--လေလှိုင်းထဲက မှာစားရသည့် ပဲပြုတ်သည် (၀ါ) ကြည်ရေ--
ထိုင်း - မြန်မာနယ်စပ် တာ့(ခ်) ခရိုင် တလွှားမှာ ကျနော်တို့ မြန်မာပြည်သားတွေဟာ ထိုင်းအိမ်ရှင်တွေဆီကနေ အိမ်ငှားရမ်းကျတဲ့အခါမှာ ၁၀ယောက်မှာ ၉ယောက်ဟာ တိုက်ခန်း ပဲ ရကြတာများတယ်လေ။ ဆိုတော့ကာဂုရုဆန်တို့ကွန်ခိုရာနေရာသစ်အနီးက ၄ထပ်တိုက်ခန်း ကြီးရဲ့ အပေါ်ဆုံးထပ်မှာ ဒေါ်ပဲပြုတ်တို့ နေထိုင်ကြတာပေါ့။ အနှီ ပဲပြုတ်သည်အမကြီး (လူငယ်တွေက အန်တီကြီး)သည်ကား မနက်ဆိုပါလျှင် ၀၅း၄၅ နာရီခန့်တွင်လမ်းလျှောက်ကာ တစ်တိုက်တန်းဝင်၊ တစ်တိုက်တန်းထွက် ပဲပြုတ်ရောင်း ကာ ၀မ်းရေးကို ဖြေရှင်းနေသူဖြစ်ပါသည်။ ဂုရုဆန်မှာလည်း နေ့စဉ်မဟုတ်သည့်တိုင်အောင် နှစ်ရက်ခြားတစ်ခါ၊ သုံးရက်ခြားတစ်ခါဆိုသလို ပဲပြုတ်ဝယ်ကာ ထမင်းကြော်လျှင်ကြော်၊ နို့မဟုတ်လျှင် ၃ ကီလိုမီတာအကွာအဝေးတွင်ရှိသော မြို့ထဲပိုင်းဈေးတနေရာ၌ နံပြားဝယ်ကာ ကျနော်တို့အဖေကြီးဗိုလ်ချုပ်အောင်ဆန်း(၀ါ) ဂျပန်ကပေးတဲ့အစစ်အမှန်ရာထူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးအောင်ဆန်း၏အကြိုက် ပဲပြုတ် နံပြားကို မြိန်မြိန်ကြီးစားလိုက်ပါသည်။ (အမှန်က ဂုရုဆန်သည် အိမ်ရှိ ရွှေ့ပြောင်းအလုပ်သမားအချို့နှင့် ဂျက်ဘာအဖွဲ့ဝင်များကို ပဲပြုတ်နှင့် နံပြားသင့်အောင်ကျွေးပြီး မိမိမှာမူ နံပြားချည်းသီးသီးစားလိုသူဖြစ်သည်။ နုတ်ဖျားမှ လည်း “ကြည်ရေ…နံပြားချည်းသီးသီး စားရမှာလားကွယ်၊ ကျွေးတော့မှာလားကွယ်” ဟူ၍ အိပ်မက်အတွေးများဝယ် အီလည်လည် ဖြစ်ရမှုအကြိမ်ကြိမ်ရှိခဲ့ပါသည်။) အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့် နီးလျက်နှင့်ဝေး၊ တွေးမိတိုင်း ဆွေးရသော်လည်း တစ်ခါတစ်ခါ လွေးစရာ ပဲပြုတ်နှင့် နံပြားလေး (နံပြားချည်းသီးသီးပဲဖြစ် ဖြစ်ဖြစ်ပေါ့) ရှိနေပါသဖြင့် တော်ပေသေးသည်ဟု ဖြေသိမ့်ရပါသည်။ ဟောဗျာ… လေးထပ်တိုက်တန်းကြီးဆီက ပဲပြုတ်သည်ကို အလုံးလုံးသေးသေးနှင့် စားရတာ ခပ်ညက်ညက်ရှိသောကြောင့် နှစ်သက်မိသည့်အတိုင်း (ကိုင်း) မနက် ၅ နာရီလည်း ထိုးပြီမို့ လေလှိုင်းထဲကနေ ခေါ်လိုက်မယ်…လာလေရော့................(၀၈၉ ၅၁၄ ၀၅၅၁) တဲ့။ အို…ပဲပြုတ်နဲ့ နံပြားကို မြင်တိုင်း ရင်လှိုင်းခတ်သံ ဆူညံလိုက်ပါဘိတောင်း။
ရေးဖွဲ့-ဆန်တာကလော့စ်
(ခေတ္တ-အင်္ဂပူ)

No comments:
Post a Comment