**မဟာယာန ဗုဒ္ဓဘာသာ နွယ်သောသက္ကဋ ဗုဒ္ဓ၀င်ကျမ်းများ**
မဟာယာနဗုဒ္ဓဘာသာ၏ တိုးတက်ဖြစ်ထွန်းမှုကို စေ့ငုကြည့်မည်ဆိုပါက မဟာယာန ဗုဒ္ဓဘာသာ နွယ်သောသက္ကဋ ဗုဒ္ဓ၀င်ကျမ်းများ ကို ချန်လှပ်ထား ၍ ဖြစ်ကောင်းသည်မဟုတ်ပေ။ ရှေးဟောင်း ဟီနယာနဂိုဏ်း အသီသီးတွင် မြတ်ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ်များကို မှတ်တမ်းတင်ထားသော ဗုဒ္ဓ၀င်ကျမ်းများ ရှိလေသည်။ ထေရ၀ါဒဂိုဏ်း တွင် အလေးအမြတ်ပြုအပ်သော ဗုဒ္ဓ၀ံသပါဠိတော် ရှိသလို ရှေးဟောင်း ဟီနယာနဂိုဏ်း တစ်ခုဖြစ်သော မဟာသံဃိကဂိုဏ်းတွင်လည်း မဟာဝတ္တု သို့မဟုတ် မဟာဝတ္တု အ၀ဒါန ကျမ်းသည် အသီသီးတွင် မြတ်ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ်များကို လေးနက်စူးရှသော ကြည်ညိုသဒ္ဓါ တရားအားဖြင့် သီကုံးရေးသားထားသည်ကိုတွေ့ ရလေသည်။
မဟာဝတ္တု အ၀ဒါန ကျမ်းသည် ရှေးဟောင်း ဟီနယာနဂိုဏ်း တစ်ခုဖြစ်သော လောကုတ္တရာဝါဒီဂိုဏ်း ၏ ဗုဒ္ဓရှင်တော်တို့ သည် လောကကို ကျော်လွန် ၍ မြင့်မားသော အဆင့်သို့ ရောက်ရှိပြီးသူများဖြစ်ကြ ၍ လောကီသားတို့ ကဲ့ သို့ မွေးဖွားရှင်သန်စားသောက်နေထိုင်ခြင်းမှာ အစစ်အမှန် မဟုတ်မူပဲ အပေါ်ယံဟန်ပြသဘောသာဖြစ်သည်ဟူသော အယူအဆကိုလည်း ထင်ဟပ်ပြထားလေသည်။ မြတ်ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ်များကို ရေးဖွဲ့ဖေါ်ကျူးရာ ၌ သာမန်လူသားတို့ အတွက် မဖြစ်စဖူးထူးကဲလွန်းသော အံ့ဖွယ်သူရဲ အဖြစ်အပျက်များစွာဖြင့် ဝေေ၀ဆာဆာ တန်ဆာဆင်ရေးသားထား သောကြောင့် လောကုတ္တရာဝါဒီဂိုဏ်း ၏ တရားတော် တို့နှင့် လုံးဝ ကိုက်ညီနေပေသည်။ ဤ အယူအဆများသည်ကား ဗုဒ္ဓ၀ံသပါဠိတော် ကို ပင်လွမ်းမိုးဟန်ရှိခဲ့ ၍ မဟာယာနဗုဒ္ဓဘာသာ၏ လောကုတ္တရာဗုဒ္ဓ အယူဝါဒ၏ ရှေ့ပြေးအယူအဆ (Proto-Mahayanic Idea) အဖြစ် ပညာရှင်အများ လက်ခံထားကြလေသည်။
ဗုဒ္ဓ၀ံသပါဠိတော်နည်းတူ မဟာဝတ္တု အ၀ဒါန ကျမ်းသည် မြတ်ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ်များကို ပဋိသန္ဒေနေတ်ာမူခြင်း၊ ဖွာမြင်တော်မူခြင်း တောထွက်တော်မူခြင်း ဘုရားအဖြစ်သို့ရောက်ရှိ ၍ သဗ္ဗညုတဥာဏ်တော်ကိုရရှိခြင်း တရားဟောကြားတော်မူခြင်း ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း စသည်တို့ ကို အပိုင်း (၃) ပိုင်းခွဲ ၍ ရေးသားထားလေသည်။ ပထမအခန်းသည် ဒီပင်္ကရာဘုရားရှင်လက်ထက်မှစတင် ၍ နိယတဗျာဒိတ် ပန်ဆင်ခြင်း နှင့် ရှေးဘုရားများ လက်ထက်တော်က ဖြစ်စဉ်များ ကို ဖေါ်ပြထားလေသည်။ ဒုတိယပိုင်းတွင် ဘုရားလောင်းနတ်သား တုသိတာနတ်ပြည်တွင်စံတော်မူသည်မှစတင် ၍ မယ်တော်မာယာ၏၀မ်းကြာတိုက်ဝယ် ပဋိသန္ဒေနေတ်ာမူခြင်း၊ တောထွက်ခြင်း မာရ်နတ်နှင့် စစ်သည်တို့ကိုအောင်နိုင်တော်မူခြင်း ဘုရားအဖြစ်သို့ရောက်ရှိ ၍ သဗ္ဗညုတဥာဏ်တော် ကိုရရှိခြင်း တို့ ကို ဖေါ်ပြထားလေသည်။ နောက်ဆုံးပိုင်းတွင် ဓမ္မစကြာတရားဟောတော်မူပုံ နှင့် သံဃာအဖွဲ့အစည်းတည်ထောင်ပုံ တို့ ကို မှတ်တမ်းတင်ထားပါသည်။ သံဃာအဖွဲ့အစည်းတည်ထောင်ပုံ ကို ဖေါ်ပြထားသောကြောင့် မဟာဝတ္တု အ၀ဒါန ကျမ်းသည် မဟာသံဃိကဂိုဏ်း၏ ၀ိနည်းပိဋကတ်တွင သွတ်သွင်းထားခဲ့သော်လည်း ရဟန်းတော်များလိုက်နာရန် ၀ိနည်းပညတ်များကိုမူ ဖေါ်ပြထားခြင်း အလျင်းမရှိချေ။
မဟာဝတ္တု ၏ စာပေဖွဲ့စည်းမှု သည် ပါဠိစာပေမှ ဗုဒ္ဓ၀ံသ ကဲ့ သို့ ရှင်းလင်းပြတ်သားမှု မရှိပဲ ဇာတ်ကြောင်းများ ရှုပ်ထွေးနေ သောကြောင့် ကျမ်းဝင်္ကဘာဟုခေါ်နိုင် လေသည်။ ၀တ္တုကြောင်းများ ကို ထပ်ခါတလဲလဖေါ်ပြထားပြီးလျှင် အခြားသော အကြောင်းအရာ များ ထူးထွေများပြားလှသော ဇာတကများဖြင့် မွှေနှောက်ရေးသားစီရင် ထားသည်ကိုတွေ့ရ၏။ ရေးသားပုံမှာလည်း ဂါထာတစ်လှည့် စကားပြေတစ်လှည့် နှင့် လျော့ရဲသောဖွဲ့စည်းမှု ဖြစ်နေကြောင်း ဖွားတော်မူခန်း ဒဏ္ဍာရီကို လေးကြိမ်ခန့်ဖေါ်ပြထားကြောင်း တွေ့ရ၏။သက္ကဋ စာပေစစ်စစ်မဟုတ်ပဲ ရောနှော သက္ကဋ စာပေ ဆန် သည့် ရေးဖွဲ့မှုမျိုးဖြစ်၍ မဟာဝတ္တု တွင် ဓမ္မစက္ကပ၀တ္တနသုတ်-မဟာဂေါဝိန္ဒသုတ် (ဒီဃနိကာယ်) ဒီဃနခသုတ် (မဇ္ဈိမနိကာယ်) မာရသံယုတ် (သံယုတ္တနိကာယ်) ဓမ္မပဒ သဟဿဝဂ် ခုဒ္ဒကပါဌ သုတ္တနိပါတ် ၀ိမာန၀တ္တု ဗုဒ္ဓ၀ံသ စသော ရှေးပါဠိနိကာယ် စာပေ၏ သဲလွန်စများတွေ့ရသည် ကိုထောက်ချင့်၍ မဟာဝတ္တုသည် ဗုဒ္ဓဘာသာဂိုဏ်များစတင်ကွဲပြားပြီး မကြာမြင့်သေး သော အချိန်တွင် ရေးဖွဲ့ခဲ့ဟန်ရှိလေသည်။
မဟာဝတ္တုသည် ဟီနယာနဂိုဏ်းလာ ကျမ်းစာဖြစ်၍ ထေရ၀ါဒပါဠိပိဋကတ်တွင်ပါရှိသော အချက်အလက် အမြောက်အများ ပါဝင်လျှက်ရှိသော်လည်း မဟာယာနဆန်သော ရေးအဖွဲ့များစွာကိုလည်းတွေ့ ရ၏။ ဤသို့ ရောနှောနေရခြင်းမှာ မဟာဝတ္တု သည် အကြိုမဟာယာနဂိုဏ်းများဖြစ်သော လောကုတ္တရာဝါဒီဂိုဏ်း နှင့် မဟာသံဃိကဂိုဏ်း တို့၏ အတွင်းမှ ထွက်ပေါ်လာသော ကျမ်းဖြစ်သောကြောင့် ဖြစ်နိုင်၏။ လောကုတ္တရာဝါဒီဂိုဏ်း နှင့် မဟာသံဃိကဂိုဏ်း ဗုဒ္ဓအယူအဆသည် လူသားဗုဒ္ဓ အဖြစ်မှ ဒေ၀တာဆန်သော ဗုဒ္ဓအဖြစ် စတင်ကူးပြောင်းနေခဲ့သော ကာလဖြစ်သောကြောင့် ဖြစ်တန်ရာ၏။ ထို့ကြောင့် ဗောဓိသတ္တ တစ်ယောက် ကျော်လွန်ဖြတ်သန်းရမည့် ဘူမိ (၁၀) ပါး ကိုလည်း ကျယ်ဝန်းစွာဖေါ်ပြ ထား သည် ကိုတွေ့ရ၏။
ကြည်ညိုသဒ္ဓါတရားကို နိုးထစေသော ရှေးဟောင်းဟိန္ဒူပူရာဏ်ကျမ်းများကဲ့သို့ ဗုဒ္ဓ၏ ဂုဏ်ဒြပ်များကို အမွန်းတင်ထား သည်ကို တွေ့ရလေသည်။ ဗုဒ္ဓသည် အလွန် သန့်ရှင်းစင်ကြယ်တော်မူသောကြောင့် ဗုဒ္ဓအား ရှိခိုးပူဇော်ခြင်းသည် နိဗ္ဗာန်သို့ ပို့ဆောင်နိုင်သည် ဟူ၍၎င်း စေတီ ရုပ်ပွားတို့ကို ပန်းမာလ် နံ့သာတို့ဖြင့် လုပ်ကျွေးပူဇော်ရခြင်းသည် မရေမတွက်နိုင်သော ကုသိုလ်အကျိုးတရားများကို ပေးစွမ်းနိုင်သည် ဟူ၍၎င်း ဗုဒ္ဓ ပြုံးတော်မူရာမှ ထွက်ပေါ်လာသောရောင်ခြည်တော်တို့သည် ဗုဒ္ဓခေတ် တစ်ခုလုံး ကို ထွန်းလင်းစေသည် ဟူ၍၎င်း ဘုရားအလောင်းတော် ဗောဓိသတ္တ တို့ သည် လူသားမိဘနှစ်ပါး၏ သံဝါသပြုပေါင်းဖေါ်မှုကြောင့် မွေးဖွားလာရသည် မဟုတ်ကြပဲ မိမိတို့ ဖြည့်ကျင့်ဆည်းပူးခဲ့ကြသော ဘုန်း ကံ ပါရမီတော် တို့၏ အစွမ်းဖြင့်သာ လူ့ဘ၀ ကို ရခဲ့ကြောင်း ရေးသားထားပုံမှာ အမှန်ပင် မဟာယာနဆန်လှပေသည်။
မဟာဝတ္တုသည် ဟီနယာနဆန်သော ဗုဒ္ဓ၀င်ကျမ်းစာဟုဆိုပါလျှင် လလိတာဝတ္တာရကျမ်း (ဗုဒ္ဓမြတ်စွာ၏ လူလောကသို့ ဆင်းသက်ပျော်စံတော်မူခြင်း အကြောင်း) သည်ကား မဟာယာနဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထား ဦးခိုက်ရာ ဗုဒ္ဓ၀င်ကျမ်းတစ်ဆူပင် ဖြစ်လေသည်။ ဤကျမ်းတွင်ပါရှိသော ဗုဒ္ဓ၏ ရုပ်ပုံလွှာသည် ပကတိလူသားစစ်စစ် နှင့် လုံးဝ မတူတော့ပဲ ကောင်းကင်ဘုံမှ တန်ခိုးတော်ရှင် နတ်ဒေ၀ါတစ်ပါးအသွင် ဖြစ်နေလေသည်။ ဤကျမ်းသည် ပါဠိနိကာယ်လာ သုတ္တန်များကဲ့သို့ ဧ၀ံမေသုတံ စကားဖြင့် အစချီထားသော်လည်း အဖွင့်နိဒါန်း၌ ပင် ဗုဒ္ဓ၏ ရုပ်ပုံလွှာကို ရောင်ခြည်တော်များ တဖိတ်ဖိတ်တလက်လက် ကွန့်မြူးတောက်ပစေလျှက် အလင်္ကာစာပန်းချီ ရေးချယ်ထားလေ၏။ မြတ်ဗုဒ္ဓ၏ အနီးအပါးတွင် ရဟန်းတော်ပေါင်း (၁၂၀၀၀) ခန့်နှင့် ဗောဓိသတ္တပေါင်း (၃၂၀၀၀) ခန့်တို့က အမြဲတစေ ၀န်းရံထားလေဟန် ဖေါ်ပြ ရေးသားထားလေသည်။ ဗုဒ္ဓ၏ အတိုင်းမသိ ရေင်ဖြည်တော်များသည် ဒေ၀လောက ဗြဟ္မာလောက များသို့ အဆင့်ဆင့် ထွင်းဖေါက်၍ နတ်ဗြဟ္မာ အားလုံးကို လွန်ကဲသော ကြည်ညိုသဒ္ဓါတရားများ ဖြစ်ပေါ်စေကြောင်း နှင့် ဗြဟ္မဏတို့ ဆည်းကပ်ကိုးကွယ်ကြသော ဣဿရ (ဤရွှာရ)ဘုရားသခင်နှင့်တစ်ကွ သောင်းတိုက်စကြ၀ဠာများမှ နတ်ဗြဟ္မာတို့ သည် ရှင်တော်ဗုဒ္ဓ၏ ခြေတော်ရင်း၌ ၀ပ်တွားခယ ကြရလေဟန် ရေးသားသီကုံးထားလေသည်။
လလိတာဝတ္တာရကျမ်းလာ ဗုဒ္ဓ၏ ဘ၀ ဖြစ်တော်စဉ်သည် ပါဠိစာပေမှာ ဗုဒ္ဓ၀ံသ နှင့် များစွာ ဆင်တူသော အောက်ပါ ဖြစ်ရပ်များဖြင့် ဖွဲ့စည်းထားလေ၏။

· ဘုရားအလောင်းတော်နတ်သား တုသိတာနတ်ပြည်၌ စံနေစဉ် နတ်ဒေ၀တာတို့က လူ့ပြည်သို့ ဆင်းသက် တော်မူ၍ ဘုရားအဖြစ် ပွင့်တော်မူပါရန်တောင်းပန် တိုက်တွန်းကြပုံ
· ဘုရားအလောင်းတော်နတ်သား က လောကကို ကြည့်ဖြင်း(၅) ပါးဖြင့် ကြည့်တော်မူပြီး မယ်တော်မာယာထံ ကိန်းဝပ် စံပယ်ရန်ဆုံးဖြတ်ပုံ
· မယ်တော်မာယာသည် ဇမ္ဗူဒိတ်ကျွန်းတွင်ပြိုင်စံမမီ ဆင်ပြောင်တစ်သောင်းအားကို ဆောင်သော အကျင့်သီလနှင့် ပြည့်စုံဖြူစင်သော တစ်ဦးတည်းသော မိန်းမမြတ်ဖြစ်ပုံ
· မယ်တော်မာယာသည် အိပ်စက်နေစဉ် ဘုရားလောင်းသည် ဆင်ဖြူတော် အသွင်ဖြင့် မယ်တော့် ၀မ်းကြာတိုက် တွင် ၀င်စံကိန်းအောင်းတော်မူပုံ
· ဘုရားလောင်း သည် မယ်တော့် ၀မ်းကြာတိုက်တွင် စံနေစဉ် အညစ်အကြေးတို့ မလိမ်းကြံစေနိုင်ရန် နတ်တို့က ရတနာပြဿဒ်အိမ်တစ်ခု ကို ဖန်ဆင်းပေးထားပုံ
· ဤ ရတနာပြဿဒ်အိမ်၌ ဘုရားလောင်း၏ ရူပကာယတော် သည် ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံစွာ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူပုံ
· ဘုရားလောင်း၏ ရူပကာယတော်မှ ပေါ်ထွက်လာသော ရောင်ခြည်တော်တို့သည် အသွင်ဖြင့် မယ်တော့် ၀မ်းကြာတိုက် ကို ဖြတ်သန်း၍ ယူဇနာပေါင်းများစွာသို့ ပျံ့နှံ့ထွန်းလင်းနေပုံ
· ဘုရားလောင်း၏ သန္ဓေကို လွယ်ထားစဉ်ကာလ၌ မယ်တော်သည် အနာရောဂါရှိသူတို့၏ ဦးခေါင်းကို ထိလိုက်လျှင် အနာရောဂါများပျောက်ကင်းချမ်းသာကြရပုံ
· မယ်တော်သည် မိမိ၏ လက်ယာနံပါးကို ကြည့်သောအခါ ကြည်လင်သောမှန်ပြင်၌ မိမိ မျက်နှာကို ပြန်မြင်ရဘိသကဲ့သို့ သားအိမ်တွင်းမှာ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူသော ဘုရားလောင်းကို မြင်ရပုံ
· ဖွားမြင်တော်မူချိန်တွင် မယ်တော်သည် မတ်တပ်ရပ်လျှက် အနေအထားဖြင့်သာ လက်ယာနံပါးမှ ဘုရားလောင်းကို ဖွားမြင်ပုံ
· ဖွားမြင်တော်မူချိန်တွင် သောင်းတိုက်စကြ၀ဠာများမှ နတ်ဗြဟ္မာတို့ ရောက်ရှိလာ၍ အလုပ်အကျွေးပြုစုကြပုံ
· ဘုရားအလောင်းတော် သည် မြောက်ဖက်သို့ ခြေ (၇) လှမ်း လှမ်းစဉ် ခြေဖ၀ါးအောက်မှ ကြာပန်းများ ဖူးပွင့်လာကြပုံ
· မိမိသာလျှင် လောက၌ အကြီးဆုံး အမြတ်ဆုံး ဟု ဘုရားလောင်း က ကြုံးဝါးကြွေးကြော်ပုံ
· ဖွားမြင်တော်မူချိန်တွင် မြေလှုပ်ခြင်း စသော ဖြစ်မြဲဓမ္မတာ အံ့ဖွယ်ထူးကဲမှုများ ဖြစ်ပွားပုံ
ဘုရားလောင်း ထီးနန်းစည်းစိမ် ကိုခံစားတော်မူပုံ၊ နိမိတ်ကြီးလေးပါးမြင်၍ တောထွက်တော်မူပုံ၊ ဒုက္ကရစရိယ ကျင့်တော်မူပုံ။ ဘုရားအဖြစ်သို့ရောက်တော်မူပုံ၊ တရားဦးဟောကြားတော်မူပုံ အစရှိသည်တို့မှာ ပါဠိ ဗုဒ္ဓ၀င် နှင့် များစွာ မထူးလှချေ။ ပါဠိ ဗုဒ္ဓ၀င် တွင် မပါဝင်သော အခြား ထူးခြားသော အဖြစ်အပျက်များ ( ဘုရားလောင်း ကို ကျောက်ရုပ်ထုများက ရှိခိုးပုံ။ ဘုရားလောင်း ကို ပညာသင်ပေးမည့် ဆရာ ချော်လဲကျပုံ၊ ဘုရားလောင်း ကို မည်သူမျှ မသင်ကြားရပဲ ပညာရပ်များ တတ်မြောက်နေပုံ) တို့ ကို ပါ ထည့်သွင်းရေးဖွဲ့ထားလေသည်။

သို့ရာတွင် လလိတာဝတ္တာရကျမ်း သည် ဤမျှဖြင့် ကျေနပ်နှစ်သိမ့်ပုံမရသေးပဲ “ ငါဘုရားအား ဆည်းကပ်ယုံကြည်သူ အားလုံး ကို ငါဘုရားသည် အတုမဲ့သောကောင်းကျိုးကို ဆောင်တော်မူ၏။ ငါဘုရားအား ဆည်းကပ်ယုံကြည်သူ အားလုံး သည် ငါဘုရား၏ မိတ်ဆွေများဖြစ်ကြကုန်၏” စသဖြင့် ဖေါ်ကျူးရေးသားထားလေရာ ပါဠိ ဗုဒ္ဓ၀င် ထက်ပင် ပိုမို၍ ဗုဒ္ဓကိုးကွယ်ဆည်းကပ်မှု (ဘတ္တိ) ကို အလေးအနက်ထားဟန်ရှိလေသည်။ ပါဠိ ဗုဒ္ဓ၀င် နှင့် လလိတာဝတ္တာရကျမ်း သည် အချိန်ကာလခြင်း မရှေးမနှောင်းပေါ်ပေါက်ခဲ့ဟန်ဖြစ်ရကား ၎င်းတို့ထက် ရှေးကျသော ဗုဒ္ဓ၀င်စာပေ အစဉ်အလာ တစ်ခု ကို မှီငြမ်းပြုခဲ့ ကြ ရဟန်တူကြောင်း ပညာရှင်များက သုံးသပ်ကြပါသည်။ လလိတာဝတ္တာရကျမ်း သည် သုတ္တနိပါတ် ကဲ့ သို့သော ရှေးဟောင်းပိဋကတ်စာပေများမှ တိုက်ရိုက် ဆင်းသက်လှသည့် အလွန်လှပပြေပြစ်သော ဂါထာများဖြင့် ဖွဲ့စည်းထားသည်ဖြစ်ရာ ရှေးဟောင်းပိဋကတ်စာပေများ ၏ ဇစ်မြစ် ကို ထောက်လှမ်းလိုသော သုတေသီတို့ အတွက် ရတနာသိုက်သဖွယ်လည်း ဖြစ်နေပါ၏။
**အဋ္ဌသာဟာရှရိကာ ပညာပါရမိတာသုတ္တန် မှ မဟာယာန အယူအဆများ**
အေဒီ (၂) ရာစု ခန့်တွင် အိန္နိယပြည် မြောက်ပိုင်းတွင် ပညာပါရမိတာသုတ္တန်ကျမ်းများ ပေါ်ပေါက်လာခဲ့သည်။ မကြာခင်ကာလတွင် ယင်း ပညာပါရမိတာသုတ္တန်စာပေ များကို တရုပ်စာပေ သို့ ဘာသာပြန်ဆိုခဲ့ကြသည်။ နောက်ပိုင်းတွင် တိဗက်ဘာသာသို့လည်းပြန်ဆိုခဲ့သည်။ ပညာပါရမိတာသုတ္တန်များကို ဘုရားဟော ဗုဒ္ဓ၀စန အဖြစ် သတ်မှတ်ကာ ယုံကြည်ခဲ့ကြသည်။ ပညာပါရမိတာသုတ္တန်များ ကို ရှင်နာဂဇ္ဇုန က ပင်လယ်သမုဒ္ဒရာအောက်အရပ် နဂါးပြည်မှ သယ်ဆောင်ခဲ့သည်ဟူသော ဒဏ္ဍာရီဆန်ဆန် ဖေါ်ပြချက်မှတစ်ပါး ယင်းကျမ်းစာများကို မည်သူတို့က မည်သို့မည်ပုံစီရင်ခဲ့သည်ကို မသိရချေ။

ပညာပါရမိတာသုတ္တန်များနှင့်ပတ်သက် ၍ အထူးပြုလေ့လာခဲ့သောပညာရှင် အက်ဒ၀ပ် ကွန်ဇီ (Edward Conze) ၏ အလိုအရ ပညာပါရမိတာသုတ္တန်များ သည် နှစ်ပေါင်း တစ်ထောင်အတွင်း တစ်ဖြည်းဖြည်းတစ်ရွေ့ရွေ့ တိုးတက် လာခဲ့လေသည်။ ဘီစီ (၁) ရာစု မှ အေဒီ (၁) ရာစု အတွင်း ပညာပါရမိတာသုတ္တန်များ၏ အခြေခံ ကို စတင်ခဲ့၏။ နောက် နှစ်ပေါင်း (၂၀၀) အတွင်း ၎င်း အခြေခံသုတ္တန် ကို ကောင်းစွာတိုးချဲ့တည်ဆောက်လာခဲ့ကြောင်း ထို့နောက် အေဒီ (၅) ရာစုအထိ ကာလသည် ရှည်လျားသော ပညာပါရမိတာသုတ္တန်များကို ပြန်လည် အတိုချုံးခဲ့ ဟန်ရှိကြောင်း အဖွင့် အဋ္ဌကထာ ဋီကာကျမ်းများလည်းဝန်းရံပေါ်ပေါက်ခဲ့ကြောင်း နောက်ဆုံးခေတ်ကာလ ဖြစ်သော အေဒီ (၆) ရာစု မှ အေဒီ(၁၂) ရာစုထိ ကာလတွင် ပညာပါရမိတာသုတ္တန်များ အတွင်းသို့ တန္တရယောဂ နှင့် မန္တရဆိုင်ရာ အယူအဆများ ၀င်ရောက်လာခဲ့ပုံရကြောင်း အက်ဒ၀ပ် ကွန်ဇီ က အနုမာန ပြုခဲ့ပါသည်။ အက်ဒ၀ပ် ကွန်ဇီ ၏ ခေတ်ပိုင်းခြားမှု ကို အောက်ပါအတိုင်းတွေ့ ရပြီး ပညာရှင်အများ လက်ခံ ကြပါသည်။
(၁) ရှေးအကျဆုံးဖြစ်သော အဋ္ဌသာဟာရှရိကာ ပညာပါရမိတာသုတ္တန် (ဂါထာ-၈၀၀၀) နှင့် ယင်း၏ အနှစ်ချုပ်ဖြစ်သော ရတနဂုဏသံစယဂါထာ ပေါ်ထွန်းခဲ့သည်။
(၂) ၎င်းအခြေခံသုတ္တန် ကို ကောင်းစွာတိုးချဲ့တည်ဆောက်လာသောအားဖြင့် ဂါထာတစ်သိန်းပါသော သတသာဟာရှရိကာ ပညာပါရမိတာသုတ္တန် ဂါထာ (၂၅၀၀၀) ပါသော ပဉ္စ၀ိံသတိသာဟာရှရိကာ ပညာပါရမိတာသုတ္တန် နှင့် ဂါထာပေါင်း (၁၈၀၀၀) ပါဝင်သော အဋ္ဌဒဿသာဟာရှရိကာပညာပါရမိတာသုတ္တန် တို့ ဖြစ်ပေါ်လာခဲ့၏။
(၃) စိန်သုတ္တန် (Diamond Sutra) ဟု နာမည်ကျော်ကြားသော ဂါထာ(၃၀၀) ပါ ၀ဇိရဆေဒိကာ ပညာပါရမိတာသုတ္တန် နှင့် ပညာပါရမိတာသုတ္တန်အားလုံး၏ အခြေခံ အဋ္ဌကထာ သဖွယ်ဖြစ်သော အဘိသမယလင်္ကာရ သျှတ္တရ ကျမ်းကြီး (ဗောဓီသတ္တမေတ္တေယျ ပြုစု) ပေါ်ပေါက်လာခဲ့၏။
(၄) နောက်ဆုံးခေတ်တွင် ပညာပါရမိတာသုတ္တန်စာပေ တစ်ခုလုံး ကို ဓါရဏီ မန္တာန် အနေဖြင့် အကျဉ်းချုပ်ထားသော ဂါထာ(၁၅၀) ခန့် ရှိသော အဒ္ဓါဓါသတိကာပညာပါရမိတာသုတ္တန် အသွင်ဖြစ်ပေါ်ခဲ့လေ၏။[1]
မည်သို့ပင်ဖြစ်စေ အဋ္ဌသာဟာရှရိကာ ပညာပါရမိတာသုတ္တန် (တရုပ်ဘာသာပြန်) သည်ကား အစောဆုံးတွေ့ ရသော မဟာယာနဆိုင်ရာ ကျမ်းစာ တစ်ဆူဖြစ်ပေသည်။ အဋ္ဌသာဟာရှရိကာ ပညာပါရမိတာသုတ္တန် တွင် ရှေးဦးဗုဒ္ဓ၀ါဒ နှင့် အဘိဓမ္မာ ကျမ်းများ နှင့် အယူအဆရေးရာ အရ စတင်ကွဲပြားခြားနားမှု များကို တွေ့နိုင်သည်။ အယူအဆရေးရာ ခြားနားမှုများ အနက် (၁) သုညတ၀ါဒ နှင့် (၂) ဗောဓိသတ္တမဂ်လမ်းစဉ် တို့ မှာ အပေါ်လွင် အထင်ရှားဆုံးဖြစ်လေသည်။
ရှေးဦးဗုဒ္ဓ၀ါဒ နှင့် အဘိဓမ္မာ ကျမ်းများ တွင် သတ္တ၀ါတို့၏ အရှိတရား ကို ခန္ဓာ၊အာယတန၊ဓါတု၊သစ္စာ အဖြစ် ခွဲခြမ်းစိတ်ဖြာဝေဖန်သည်။ ယင်း ခန္ဓာ၊အာယတန၊ဓါတု၊သစ္စာ စိတ် စေတသိက် ရုပ်တို့ ကို စုရုံးခြင်း၊ ဝေဖန်ခြင်း၊ ဓာတ်ခွဲခြင်း၊ ပုဂ္ဂိုလ်ခွဲခြင်း၊ ၀ါဒယှဉ်ခြင်း၊ စုံညီပြုခြင်း၊ ကြောင်းကျိုးဆက်ခြင်း စသော နည်းပေါင်းစုံဖြင့် ပုဂ္ဂလအတ္တ နှင့် အတ္တနိယ ကို ပယ်ရှားနိုင်ခြင်းသည် ရှေးဦးဗုဒ္ဓ၀ါဒ နှင့် အဘိဓမ္မာ ကျမ်းများ၏ ပန်းတိုင်ဖြစ်လေသည်။ သတ္တ၀ါတို့၏ အရှိတရား ကို သမ္မုတိသစ္စာ အဖြစ်သတ်မှတ်ပြီး ခန္ဓာ၊အာယတန၊ဓါတု၊သစ္စာ စိတ် စေတသိက် ရုပ် စသည်တို့၏ အရှိတရားကို ပရမတ္ထသစ္စာ အဖြစ်သတ်မှတ်သည်။
ပညာပါရမိတာသုတ္တန် တွင် ဟောကြားခဲ့သော သုညတ၀ါဒ အမြင်သည် ပုဂ္ဂလအတ္တ နှင့် အတ္တနိယ ကို ပယ်ရှားရာ တွင် ရှေးဦးဗုဒ္ဓ၀ါဒ နှင့် အဘိဓမ္မာ ကျမ်းများအလို နှင့် အမြင်ချင်းတူမျှပေသည်။ သို့ရာတွင် ခန္ဓာ၊အာယတန၊ဓါတု၊သစ္စာ စိတ် စေတသိက် ရုပ်တို့ ကို ပကတိ သ-ဘာဝ အရှိတရားများ အနေနှင့်တော့ လက်မခံပါ။ ခန္ဓာ၊အာယတန၊ဓါတု၊သစ္စာ စိတ် စေတသိက် ရုပ်တို့ သည် အကြောင်း အခြေအနေတရားများ ကို မှီစွဲဖြစ်ပွားရသော တရားများဖြစ်သောကြောင့် ယင်း ခန္ဓာ၊အာယတန၊ဓါတု၊သစ္စာ စိတ် စေတသိက် ရုပ်တို့ တွင် ကိုယ်ပိုင် ဂုဏ်သတ္တိ ကိုယ်ပိုင်လက္ခဏာ သဘာဝ မြူမှုံမျှပင်မရှိ ဟူရွေ့ ဟောကြားပါသည်။ သုညတ၀ါဒ အမြင်တွင် အရာခပ်သိမ်းတို့၏ ကိုယ်ပိုင် ဂုဏ်သတ္တိ ကိုယ်ပိုင်လက္ခဏာ သဘာဝ ကင်းဆိတ်ခြင်းတည်းယူသော သုညတလက္ခဏာ သည်သာလျှင် ပရမတ္ထသစ္စာ အဖြစ်သတ်မှတ်ပါသည်။
ပညာပါရမိတာသုတ္တန် တွင် ဟောကြားသော ပညာပါရမီဟူသည်ရှေးခေတ် အဘိဓမ္မာကျမ်းတို့၏ ခန္ဓာ၊အာယတန၊ ဓါတု၊သစ္စာ စိတ် စေတသိက် ရုပ်တို့ ကို ပကတိ သဘာဝ အရှိတရားများအဖြစ်သတ်မှတ်ခွဲခြမ်းစိတ်ဖြာပြီး အရာခပ်သိမ်း၏ ပကတိသဘောကို အသိရောက်စေသော ယထာဘူတဥာဏ် (၀ါ) တရားသဘောများကို ပိုင်းခြားဝေဖန် စိတ်ဖြာသော ဓမ္မ၀၀တ္ထာန ဥာဏ် မျိုး မဟုတ်မူပဲ အရာခပ်သိမ်းတို့၏ ကိုယ်ပိုင် ဂုဏ်သတ္တိ ကိုယ်ပိုင်လက္ခဏာ သဘာဝ ကင်းဆိတ်ခြင်း တည်းယူသော သုညတလက္ခဏာကို အမြင်ပေါက်ခြင်းသာ အဓိကဖြစ်လေသည်။
နောက်ထပ် အရေးကြီးလှသော အရွေ့တစ်ခုမှာကား ရှေးဦးဗုဒ္ဓ၀ါဒ၏ ပန်းတိုင် သည် ရဟန္တာ အဖြစ်သို့ ရောက်ရှိပြီး ဘ၀အသစ်ဖြစ်ပေါ်မှုအကြွင်းမဲ့ချုပ်ငြိမ်းခြင်း (အနုပါဒိသေသနိဗ္ဗာန်) ပင်ဖြစ် သော်လည်း ပညာပါရမိတာသုတ္တန် တွင် ဟောကြားခဲ့သော ဗောဓိသတ္တမဂ်လမ်းစဉ် မှာမူ ရှေးဦးဗုဒ္ဓ၀ါဒ၏ ပန်းတိုင် ဖြစ်သည့် ရဟန္တာ အဖြစ် ကို သေးသိမ်ကျဉ်းမြောင်းသော ပုဂ္ဂလိကဆိုင်ရာ ပန်းတိုင် အနေဖြင့် သတ်မှတ်ပြီး အတုမရှိသော အနုတ္တရသမ္မာသမ္ဗောဓိ ဥာဏ်တော် ကို ရရှိပြီး ဝေနေယျသတ္တ၀ါအများကို ထုတ်ဆောင် ကယ်တင်နိုင်စွမ်းသော ဗုဒ္ဓ အဖြစ် ကို ပန်းတိုင်အဖြစ် သတ်မှတ်ပါသည်။
ပညာပါရမိတာသုတ္တန် သည် ရှေးဦးဗုဒ္ဓ၀ါဒ၏ ပါဠိပိဋကတ်မှ သုတ္တန်များနည်းတူ ဧ၀ံ မေ သုတံ (ကျွန်ုပ် သို့ကြားနာ ခဲ့ရဖူးပါသည်။) ဟူသော ၀ါကျဖြင့် အစပြုသည်ကိုတွေ့ ရသည်။ သုတ္တန် ကို ဟောကြားရာ အရပ်ဒေသ တရားနာပရိသတ် စသည်တို့ ကို ဖေါ်ပြပုံမှာလည်း ပါဠိပိဋကတ်မှ သုတ္တန်များနည်းတူပင်ဖြစ်လေသည်။ သို့သော်လည်း ပါဠိပိဋကတ်မှ သုတ္တန်များနှင့် နိုင်းစာလျှင် အလွန်ရှည်လျှားဟန်ပေါ်လေသည်။ ရှေးဦးဗုဒ္ဓ၀ါဒ၏ ထင်ရှားသော ရဟန္တာ မထေရ် ကြီးတစ်ပါးဖြစ်သော အရှင်သုဘူတိ ကို လည်း ဗုဒ္ဓရှင်တော်နှင့် သုညတ၀ါဒ ရေးရာများ ပြန်လှန်ဆွေးနွေးသူ အနေနှင့် ဖေါ်ပြထားသည်ကို တွေ့  ရလေသည်။ အရှင်သုဘူတိ သည် သုညတာဓမ္မ နှင့် ပတ်သက် အသိရောက်အမြင်ပေါက်သူ သာဝကများအနက် အထူးမြတ်ဆုံးသော ဧတဒဂ်ပုဂ္ဂိုလ် အနေနှင့် သတ်မှတ်ခံရသူ လည်းဖြစ်ပေ၏။
ထို့ အပြင် ပညာပါရမိတာသုတ္တန် ကို ဟောကြားတော်မူသော ရှင်တော်ဗုဒ္ဓ၏ အတုမရှိသော ကျက်သရေ ဘုန်းတန်ခိုးတို့ကိုလည်း အလွန်အကျူးဖေါ်ပြထားသည်ကို ဤသို့ တွေ့ ရလေသည်။
“ကိုယ်တော်မြတ်သည် သမာပတ်ဝင်စားတော်မူရန် ကိုယ်ကို ဖြောင့်မတ်စွာ ပြုလျှက် ထက်ဝယ်ဖွဲ့ခွေ ထိုင်တော်မူ ၍ သမာပတ်အားလုံးကို အကြုံးဝင်သော သမာပတ်အားလုံးတို့၏ဘုရင် သာဂရမုဒြာသမာဓိ ကို ၀င်စားတော်မူ၏။ ထို့နောက်ထင်သော သတိကြည်လင်သော စိတ်တော်ဖြင့် သမာပတ်မှထတော်မူ ၍ ဒိဗ္ဗစက္ခုအဘိဥာဏ်ဖြင့် ဤဗုဒ္ဓခေတ် တစ်ခုလုံးကို သိမ်းကြုံးကြည့်ရှုတော်မူစဉ် ကိုယ်တော်၏ အင်္ဂါကြီးငယ် အားလုံးနှင့် အရေပြားမွေးတွင်းတော်တိုင်းမှ ရောင်ခြည်တော်ကို ကွန့်မြူးပျံထွက်စေတော်မူစေရာ ထိုရောင်ခြည်တော် များသည် စကြ၀ဠာများ အားလုံးကို ထွန်းလင်းတောက်ပစေကုန်၏။”
“ဤသို့ ကွန့်မြူးပျံထွက်စေသောရောင်ခြည်တော်များကို တွေ့မြင်ကြကုန်သော သတ္တ၀ါအားလုံးတို့သည် ထိုရောင်ခြည်တော်အလင်းဖြင့် ဥာဏ်အမြင် သန့်ရှင်းခြင်းသို့ ရောက်ကုန်လျှက် အတုမရှိသော သဗ္ဗညုတဥာဏ်တော်ကို ရရှိရန် အဓိဋ္ဌာန်ပြုကြလေကုန်၏။ ထို့နောက် ဗုဒ္ဓသည် ဖွင့်ထားသော ခံတွင်းမှ လျှာတော်ကို မြင်စေလျှက် ပြုံးတော်မူလေရာ ရာပေါင်းများစွာ ထောင်ပေါင်းများစွာ သန်းပေါင်းများစွာ အသေခ်ၤယ် အပၸေမယ် ရောင်ခြည်တော်တို့သည် လျှာတော်မြတ်မှ ကွန့်မြူးပျံထွက်ကြကုန်၏။ ရောင်ခြည်တော် တစ်ခုစီတွင် အရောင်တလက်လက်ထွက်နေကုန်သော လှပတင့်တယ် ရှုချင်ဘွယ် ဖြစ်ကုန်သော သင်းပျံ့မွှေးကြိုင် ရနံ့လှိုင် ၍ ရွှေရောင် တောက်နေသော ကာစိလိန္ဒိက (ကာသိတိုင်းဖြစ်ပုဆိုး) ကဲ့သို့ နူးညံ့ပျော့ပြောင်းကုန်သော အထောင်မကသော ပွင့်ချပ်တို့ဖြင့် ရွှေရောင်ကဲ့သို့ ပြိုးပြိုးပြက် တောက်ပကုန်သော ရတနာ ကြာပွင့်တို့သည် ပေါ်ထွက်လာကြကုန်၏။”
“ ဤ ရတနာကြာပွင့်များပေါ်ဝယ် တထာဂတနိမ္မိတရုပ်ပွားတော်များသည် ထိုင်တော်မူကြကုန်လျှက် ပါရမီခြောက်ပါးတရားတော် ကို ဟောတော်မူကြကုန်၏။ ထိုတရားတော်ကို ကြာူနာကြရကုန်သော သတ္တ၀ါ အပေါင်းတို့သည် အတုမရှိသော သဗ္ဗညုတဥာဏ်တော်ကို ရရှိရန် ဆုတောင်ပတ္တနာပြုကြလေ၏။ ရျင်တော်ဗုဒ္ဓသည် သီဟ၀ိဇမ္ဘိစာ ဟူသော သမာပတ်ကို တစ်ခါထပ် ၀င်စားတော်မူပြန်၏။ ဤခဏ ၌ မရေမတွက်နိုင်သော စကြ၀ဠာတို့တွင်ရှိကြကုန်သော ငရဲ တိရ စ္ဆာန် နှင့်ပြိတ္တာ ဘုံ အစရှိသည်တို့ ၌ ဒုက္ခခံစားနေရသော သတ္တ၀ါများ သည်ချမ်းသာရာရကြကုန်လေ၏။”
“နတ်လူအားလုံးတို့သည် မိမိတို့၏ ရှေးရှေးဘ၀များကို ပြန်ပြောင်းအောက်မေ့ သတိရကြကုန်လျက် ဗုဒ္ဓထံတော်သို့ ချဉ်းကပ် ၍ ရှိခိုးပူဇော်ကြကုန်၏။ ထိုခဏ ၌ ပင်လျှင် မရေမတွက်နိုင်သော စကြ၀ဠာတို့တွင်ရှိကြကုန်သော ပဋိသန္ဓေအားဖြင့် ကန်းသောသူ ပင်းသောသူ စိတ်မနှံ့သောသူ တို့သည် မြင်ကြ ကြားကြ လူကောင်းပကတိ ဖြစ်လာကြကုန်၏။”
စုဆောင်းတင်ပြသူ- လင်းထက်ဆွေ
[1] Paul Williams, Mahayana Buddhism, P.41

No comments:
Post a Comment