးတောင်းဖို့ မဟုတ်ဘူး။ အမေနဲ့ အတူနေ မောင်အကြီးကောင်က မိမိမော်နဲ့ စကားများထားတာ ရက်ပိုင်းပဲ ရှိသေးလို့ သူ့အိမ်ပေါ် မတက်ချင်သေးလို့ မောင် အငယ်အိမ်ရှေ့ ဆိုင်ကယ်ရပ်မိတာ။ အငယ်မကိုလည်း လမ်းထိပ်ဘက် ထွက်သွားတာ ခပ်စောစောကတင် တွေ့လိုက်သေးတာ မဟုတ်လား။ သင်းကလေးကလည်း မိမိမော်ကို မမြင်ယောင်ဆောင်လို့ မျက်နှာကလေးကို မော့ချီလို့တောင် ထားလိုက်သေးတာ။ မောင်အငယ်ကတော့ အားလုံးထဲမှာ မိမိမော်အပေါ် အပျော့ပြောင်းဆုံးရယ်လို့ သူ့အိမ်ဝင်မယ် ကြံခဲ့မိတာ။ မောင်လေးတို့ မိသားစုနဲ့ စကားတစ်ခွန်းတစ်စ ပြောပြီး အမေ့ကို ခေါ်ခိုင်းမယ်လို့ မိမိမော် စိတ်ကူးရှိတယ်။ အမေ့ကိုအိမ်အထိ တင်ခေါ်သွားပြီး အိမ်ရောက်လျှင်တော့အမေ့ရင်ခွင်ထဲ တိုးဝင်ပြီး မိမိမော် တစ်ဝကြီးရှိုက်ငို ချပစ်လိုက်ချင်ပြီ။
မိမိမော် ဒီနံနက်ကလေးတင် တစ်နေရာမှာ တစ်ပွဲတစ်လမ်း နွှဲခဲ့ရသေးတယ်လေ။ ဒါပေမယ့် အခါတိုင်းပွဲတွေနဲ့တော့ မတူတော့ဘူး။ မိမိမော်အဲဒီပွဲမှာ ရှုံးခဲ့သလား မသေချာပေမယ့် မနိုင်တာတော့သေချာတယ်။
မိမိမော်က တစ်ဘက်သားအိမ်ရှေ့ ဆိုင်ကယ်ကလေး ထိုးရပ်ပြီး ဒေါက်ထောက်မလို့ ကြံတုန်းရှိသေးတယ်။
“ရှင် ကျွန်မအိမ်ကို လာစရာ အကြောင်းမရှိဘူး”
တစ်သက်လုံး မိမိမော်ကို ရွံ့ရှိန်၊ အလျြှေ့ပေးလာတဲ့ မိန်းမက မိမိမော်ကို ကက်ကက်လန် ရန်ထောင်စကားနဲ့ ဆီးကြိုနေနှင့်တယ်။
“နင့်အိမ်ကိုများ လာချင်လို့ လာတယ် မှတ်နေလား။ ငါ့ ယောက်ျား ငါ လာရှာတာ”
“လုပ်မနေနဲ့။ နင့်ယောက်ျားလည်း မရှိဘူး။ ငါ့အိမ်မှာ ငါကလွဲရင် ဘယ်သူမှ မရှိဘူး”
“မယုံဘူး။ ငါ ကိုယ်တိုင် တက်ရှာမယ်”
“ရှင် ရူးနေလား။ ကျွန်မ အခွင့်မပေးပဲ ကျွန်မအိမ်ပေါ်တက်လာရင် ရှင် ဘာဖြစ်သွားမယ် ထင်သလဲ”
မိမိမော်တစ်ယောက် လမ်းမပေါ်မှာ ဆွေ့ဆွေ့ခုန်နေတော့တာပဲ။ အဲဒီ မုဆိုးမ အမည်ခံအပျက်မရဲ့အိမ်ပေါ်မှာ အိမ်ကယောက်ျား တဏှာရူးကြီးရှိနေတာ မိမိမော် အတတ်သိတယ်။ ခုလို အော်ဟစ်တကြီး ဖြစ်နေချိန်မှာ သင်းက ဘယ်ချောင်ကြားမှာ ရှောင်ပုန်းနေတာလဲ။ နောက်ဖေးပေါက် အိမ်ကြို၊ အိမ်ကြား ခွေးတိုးပေါက်က တဆင့် ထွက်ပြေးလွတ်မြောက်သွားသလားမသိ။ နေနှင့်ဦး။
“နင်.. နင်နေနှင့်ဦး။ အမြှောင်မ”
အိမ်ပေါ်က မိန်းမက လိုတာထက်ပိုပြီး ခပ်ကျယ်ကျယ် အော်ရယ်လေရဲ့။
“အဲဒီစကား သူများပြောရင် ငါက နာမှာ။ နင်ကပြောတော့ နာမနေတော့ပါဘူး။ ဒါ နင်လျှောက်ခဲ့ဖူးတဲ့ လမ်းပဲလေ”
မိမိမော် ရှေ့တစ်လှမ်းတိုးကြည့်တယ်။
“ငါ့ ခြံစပ်ကို ခြေတစ်လှမ်း ချရဲ ချကြည့်၊ ပြီးမှ ငါ့အဆိုးမဆိုနဲ့နော်”
မခိုးမခန့် ရယ်မြူးသံက အိမ်ထဲက လွင့်လာပြန်တယ်။ မိမိမော်တစ်ယောက် အူ အသည်းတွေ ဗြောင်းဆန်တော့မတတ် ဒေါသတွေ တရှိန်ရှိန် တက်လာရတော့တယ်။ အပျဉ်ထောင်အိမ်အခွံတစ်လုံးကလွဲပြီး ဘာအဆံမှ တပြားတစ်ချပ် မကျန်တော့လောက်အောင် လော်မာလှတဲ့ အထည်ကြီးပျက်မ။ မုဆိုးမအမည်ခံပြီး ယောက်ျားတကာကို မြှူဆွယ်နေတဲ့ ပိုင်းလုံးမ။ အသိုက်ပျက် ဥတစ်လုံးမ။ တတ်သမျှ၊ မှတ်သမျှ အယုတ္တ၊ အနတ္တတွေ နှုတ်ကထွေးထုတ်ရင်း အသံတွေပြာ၊ လည်ချောင်းတွေ အက်ကွဲလုရှိလာတော့ လူကမောပြီး နုံးချိလာတယ်။ မျက်လုံးတွေ ပြာပြာဝေပြီး ဆင်ခြင်သတိလည်း ကင်းလွတ်လုလု။ အနိုင်နိုင်အားတင်းရင်း ဆိုင်ကယ်ကို ထိန်းမောင်းလို့ မောင်လေးအိမ်ရှေ့ ဆိုင်ကယ် ထိုးအရပ်မှာ မိမိမော်ကို အိမ်ထဲကနေ လှမ်းရန်ထောင်ကြတာ အမေရယ်။

..တဲ့။ အမေ့သားပြောတာကျတော့ အမေ မကြားဘူး မဟုတ်လား။ မိမိမော်ကိုသာ အမေက လွန်တယ်ထင်နေတော့တာပဲ။ သူတို့ ပြောတာကို မိမိမော်က ငုံ့ခံနေရမှာလား။ တစ်သက်လုံးက သူတကာကို လျှာပေါ် တံတွေးမတင် ပြောလာခဲ့တဲ့ မိမိမော်က သူတို့ အပြောအဆို၊ အငြိုငြင်ခံရမယ့် သူလား အမေ။ ဒေါသတွေ မခံချင်စိတ်တွေ ဆင့်ပေါင်းမွှေနှောက်လို့ နားထင်နှစ်ဖက်ဆီမှ တဒိတ်ဒိတ် သွေးတိုးခုန်နေတော့တာ ပေါက်ထွက်တော့မလား ထင်ရတယ်။
မိမိမော်က တစ်ခါဖူးမှ မဖြစ်စဖူးတဲ့ စိတ်ခံစားချက်တွေနဲ့ ၀မ်းပမ်းတနည်း၊ ရှိုက်ကြီးတငင်ငိုကြွေးလို့ အမေ့ကို တ၀ကြီး တိုင်တည် ရင်ဖွင့် ပစ်ချင်နေတာပါ။ ခုတော့ အမေက ပါ မိမော်ကို နှင်ပြီ။
ဒါပေမယ့် မိမိမော်ပါနော်။ တစ်ရွာလုံးနဲ့ တစ်ယောက်ဖြစ်နေလည်း လှေခွက်ချည်းကျန်၊ အလံမလှဲခဲ့တဲ့ မိန်းမပါ။ တစ်ဒင်္ဂကလေး ငုတ်လျှိုးနေတဲ့ မိမိမော်ရဲ့မာနက ချက်ချင်း ငယ်ထိပ်တက်ဆောင့်လာတယ်။ ၀ဲနေတဲ့ မျက်ရည်စ တစ်ချို့ကို ချက်ချင်းခေါင်းဆတ်လို့ ခါချပစ်လိုက်တယ်။ ထုံးထားတဲ့ ဆံထုံးက ဘယ်အချိန်ကတည်းက လျော့ပြေကျနေသလဲမသိဘူး။ လည်ကုတ်ကျောပြင်အနှံ့ ၀ဲဖြာလျောကျလာတယ်။ ဆံပင်ကို ပြန်ပြင်ထုံးဖို့ အလျှင်စလို လက်နှစ်ဖက်နဲ့ ဆွဲစုယူလိုက်တော့ ဘယ်အချိန်ကတည်းက ဆွဲနုတ်ထားမိမှန်းမသိတဲ့ ဆိုင်ကယ်သော့တံက လက်တွင်းကနေ မြေပေါ်ပြုတ်ကျသွားတယ်။
“နင်တို့အကုန်လုံး နေနှင့်ကြဦး။ မှတ်သားလောက်အောင် ပညာပေးဦးမယ်။ မိမော် ဘယ်လိုကောင်မလည်း ဆိုတာ အကြောင်းသိစေရမယ်ဟေ့´´
အသံကုန်အော်ပစ်ခဲ့တယ်။ အိမ်ပြန်ရောက်ရင်တော့ အရင်ဆုံးလုပ်ရမယ့် အလုပ်ဟာ သောက်နေကျ သွေးကျဆေး သောက်ဖြစ်ဖို့ပဲ။
အတွေးနဲ့ ဆိုင်ကယ်သော့တံကို ထိုင်လျှက်က ကုန်းကောက်ယူလိုက်တော့…
“အား……. မူးလိုက်တာ”
ဆိုင်ကယ်ပေါ်က ဦးစိုက်ခန္ဒာကိုယ်ကြီးကို ဘယ်တော့မှ ပြန်လည် မထူမတ်နိုင်တော့တဲ့ မိမိမော်ရဲ့ နောက်ဆုံး နှုတ်ထွက်စကားပေမယ့် အသံထွက်မလာနိုင်ခဲ့ဘူး။ ဘယ်သူမှလည်း မကြားသိလိုက်ကြပါဘူး။ နှလုံးသွေးတွေ တစ်ဒိတ်ဒိတ်တိုးခုန်လို့ တစ်ဘ၀လုံးစာ အသိမှောင်။ ။

Posted by သတိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)