ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, April 28, 2012

>
-အလိုက်သင့်ရွေ့လျားခြင်းအကြောင်း -
Posted by မြသွေးနီ 

ညောင်းညာနေတဲ့ လက်ချောင်းလေးတွေကို ဂျွတ်ခနဲ ဂျွတ်ခနဲ မြည်အောင် ဘယ်ပြန်ညာပြန် ချိုးပြီး အညောင်းဖြေရင်းက လက်ဖ၀ါးလေးတွေကို ချို ဖြန့်ကြည့်လိုက်မိတယ်။ လက်ဆယ်ချောင်းလုံးရဲ့ ထိပ်ဖျားလေးတွေက ရေနူးလို့ ပဲကြီးရေခွံ တွန့်နေပြီ။ ဒီနေ့ မလျှော်ရဖူးဆို အနည်းဆုံး ငါးခေါင်းလောက် ရှိနေပြီ။ မနက် ဆိုင်ရောက်ထဲက ကျလိုက်တဲ့ အမျိုးသမီး လျှော်ခေါင်းတွေ။ ဆံပင်တွေကလဲ ထူပေ့၊ ရှည်ပေ့ဆို တဲ့ပင်ပင်ပမ်းပမ်း လျှော်ရတဲ့ ခေါင်းမျိုး။ လျှော်ခေါင်းတွေ သာမကပဲ ကောက်ခေါင်းတွေကိုလဲ ကူလျှော်ပေးရသေးတယ်။ ဆိုင်မှာ ခေါင်းလျှော်စင်တွေ နှစ်ဆယ်လောက် ရှိတာတောင် စင်အားလုံးမှာ လူတွေက အပြည့်။ ဒီလောက်အေးနေတဲ့ ဆောင်းတွင်းကြီးမှာ ခေါင်းကို အိမ်မှာ မလျှော်ကြပဲ ဘာလို့များ လူတွေက ဆိုင်မှာ လာလျှော်ကြလဲမသိ။ ဇိမ်ခံဖို့များလား၊ ဒါမှမဟုတ် အလှအပ ကြိုက်လို့လား၊ ဒါမှမဟုတ် အချိန်တွေ ငွေတွေ ပိုလျှံနေလို့များပဲလားလို့ စိတ်ပေါက်ပေါက်နဲ့ ချို တွေးမိတယ်။ အဲ့ဒီလို အပြစ်ပြောနေလို့လဲ မရဘူး။ သူတို့လို ဖောက်သည်တွေ ရှိနေလို့သာ ဗြူတီစလွန်းတွေ တစ်ဆိုင်ပြီး တစ်ဆိုင်ဖွင့်ကြ၊ အဲ့ဒီဆိုင်တွေမှာ ချိုတို့လို လူစားမျိုးတွေ အလုပ်လုပ်ခွင့် ရနေကြတာပေါ့။ ဒီနေ့ သောကြာနေ့ဆိုတော့ ချို့စိတ်တွေက ဆိုင်ကို လာနေကြ တစ်ယောက်သော ဧည့်သည်ဆီ ရောက်ရင်းက ဟိုဟိုသည်သည် တွေးလို့နေမိတယ်။ သူက ဆိုင်ကို သောကြာနေ့တိုင်း ဆိုင်မှာ ခေါင်းလာလျှော်တတ်သူ။ တစ်လတစ်ခါ ဆိုင်မှာ ဆံပင် ပုံမှန်ညှပ်သူ။ ကံအားလျော်စွာ သူ ဆိုင်ကိုလာတဲ့ ဆယ်ခါရံမှာ ချိုနဲ့က ငါးခါလောက်ဆုံနေတော့၊ သူ့ကိုဆို ချို ကောင်းကောင်း မှတ်မိနေပြီ။ သူကလဲ ချိုခေါင်းလျှော်တာ သူများနဲ့မတူဘူးဆို မှတ်မှတ်ရရ ချီးမွမ်းတတ်သူ။ ဒီနေ့ လာနေကြအချိန်ထက် သူနောက်ကျနေတယ်။ တစ်ခါတစ်ခါတော့ ဒီဆိုင်ကို ချို ပြောင်းလာမိတာ မှားများ မှားပြီးလား ထင်မိတယ်။ တကယ်တမ်း ချို ကျွမ်းကျင်တာ၊ ချို ၀ါသနာပါတာက ဆံနွယ်စလေးတွေကို ပုံစံလှလှလေးတွေ ထွက်လာအောင် ဖန်တီး ညှပ်ယူရတာ။ ချို့လက်က အညှပ်လက်။ ဆံပင်ကောက်တာတို့၊ မိတ်ကပ်ပြင်တာတို့၊ လက်သည်း ပုံဖော်တာတို့ကို ချို လုံးဝမှ စိတ်မရှည်တာ။ ချိုက ဆံပင်စတွေကို ဘီးပါးလေးနဲ့ တစ်လွှာပြီးတစ်လွှာ ဖြီးချပြီး၊ ကပ်ကြေး ဦးချွန်လေးနဲ့ ရွှပ်ခနဲ၊ ရွှပ်ခနဲ ညှပ်ရင်းက ရုပ်လုံးပေါ်လာတဲ့ ဆံပင်ပုံစံလေးကို ကြည့်ပြီး ရင်ခုန် နှစ်ခြိုက်တတ်သူ။ ဆံပင်ညှပ်နေရမယ်ဆို ချိုက ထမင်းမေ့ဟင်းမေ့ဆိုတဲ့ အစားထဲကပေါ့။ လက်ရှိ ဒီဆိုင်ကြီးမှာ ခေါင်းလျှော်တဲ့ အလုပ်ကို ချိုလုပ်နေရပေမယ့် ဟိုးအရင်လုပ်ခဲ့ဖူးတဲ့ ဆင်ခြေဖုံး ရပ်ကွက်ထဲက တီတီနုရဲ့ ဗြူတီကွင်း ဆိုင်လေးကနေ ချို ဒီလောကထဲ ခြေစချခဲ့တာကို သတိရမိတယ်။ ချို ဒီလောကထဲကို စရောက်လာတာ ချို့ လက်ဦးဆရာ တီတီနုရဲ့ ကျေးဇူးမကင်းဘူး။ ဗြူတီကွင်းဆိုင်ရှင် တီတီနုရဲ့ယောကျာ်း ဦးအောင်ကြီးက ချိုတို့ မေမြို့က၊ ပြီးတော့ ချို့ဦးလေးငယ်နဲ့လဲ ငယ်သူငယ်ချင်း။ ဆယ်တန်းစာမေးပွဲ နှစ်ခါကျလို့ စာမေးပွဲကို ချို ဆက်မဖြေချင်တော့တဲ့ အချိန်။ တ်ီတီနု အမျိုးသား ဦးအောင်ကြီးတစ်ယောက် ဆိုင်တိုးချဲ့ဖို့အတွက် ဆိုင်အိပ်ဆိုင်စား ၀န်ထမ်းမိန်းကလေးတွေ မေမြို့မှာ လာရှာချိန်ပေါ့။ မိသားစုကို ထားရက်ပြီး အဖေ နောက်အိမ်ထောင်ပြုသွားချိန်မှာ ဆယ်တန်းစာမေးပွဲ ဆက်ဖြေဖို့ထက် အိမ်အတွက် တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးပေးချင်နေမိတဲ့ အချိန်၊ ချို့စိတ်တွေ လေနေချိန်ပေါ့။ နေစရိတ်၊ စားစရိတ်ငြိမ်း အခမဲ့နဲ့ ဆိုင်မှာ ၀ိုင်းလုပ်ဝိုင်းစား ပညာသင်ချိန် တစ်နှစ်အတွက် ချို ပြန်ရမှာက လစာမဲ့ အလုပ်သင်နဲ့ အသက်မွေးအတတ်ပညာ။ သင်တန်းကာလ တစ်နှစ်ပြည့်ပြီးမှ စပြီး ရမယ့် လစာ တစ်လခြောက်သောင်းဆိုတဲ့ ငွေက ချို့အတွက် တကယ့်ကို မက်လောက်စရာ။ လောလောဆည် ချို့မှာ ရွေးချယ်စရာမရှိ။ ဒီလိုနဲ့ ချိုရဲ့ ဦးလေးငယ်ကို နားပူ၊ အမေတို့ကို ကူပြောခိုင်းပြီး၊ ဦးအောင်ကြီးနဲ့ တီတီနုတို့ရဲ့ ဗြူတီကွင်းအလှပြင်ဆိုင်မှာ အလုပ်လုပ်ဖို့ ရန်ကုန်ကို ပထမဆုံးအကြိမ် ချိုရောက်ခဲ့တယ်။ အမျိုးသမီး အဖြောင့်ခေါင်းတစ်ခေါင်း လျှော်ဖို့ ပေါ်လာလို့ ချို့ အတွေးတွေ ခဏရပ်ပြီး ဧည့်သည်ကို လျှော်စင်ပေါ်တင်လိုက်တယ်။ ရေပန်းလေးနဲ့ ဆေးတွေကို ဖွဖွ လျှော်ချပေးမိတယ်။ ဆံပင်တွေကို အခုလို ဆေးတွေနဲ့ ဆန့်နေအောင် ဖြောင့်တာဟာ ဘယ်လောက် ဆံပင်သားတွေ ပျက်စီးစေမှန်း ဧည့်သည်တွေ ဘာလို့များ မသိသလဲမသိ။ လှတာက နောက်၊ လောလောဆည် တအောင့်နေရင် ဆံပင်တွေ ဆန့်ပျံ့နေစေဖို့ ဦးရေတွေ နာကျင်လာအောင် လျှပ်စစ်ဖြောင့်စက်နဲ့ ဘယ်ပြန်ညာပြန်ဆွဲတာ ခံရဦးမယ်။ ခေါင်းလျှော်နေရင်းက ချို့စိတ်တွေက သူအရင်ကလုပ်ခဲ့တဲ့ ဗြူတီကွင်းဆီ ရောက်သွားပြန်တယ်။ ဗြူတီကွင်းက ရပ်ကွက်ဆိုင်ဆိုပေမယ့် လူနေစိတ်တော့ ဆိုင်က တစ်ကိုယ်လုံး ပေါင်းတင်တာ၊ မျက်ခုံးမွှေးထိုးတာစတဲ့ ၀န်ဆောင်မှုမျိုး မရှိပေမယ့် ဆံပင်လျှော်၊ ညှပ်၊ကောက်၊ဖြောင့်၊ ပေါင်းတာ အပြင်၊ မျက်နှာရွှေသွင်း၊ ပေါင်းတင်၊ ခြေသည်း၊ လက်သည်းအလှပြင်သာမက မိတ်ကပ်၊ ဆံထုံးပါ ပြင်ပေးနိုင်တဲ့ အမျိုးသမီး သီးသန့်ဆိုင်။ ဆိုင်ရောက်တော့ တီတီနုက ချို့ကို ပုံစံပြောင်းပေးတယ်။ ခါးလည်လောက်ရှိတဲ့ ချို့ဆံပင်တွေကို ကျောလည်လောက်အထိ ဖြတ်၊ ဆေးအညိုလေး ဆိုးပေးပြီး ကိုရီးယား စတက်ပ်ကောက် ကောက်ပေးတယ်။ ချို့ မျက်ခုံးထူထူတွေကို ဇင်ယော်တောင် ပုံဖော်ပေးတယ်။ ဆိုင်က တခြားဝန်ထမ်းတွေလို ချို့ကို ယူနီဖောင်း လှလှလေး ပေးဝတ်ပြီး ဒေါက်ဖိနပ် လှလှလေး ဆင်ပေးတယ်။ နံရံလေးဘက်က မှန်တွေမှာ ပေါ်နေတဲ့ ကိုယ့်အလှကို ကြည့်ပြီး၊ ချို သဘောကျခဲ့တယ်။ ချို့လို ဆိုင်က အခြား ၀န်ထမ်းမိန်းကလေး ငါးယောက်နဲ့ အတူတူ ဆိုင်မှာ နေခွင့်ရတယ်။ ပထမ အစမ်းခန့် သုံးလမှာ ချို့တာဝန်က ထမင်း၊ ဟင်း အလှည့်ကျ ချက်ရတယ်။ ဆိုင်သန့်ရှင်းရေး အလှည့်ကျ လုပ်ရတယ်။ ဆိုင်က ဘီးတွေ၊ အသုံးပြုပြီး မျက်နှာ သုတ်ပုဝါတွေ အလှည့်ကျ လျှော်ဖွတ် ဆေးကြောရတယ်။ ချို့အလုပ်က ခိုင်းသမျှ အကုန် လုပ်ရတာပေါ့။ ကိုယ့်ရှေ့က စီနီယာတွေက ဧည့်သည်ခေါင်းကို ရေသုတ်ပေးလိုက်ဆို သုတ်ပေးရတယ်။ ဒရိုင်ရာ မှုတ်ပေးပါဆို မှုတ်ပေးရတယ်။ ဟိုပစ္စည်းဒီပစ္စည်း ယူပေး၊ ညှပ်ထားတဲ့ ဆံပင်ညှပ်စတွေ လှည်းသိမ်းပေးစတဲ့ တောက်တိုမယ်ရ အကုန်လုပ်ရင်း ပညာသင်ယူရတယ်။ ချိုတို့ဆိုင်က အမျိုးသမီးသီးသန့်ဆိုတော့ ချိုအတွက် လုံခြုံစိတ်ချရတဲ့အပြင် ၀ါသနာပါတဲ့ ပညာကို သင်ယူခွင့်ရနေလို့ ချို ရွေးချယ်လိုက်တဲ့လမ်း မမှားဘူးလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရလာခဲ့တယ်။ ဆိုင်မှာ မိန်းကလေးတွေ များတော့ အပေါက်အစတွေ၊ အပြိုင်အဆိုင်တွေ များပေမယ့်၊ ချိုက နေတတ်တော့ အားလုံးက ချို့ကို ချစ်ခင်ကြတယ်။ သုံးလ အစမ်းခန့်အပြီးမှာတော့ ဒီအလုပ်မှာ ၀ါသနာအပါဆုံးနဲ့ အလုပ်ချင်ဆုံးက ဆံပင်ညှပ်တာဆိုတာ ချို သိလာရတယ်။ ဒါကို သိတဲ့ တီတီနုက အညှပ်ပိုင်းကို သေချာ လေ့လာစေတယ်။ ချို့ကို ဆိုင်က အညှပ်အတော်ဆုံး မသစ်နဲ့ တွဲပေးထားတယ်။ အဲ့ဒီထဲက အပတ်တကုတ် ကြိုးစားပြီး သင်ယူရတော့တယ်။ လက်ဖျားလေးတွေကြားမှာ ဆံပင်အတိုအရှည်များစွာ ညှပ်ခွင့်ရခဲ့ပြီးတဲ့ နောက်မှာတော့ ပညာသင် တစ်နှစ်မပြည့်ခင် ဧည့်သည်ခေါင်းတွေကို ချို ယုံကြည်စိတ်ချစွာနဲ့ ညှပ်ခွင့်ရလာခဲ့တယ်။ အဲ့ဒီနောက် လစာရလာတဲ့အပြင် ညှပ်တဲ့ခေါင်း အရေအတွက်ပေါ်မှာပါ ကော်မရှင် ခံစားခွင့် ရလာတယ်။ ပြောရရင် တီတီနု အားကိုးရတဲ့ ဆိုင်ရဲ့ အညှပ်သမားကောင်းတစ်ယောက် ချိုဖြစ်လာခဲ့တယ်။ လစဉ်ရတဲ့ လခတွေက မေမြို့က အမေနဲ့ ညီမလေးနှစ်ယောက်အတွက် အထောက်အပံ့ ဖြစ်စေလို့ ချို ၀မ်းသာမိရပြန်တယ်။ ဗြူတီကွင်းမှာ တစ်နှစ်ကျော်လို့ နှစ်နှစ်နီးပါး လုပ်သက်ရှိလာချိန် ချိုနဲ့မှ ဆံပင် ညှပ်မယ်ဆိုတဲ့ သူတွေ၊ ချို မအားရင် အားတဲ့အထိ စောင့်ညှပ်မယ်ဆို ဖြစ်လာတဲ့အထိ လုပ်ငန်းမှာ ချို နာမည်ရလာတယ်။ အဲ့ဒီအချိန်မှာ မထင်မှတ်တာတွေက ဖြစ်လာခဲ့တယ်။ တီတီနု မထင်မှတ်ပဲ ကားအက်စီးဒင့်နဲ့ ဆုံးတယ်။ ချိုတို့ တစ်ဆိုင်လုံး အတော် ၀ရုန်းသုန်းကား ဖြစ်သွားတယ်။ တီတီနုယောကျာ်း ဦးအောင်ကြီးက ဆိုင်ကို သူ ကိုယ်တိုင် ၀င်ဦးစီးတယ်။ တီတီနု မရှိတော့ပေမယ့် ချိုတို့အားလုံး ဦးအောင်ကြီးရဲ့ တောင်းဆိုချက်နဲ့ ဆိုင်မှာ ဆက်လုပ်ဖြစ်ကြတယ်။ အဲ့ဒီမှာ ဗြူတီကွင်းနဲ့ ချို လမ်းခွဲဖို့ ကိစ္စ စခဲ့ရတယ်။ ချို့အတွေးတွေကို ခဏရပ်လိုက်တယ်။ လျှော်ပြီးသွားတဲ့ ဖြောင့်ခေါင်းကို ညှပ်ခုံပေါ် ထိုင်စေလျှက်က မျက်နှာသုတ်ပုဝါနဲ့ ရေခြောက်အောင် ဖွဖွဖိသုတ်လိုက်တယ်။ အဲ့ဒီအချိန်မှာ ဆိုင်ရှင်မမရဲ့ “ချိုရေ….လျှော်ခေါင်း တစ်ယောက်လာမယ်၊ အဆင်သင့်ပြင်ထား” ဆိုတဲ့ အသံကြောင့် လှည့်ကြည့် လိုက်ရင်း ချို့ရင်ထဲ လှပ်ခနဲ ပျော်သွားမိရတယ်။ ပြူတင်းပေါက်က မြင်လိုက်ရတာက မြင်နေကျ ချောကလက်ရောင် ကားကြီးတစ်စီး ခြံထဲမှာ ရပ်ဖို့ နေရာယူနေတာ။ မနက်ထဲက ချို မျှော်နေတဲ့သူ။ ဆိုင်ရဲ့ ပင်တိုင် ဧည့်သည်တစ်ဦးမို့ ဆိုင်ရှင်နဲ့သာမက ချိုတို့ ၀န်ထမ်းတွေနဲ့ပါ ရင်းနှီးနေပြီ။ အထူးသဖြင့် ဆိုင်က အလျှော်မိန်းကလေး ၀န်ထမ်းတွေထဲမှာ ခေါင်းလျှော်ကောင်းတယ်ဆိုပြီး လာတိုင်း ချို့ကိုမေးကာ လျှော်တတ်သူ။ ချို့လက်ရာကို သဘောကျတယ်ဆို ဘောက်ဆူးအများကြီး ပေးတတ်သူ။ ချို မျှော်နေတဲ့သူက ဆိုင်ထဲဝင်လာရင်း ကောင်တာက မမကို နှုတ်ဆက်တယ်။ “ ခဏ နားပြီး ရေအေးအေးလေး သောက်ပါဦးလား” လို့ မမက လှမ်းမေးတော့ “ မနားတော့ဘူး..၊ သွားစရာ ရှိသေးလို့ တစ်ခါထဲပဲ လျှော်လိုက်တော့မယ်” လို့ ပြန်ဖြေရင်း ချို ခေါ်ရာ ခေါင်းလျှော်စင်ရှိရာကို သူ လိုက်လာခဲ့တယ်။ “ဦး.. ဒီနေ့ နောက်ကျတယ်နော်၊ ချိုတောင် စောင့်နေမိသေးတယ်” ဧည့်သည်ကို ခေါင်းလျှော်စင်ရှိရာကို ခေါ်လာရင်းက မေးလိုက်မိတယ်။ “ ဟုတ်လား… ဒီနေ့ အလုပ်နည်းနည်း များသွားလို့၊ ဧည့်သည်တစ်ယောက် လေဆိပ်ပို့ရသေးတယ်လေ ” လို့ သူ့အသံ ချိုသြသြနဲ့ ပြန်ဖြေတယ်။ လျှော်စင်ပေါ် ပက်လက် လှဲအိပ်လိုက်တဲ့ ဦးရဲ့ ဦးခေါင်းကို နေသားတကျ ဖြစ်အောင်ထားပြီး မျက်နှာသုတ်ပုဝါ အသန့်တစ်ထည်ကို ဦးရဲ့ အဖြူရောင် စတစ်ကော်လာ ကြားထဲ ထည့်လိုက်တယ်။ ရေစိုခံ သားရေပြားကို အပေါ်ကနေ ထပ်အုပ်ပေးလိုက်တယ်။ တအောင့်နေတော့ ချို့ လက်ချောင်းလေးတွေက ဦးရဲ့ဆံပင်ကြားထဲမှာ၊ ဦးရဲ့ နဖူးတ၀ိုက်မှာ၊ ဦးရဲ့ နားထင် ဇက်ကြောလေးတွေပေါ်မှာ ရွေ့လျားဖိနှိပ်လို့။ မျက်လုံးလေး မှိတ်ပြီး ငြိမ်နေတဲ့ ဦးကို နှိပ်နေရင်းက ချို ကြည့်နေမိတယ်။ ဦးရဲ့ မျက်ခုံးတွေက ထူထူ၊ ပါးပြိုင်းမွှေးစိမ်းစိမ်းနဲ့ ဦးရဲ့ အသားက မဖြူမညို၊ ချောလှတာမဟုတ်ပေမယ့် ယောကျာ်းပီသသူ။ ဦးရဲ့ ခြေချောင်းလေးတွေ၊ လက်ချောင်းလေးတွေက တိတိကျကျ ညှပ်ထားလို့ သန့်စင်နေလိုက်တာ။ မျက်လုံးမှိတ်ထားလျှက်က ဦးက ချို့ကို မေးခွန်းထုတ်တယ်။ “ နေ့လည်စာ စားပြီးပြီလား” ရေပန်းက ရေနဲ့ ဆံပင်တွေကို စိုစေလျှက်က “ ဒီမနက် လျှော်ခေါင်းတွေ ကျနေတယ်လေ..၊ ဦးကို လျှော်ပြီးရင် စားမယ်လေ..” ဒီမေးခွန်းမျိုးက ဂရုတစိုက် မေးတာမျိုးမဟုတ်ပဲ ဧည့်ဝတ်ကျေ မေးတတ်တဲ့ သဘောရိုး မေးခွန်းမျိုးမှန်း သိပေမယ့် ချို့စိတ်ထဲ ဒီလိုမေးတာ ခံရလို့ ကျေနပ်မိတယ်ဆိုတာ မငြင်းလိုပါဘူး။ “ ထမင်းစားချိန်ကျော်အောင် အလုပ်ကြိုးစားတဲ့သူပါလား.၊ ဒီဆိုင်မှာ လုပ်သက် ဘယ်လောက်ရှိနေပြီလဲ” “ ချို ဒီရောက်တာ ခြောက်လပြည့်တော့မယ်၊ အရင်ဆိုင်က ထွက်ထွက်ချင်း ချို ဒီမှာ အလုပ်ဝင်တာလေ” “ သြော်..၊ အရင်ဆိုင်က ဘာလို့ ထွက်လိုက်ရတာလဲ” စကားနည်းတဲ့ ဦးက ဒီနေ့မှ စိတ်လိုလက်ရ စကားတွေပြော၊ မေးခွန်းတွေ ထုတ်နေလို့ ချို ပြုံးမိတယ်။ ချို ခေါင်းလျှော်ရည်ကို လက်ဖ၀ါးထဲ ထည့်လို့ ခေါင်းတစ်ခုလုံးနှံ့ပြီး အမြုပ်တွေ ထလာတဲ့အထိ ဖွဖွပွတ်ကုတ်ရင်း အရင်အလုပ်က ဘာလို့ ထွက်ရတယ်ဆိုတာ ပြောပြမိတယ်။ ဗြူတီကွင်းမှာ တီတီနုဆုံးလို့ တစ်နှစ်တောင် မပြည့်ခင်လေး ဆိုင်က မသစ်နဲ့ဦးအောင်ကြီးရဲ့ အရှုပ်ဇာတ်လမ်းက အနံ့ထွက်လာတယ်။ မသစ်က ဆံပင်ညှပ်တာဝန်ကို ရပ်လိုက်ပြီး၊ ဆိုင်ကောင်တာမှာ ကိုယ်တိုင် ထိုင်တယ်။ ချိုတို့ကို လက်အောက်ငယ်သား ပုံစံနဲ့ ဆက်ဆံလာတယ်။ ပိုဆိုးတာက မသစ်ရဲ့ ဆိုင်က ၀န်ထမ်းမိန်းကလေးတွေအပေါ် မယုံသကာင်္မှု။ ဦးအောင်ကြီးများ ချိုတို့ ၀န်ထမ်းမိန်းကလေးတွေနဲ့ စကားမပြောမိလိုက်နဲ့၊ သူက ငရံ့ပြာလူး ဖြစ်နေပြီ။ အဲ့ဒီ မိန်းကလေးကို တစ်နေ့လုံး သူမဲနေပြီ။ ကြာလာတော့ သူက ဆိုင်က မိန်းကလေးတိုင်းကို ဦးအောင်ကြီးနဲ့ မသကာင်္ဖြစ်လာတယ်။ အထူးသဖြင့် ချိုက ဦးအောင်ကြီးရဲ့ဇာတိ မေမြို့က ဆိုတော့၊ တစ်ခါတစ်လေ မေမြို့က ဦးအောင်ကြီးရဲ့ ဆွေမျိုးတွေလာလို့ ရင်းရင်းနှီးနှီး ခေါ်ပြောမိရင် မသစ်တစ်ယောက် တစ်နေ့လုံး ချို့ကို ရစ်လို့မဆုံး။ အရင် တီတီနု ရှိတုန်းကလို ချိုမပျော်တော့။ ချို စိတ်ညစ်နေရပြီ။ အဲ့ဒီအချိန်မှာပဲ အမေက ရှိစုမဲ့စု ငွေလေး ငွေတိုးပေးရင်း ပြန်မရပဲ ဆုံးပြန်တယ်။ အမေ ဖုန်းလှမ်းဆက်ပြီး ငွေလွှဲပါဦး သမီးရယ်ဆိုရင် ချို့မှာ ခေါင်းမီးတောက်ရတဲ့ အချိန်တွေပေါ့။ ချို့အတွက် အနားရတဲ့ တနလာင်္တစ်ရက်မှာတော့ “ ဆံပင်ညှပ်ဆိုင်အတွက် အမျိုးသမီးဝန်ထမ်း အလိုရှိသည်၊ လစာကောင်းပေးမည် ” ဆိုတဲ့ ကြော်ငြာလေးပါတဲ့ သတင်းစာလေးကိုင်လို့ ခြံကြီးတစ်ခြံဆီကို အင်တာဗျူး ဖြေဖို့ ချိုရောက်ခဲ့တယ်။ အင်တာဗျူးလာဖြေသူတွေ အများကြီး။ ချို့အလှည့်မှာ ဆိုင်ရှင်လင်မယားက အကြာကြီး ဗျူးတယ်။ လက်ရှိအလုပ်ကနေ ဘာလို့ ဆက်မလုပ်ချင်တာလဲလို့ မေးတော့ ချိုလဲ ဟိုဆိုင်မှာ မသစ်ရဲ့ ဆက်ဆံပုံတွေကြောင့် ချိုမပျော်တော့တာ၊ ဒီ့ထက်အရေးကြီးတာက ဟိုမှာထက် လစာပိုရမယ်ဆိုရင် အမေ့ကို ငွေပိုပြီး ပို့နိုင်ဖို့အတွက် အလုပ်အသစ်ရှာရတာ ဆိုတာကို မကွယ်မ၀ှက်ပဲ ပြောပြလိုက်တယ်။ လောလောဆယ် ဆိုင်မှာ အညှပ်သမား မလိုအပ်သေးတာမို့၊ အလျှော်အနေနဲ့ ၀င်နိုင်မလား မေးလာတော့၊ ချိုရမယ့်လစာ ဘယ်လောက်လဲ မေးမိတယ်။ ချိုရမယ့်လစာက အရင်ဆိုင်ထက် နည်းနည်းပဲ ပိုရတယ်။ ဒါပေမယ့် တစ်ထိုင်ထဲ ချို ဆုံးဖြတ်လိုက်တယ်။ မသစ်ရဲ့ ဒဏ်က လွတ်မယ်၊ ဆိုင်ကြီးမှာ လုပ်ခွင့်ရမယ်၊ ကော်မရှင်နဲ့အတူ အရင်ထက် လစာ ငါးထောင်ပိုရမယ်။ နှစ်နှစ်စာချုပ်မှာ လက်မှတ်ထိုးအပြီး “ဟန်နာကို” မှာ ချို အလုပ်ရခဲ့တယ်။ ကိုအောင်ကြီးနဲ့ မသစ်ကိုတော့ အမေ မမာလို့ မေမြို့ချက်ချင်း ပြန်ရမယ်ပြောပြီး နောက်တစ်နေ့မှာပဲ “ဟန်နာကို” ကို ချို ရောက်ခဲ့တယ်။ လက်မ လက်ညှိုးလေးနဲ့ ဦးရဲ့ နဖူးအလယ်ကနေ ဘေးနှစ်ဖက်ကို အပြန်အလှန် ဖိနှိပ်ပေးနေရင်းက ချို အရင်အလုပ်က ထွက်ရတဲ့အကြောင်း ဦးကို ပြောပြနေမိတယ်။ “ ဦး.. နှိပ်တာ မခံနိုင်ရင် ပြောနော်.. ချို့လက်က ပြင်းတော့ ဧည့်သည်ကို မခံနိုင်မှာစိုးလို့ အမြဲ မေးရတယ်” “ ဟုတ်ပ… ညည်းက လူကသာ ပိန်သေးသေး၊ လက်က အတော်ထိတယ်..၊ ဒါနဲ့ ညည်းက ဘယ်ဇာတိလဲ၊ မိဘတွေရော ရှိသေးလား” “ ချိုက မေမြို့ကပါ၊ အဖေက နောက်အိမ်ထောင်နဲ့၊ ချို ဆယ်တန်း ဆက်မဖြေချင်တော့တာနဲ့ ဒီလောကထဲ ရောက်လာရတာ၊ အမေနဲ့ အငယ်နှစ်ယောက်က အတူနေတယ်လေ၊ ချိုရတဲ့ပိုက်ဆံ အမေ့ဆီ ပို့ပေးရတာပေါ့” ပိုက်ဆံပို့တယ်ဆိုလို့ အမေ့ဆီ စိတ်ရောက်သွားပြန်တယ်။ တစ်နေ့ကပဲ အမေ ဖုန်းဆက်သေးတယ်။ ချို့အောက်က အငယ်မလေးက ကျောက်ကပ်မကောင်းလို့ ဆေးကုဖို့အတွက် အိမ်ဂရန်ကို ပေါင်ထားတယ်လို့ သိရတယ်။ တစ်လတစ်သိန်းကျော်ရုံ ချို့လစာလေးက အမေ့အတွက် အတိုးပါ ပေးနေရတော့ မစို့မပို့ ဖြစ်နေပြီလားမသိ။ ဦးကို ဒါတွေ ပြောပြ မနေချင်တော့။ သူမေးတာကို ဖြေပေးနေတာနဲ့တင် လွန်နေလေပြီ။ ပုံမှန်ဆို အခြားဧည့်သည် ယောကျာ်းတွေကို ကိုယ့်အတွင်းရေး တစ်ခါမှ ချို မပြောပြခဲ့ပါဘူး။ ဦးလို ဘယ်သူကမှလဲ ချို့ကို အခုလို တခုတ်တရ မမေးကြပါဘူး။ “မိဘကို ရှာကျွေးနေတဲ့ သမီးပဲ၊ လိမ္မာတယ်..၊ ကြိုးစားတာကို မရပ်စေနဲ့၊ ဆယ်တန်းလဲ ဖြေချင်စိတ် ပေါ်လာရင် ပြန်ဖြေပေါ့၊ မိဘကို ရှာကျွေးတဲ့ သားသမီး ဘယ်တော့မှ ဒုက္ခ မရောက်ဘူး၊ ကိုယ့်အလုပ် အပေါ်မှာလဲ ဘယ်တော့မှ သိမ်ငယ်တဲ့စိတ် မထားနဲ့” “ ဟုတ်….” ဦးက ဒီလို ပြောလာတော့ ချို ၀မ်းသာရသလို၊ စိတ်ထဲမှာ ခွန်အားတွေ ရလာသလို ခံစားလိုက်ရတယ်။ ဒီဆိုင်မှာ အလုပ် စ၀င်တဲ့ အချိန်ကို ပြန်သတိရလိုက်တယ်။ ဆံပင်ညှပ် ကျွမ်းကျင်တဲ့ ချိုတစ်ယောက် ဟန်နာကိုမှာ ဆံပင်မညှပ်ရပဲ၊ အလျှော်နဲ့ စ၀င်ရတယ်ဆိုပေမယ့် အလျှော်က ချိုနဲ့ မစိမ်းလှပါဘူး။ ဆိုင်ရှင် မမက ဂျပန်ပြန်ဆိုတော့ ချိုနဲ့အတူ အလုပ်ဝင်တဲ့ လူသစ်တွေ အားလုံးကို နိုင်ငံခြားနည်းစံနစ်အတိုင်း သေချာ ထရိန်နင်တစ်လ ပေးတယ်။ အချိန်၊ စည်းကမ်း၊ ဒဏ်ကြေး၊ ဆုကြေး၊ ကော်မရှင်ဆိုတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို သိခွင့်ရလာတယ်။ ဆိုင်က စည်းကမ်းကောင်းတော့ ဗြူတီကွင်းမှာ လွတ်လွတ်လပ်လပ် နေလာခဲ့သမျှ စိတ်တော့ နည်နည်း တင်းကြပ်သလို ခံစားမိတယ်။ အဲ့ဒီတုန်းက ချို့ရဲ့ အခြေအနေက စိတ်ဖိစီးတာခြင်း အတူတူ၊ ဆံပင်ညှပ်ရတာ မညှပ်ရတာထက် လစာပိုရရင် ပြီးရောဆိုတဲ့ အခြေအနေ။ အရင်ဆိုင်မှာ ကိုယ်က နေရာတစ်ခုရခဲ့ပေမယ့်၊ ဟန်နာကိုမှာ အလုပ်စ၀င်တော့ ကိုယ်က လူသစ်ဖြစ်လို့၊ အသစ်တစ်ယောက် အလုပ်စ၀င်သလို အစစ အောက်ကနေ ပြန်ဝင်၊ ပြန်သင်ရတယ်။ ဒီဆိုင်မှာ လာတဲ့ ဖောက်သည်တွေက ငွေကြေးတတ်နိုင်သူတွေ များတယ်။ ဆိုင်က ခြံနဲ့ဝင်းနဲ့ ကားပါကင်နဲ့မို့ လာတဲ့ သူများကလဲ ကိုယ်ပိုင်ကားနဲ့ လာကြတယ်။ ရုပ်ရှင်မင်းသမီးတွေ၊ အဆိုတော်တွေ၊ နိုင်ငံခြားသားတွေ လာကြတယ်။ ဖောက်သည်တွေကို အမျိုးသားရော၊ အမျိုးသမီးပါ ၀န်ဆောင်မှုပေးနေပေမယ့် ဆိုင်ရှင်မမတို့ လင်မယားက စည်းကမ်းတကျ အုပ်ချုပ်တာမို့ ၀န်ထမ်းတွေ အားလုံး တခြားဆိုင်တွေမှာ ကြားရသလို ဖောက်သည်နဲ့ လူမှုရေးကိစ္စကအစ ကင်းရှင်းကြတယ်။ ချိုအပါအ၀င် နယ်က ၀န်ထမ်းအားလုံး ဆိုင်မှာပဲနေ၊ ဆိုင်မှာပဲ စားကြရတယ်။ စည်းကမ်းနဲ့ မညီညွတ်ရင်၊ အထူးသဖြင့် ဖောက်သည်နဲ့ လူမှုရေးကိစ္စ ရှုပ်ထွေးလာတာမျိုးဆိုရင် တစ်ခါထဲ အလုပ်က အမေးအမြန်းမရှိ ထုတ်ပစ်တော့တာပဲ။ အတွေးတွေကို ခဏရပ်လိုက်ပြီး ဦးကို မေးခွန်းထုတ်လိုက်မိတယ်။ “ ဦးက ထူးခြားတယ်၊ သူများနဲ့ မတူဘူးနော်” “ ဟုတ်လား၊ ဘာတွေများ ထူးခြားလို့လဲ ” “ သူများတွေ မမေးတာမျိုး မေးတယ်၊ သူများတွေ မပြောတာမျိုး ပြောတယ်၊ ချိုတို့က အလုပ်သဘောအရ ဧည့်သည်တွေ စကားပြောလာရင် အလိုက်အထိုက် ပြန်ပြောရတယ်လေ၊ တချို့ ရိသဲ့သဲ့ ပြောတတ်တဲ့သူတွေ၊ တချို့ ရိုင်းတဲ့သူတွေ အမျိုးမျိုးပဲ ချို ကြုံရတယ်၊ ဦးက သူတို့နဲ့ မတူဘူးဆိုတာ ချိုသိတယ် ” “ ဘာပဲဖြစ်ဖြစ် မိန်းကလေးဆိုတာ သူစိမ်းယောကျာ်းလေးတွေကို သတိထားဆက်ဆံတာ မမှားပါဘူး” “ ဟုတ်တယ် ဦး၊ ချိုက နယ်ကဆိုတော့ အစစ အရာရာ ပိုသတိထားရတယ်၊ ရန်ကုန်မြို့ကြီးကိုလဲ ချိုကြောက်တယ်၊ ဒီဆိုင်မှာ ကောင်းတာက ဆိုင်က မမတို့လင်မယားက ချိုတို့ကို အရမ်းစောင့်ရှောက်ပါတယ်၊ ဦး သိတဲ့အတိုင်းပဲ အလှပြင်ဆိုင်မှာ လုပ်တဲ့ မိန်းကလေးဆို လူတော်တော်များများက အထင်အမြင် သေးတတ်ကြတာ များတယ်၊ ဒီအလုပ်ကို ၀ါသနာပါလို့လဲ ချို လုပ်ဖြစ်နေတာပါ” တစ်ခါက ချို့ထက် တစ်နှစ်စောရောက်နေတဲ့ ဖုမာဆတ်(ခြေအနှိပ်)ဘက်က နော်နော်တစ်ယောက် မနက်တိုင်း အဓိဠာန်ရှိတယ်ဆို ပြောပြောပြီး ဘုရားတက်တယ်။ နော်နော်က မော်လမြိုင်က ကရင်ဗမာမ ချောချောလေး။ မနက်(၇)နာရီဆို ဆိုင်ကထွက်ပြီး ဆိုင်ဖွင့်ချိန်အမှီ မနက်(၉) နာရီဆို ပြန်ဝင်တယ်။ တစ်ရက် ဆိုင်ပြန်အ၀င် နာရီဝက်လောက် နောက်ကျတယ်။ နောက်တစ်နေ့ မနက်မှာ ဆိုင်ရှင်မမတို့ လင်မယား ဆိုင်ကို ရှူးရှူးရှားရှားနဲ့ ရောက်လာတယ်။ နော်နော့်ကို ဆိုင်လာနေကြ ဖောက်သည်အမျိုးသားတစ်ယောက်ရဲ့ ကားပေါ်မှာ အနေအထိုင် ရင်းနှီးလွန်းစွာနဲ့ သူတို့ တွေ့မြင်ခဲ့ကြရတယ်။ နော်နော်နဲ့ အနီးကပ်ဆုံးရှိတဲ့ ဆိုင်က ကောင်မလေးကို နော်နော်နဲ့ ပတ်သက်သမျှ ချက်ချင်း ခေါ်မေးတယ်။ ကောင်မလေးကလဲ သူသိသမျှ ပြောပြရတော့တယ်။ နော်နော်တစ်ယောက် ဆိုင်ရောက်ချိန်မှာတော့ မမတို့ လင်မယားက အမေးအမြန်းမရှိ အထုတ်အပိုး ချက်ချင်းပြင်စေပြီး မော်လမြိုင်ပြန်ဖို့ ကားဂိတ်အရောက် ပို့ပေးလိုက်တယ်။ ချိုလည်း အဲ့ဒီမှာ အတော်လန့်သွားတယ်။ နော်နော်တော့မသိ။ ချိုတော့ ၀န်ထမ်းတွေ အားလုံးရှေ့မှာ နော်နော်အစား ရှက်လွန်းလို့ ထူပူနေမိတယ်။ အရင်ဆိုင်မှာက မိန်းကလေးသီးသန့်မို့ ဒီကိစ္စမျိုးတွေ မကြုံရပေးမယ့်၊ ဒီဆိုင်မှာကျတော့ ကျား၊မ နှစ်မျိုးလုံး လက်ခံတာဆိုတော့ မနည်းသတိထားရတယ်။ အညှပ်သမားက အနည်းဆုံး ညှပ်ခုံတွေ စီတန်းထားတော့ လူရှေ့သူရှေ့ ရှိကြပေမယ့်၊ ချိုတို့လို အလျှော်သမားတွေ၊ အနှိပ်သမားတွေ ကြတော့ သီးသန့်အခြမ်းမှာ လျှော်ကုတင်၊ နှိပ်ကုတင်တစ်လုံးစီကို အကာလေးတွေ သီးသန့် ကန့်လို့ ထားတဲ့အထဲမှာ အလုပ်လုပ်ရတာ။ ယောကျာ်းလေး ဧည့်သည်ဆိုရင်တော့ အလုပ်တာဝန်လဲ မလစ်ဟင်းစေရပဲ၊ ရစ်မယ့်ဧည့်သည် ကြုံလာရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပါးပါးနပ်နပ် ရှောင်ရှားကြရတယ်။ သိပ်ဆိုးလာရင်တော့ စူပါဗိုက်ဆာကို အချက်ပေးပြီး အနားကို အကူတစ်ယောက် ခေါ်ထားရတယ်။ ဦးရဲ့ ခေါင်းကို အသာပင့်မလိုက်ပြီး ဂုတ်ကတစ်ဆင့် နောက်ကျောရိုးထဲကို လက်ထည့်လို့ အသာဖိနှိပ်ရင်း ဇက်ကြောဖိဖိလေး အပေါ်ကို ဆွဲယူပေးလိုက်တယ်။ ပြီးတော့ ဇက်ကို ဂျွတ်ခနဲုမြည်အောင် ဘယ်ညာ ချိုးပေးလိုက်တယ်။ နောက်ဆုံးတစ်ကြိမ် တစ်ခေါင်းလုံး ပြန်နှိပ်ပြီးရင် ခေါင်းလျှော်ရည်တွေ စင်အောင် ရေဆေးဖို့ပဲ ကျန်တော့တယ်။ ဦးကိုတော့ အခြားလူတွေထက် ပိုပြီး ဂရုစိုက် လုပ်ပေးနေမိတယ်။ ရေပန်းလေးကို ယူပြီး ဆပ်ပြာရည်တွေ ခိုနေတတ်တဲ့ နားရွက်နောက်၊ ဇက်အောက်ကို သတိထားလို့ သေချာ သန့်စင်သွားအောင် ရေဆေးပေးမိတယ်။ “ ဟုတ်တယ်၊ ဒီဆိုင်ကို သန့်လို့ သဘောကျတယ်၊ ၀န်ထမ်းတွေရော အုပ်ချုပ်သူတွေရော တော်တယ်၊ ဒါကြောင့် ဒီကို အမြဲ လာဖြစ်တာ” “ ဦး.. အဲ့ဒီလိုပြောတာ ၀မ်းသာလိုက်တာ၊ ဒါကြောင့် ဆိုင်ရှင် မမက ဦးလာရင် ချိုတို့ အားလုံးကို သေချာ ဂရုစိုက်ဖို့ မှာထားတာ ” ဦးကို ပြောပြနေလျှက်က ဆိုင်ကိုလာတတ်တဲ့ ယောကျာ်းတွေအကြောင်း ချိုတွေးမိလို့ နှာခေါင်းလေး ရှုံ့လိုက်မိတယ်။ ချိုတာဝန်ကျတဲ့ ခေါင်းလျှော်နဲ့ ဟိုဘက်အခြမ်း ဘော်ဒီမာဆတ်၊ ဖုမာဆတ်ဘက်မှာ ယောကျာ်းတွေ အလာများတယ်။ အရွယ်စုံ ယောကျာ်းတွေပေါ့။ ဒီလိုဆိုင်မျိုး လာတဲ့ ယောကျာ်းသုံးမျိုးပဲ ရှိတယ်လို့ ချိုထင်တယ်။ ငွေသိပ်ပေါလို့၊ ဇိမ်ခံချင်လို့၊ လက်တည့်စမ်းချင်လို့။ ဘောက်ဆူး မြိုးမြိုးမြက်မြက် ပေးတတ်တဲ့ စေတနာဗလပေါနဲ့ မိန်းကလေးတွေ ရှေ့မှာ ငွေဖောဖောသီသီ သုံးပြချင်သူ။ မထင်ရဘူး လက်ကလေးက ပေါက်သား၊ ခေါင်းကို ပေါ့သွားတာပဲနဲ့ အပြောချိုချို ဇိမ်ခံရင်း ဆိုင်မှာ ခေါင်းလျှော်မှပဲ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ခံယူထားတဲ့ အရသာယူ ဇိမ်ခံချင်သူ။ ချစ်စရာလေး၊ တို့ဖုန်းနံပတ် မှတ်ထားနော်၊ လိုရင် ခေါ်သာခေါ်လိုက်၊ တစ်ရက်လောက် အပြင်လိုက်ခဲ့ပါလား၊ မုန့်ဖိုးပေးမှပေါ့နဲ့ ဗြောင်ချဉ်းကပ်တတ်တဲ့ လူစားမျိုး။ လာသမျှ ယောကျာ်းတော်တော်များများက အဲ့ဒီသုံးမျိုးနဲ့ လွတ်ကင်းသူ တစ်ယောက်မှ မရှိဘူးဆိုတာ ချို အလုပ်လုပ်တဲ့ ခြောက်လအတွင်းမှာ အတွေ့အကြုံအရ သိနေပြီ။ ဒါပေမယ့် ခြွင်းချက်အနေနဲ့ ရိုးရိုးသားသား ဆံပင်လာညှပ်၊ ခေါင်းလာလျှော်၊ အနှိပ်လာခံသူ အချို့ ယောကျာ်းတွေလဲ ရှိပါတယ်။ သူတို့က နှုတ်နည်းတယ်၊ သူတို့ကို သေချာ ၀န်ဆောင်မှု ပေးရင် ဘောက်ဆူး ရက်ရက်ရောရော ပေးတတ်တယ်။ အဲ့ဒီလို ဧည့်သည်မျိုးကြတော့ ချိုတို့ လက်မလွှတ်နိုင်တဲ့၊ ချိုတို့ မျှော်နေရတဲ့ ရွှေဧည့်သည်ပေါ့။ ဒီလို ရွှေဧည့်သည်မျိုးထဲမှာ အခု ခေါင်းလျှော်တာခံနေတဲ့ ဦးလဲ အပါအ၀င်ပေါ့။ ခေါင်းလျှော်အပြီးမှာ မျက်နှာသုတ်ပုဝါ အသစ်လေးနဲ့ ဦးရဲ့ဆံပင်တွေကို ရေခြောက်အောင်၊ မနာကြင်ရလေအောင် ဖွဖွရွရွ ငြင်ငြင်သာသာလေး သုတ်ပေးလိုက်တယ်။ ၀ါဂွမ်း တုတ်ချောင်းလေးနဲ့ နားရွက်ထဲဝင်နေတဲ့ ရေတွေကိုလဲ အသာအယာ လှိမ့်လို့ သုတ်ယူပေးလိုက်တယ်။ ထိုင်ခုံနေရာရောက်တော့ ပြီးခဲ့တဲ့ တစ်ပတ်ကမှ ညှပ်သွားတဲ့ ဦးရဲ့ သေသပ်ပုံကျနတဲ့ ဆံပင်ကို ခြောက်စက်နဲ့ သွေ့ခြောက်ပေးလိုက်တယ်။ အားလုံး ပြီးကာနီး ဆံပင်ကို ဖြီးပေးနေချိန်မှာ ခါးမှာ ချိတ်ထားတဲ့ ဦးရဲ့လက်ကိုင်ဖုန်းလေး မြည်လာတယ်။ “ အေး… ခေါင်းဝင်လျှော်နေတာ၊ သတို့သားကလဲ စိတ်တွေ ဒီလောက်တောင် ပူနေရလားကွ၊ ဒီက ပြီးတာနဲ့ မင်းအစ်မကို ၀င်ခေါ်ပြီး မင်္ဂလာဆောင်တန်းလာမှာ.. စိတ်ချ” အပြုံးမျက်နှာနဲ့ ဖုန်းပြောနေတဲ့ ဦးကို ချို သတိလက်လွတ် ငေးကြည့်နေမိတယ်။ “ ဦးတို့ ရုံးက ကလေးတစ်ယောက် မင်္ဂလာဆောင် ဒီနေ့ရှိတယ်လေ၊ ကဲ.. ဦးကို သေချာ လျှော်ပေးတာ ကျေးဇူးတင်တယ်၊ ရော့…. ဒီမှာ ဆုချတာ… ” ထုံးစံအတိုင်း ဦး ပေးတဲ့ ဘောက်ဆူးပိုက်ဆံကို လှမ်းယူရင်း အပြုံးနဲ့ ချို ခေါင်းညိမ့်မိလိုက်သလား မသိ။ ဘောက်ဆူးပိုက်ဆံကို စည်းကမ်းအတိုင်း ၀န်ထမ်းအားလုံးရဲ့ ဘုံစုဘူးထဲမှာ သွားထည့်လိုက်ရင်း ချို့မျက်လုံးတွေက အလောသုံးဆယ် ထွက်သွားတဲ့ ဦးရဲ့ နောက်ကျောဆီမှာ။ ချို ကြာကြာ ငေးခွင့်မရလိုက်ပါဘူး။ ဦးရဲ့ ချောကလက်ရောင်ကားကြီး ခြံထဲက ထွက်သွားချိန်မှာပဲ နောက်ထပ် လျှော်မယ့် ဧည့်သည်တစ်ယောက် ရောက်လာပြန်တယ်။ ဆိုင်ရှင် မမရဲ့အကြည့်က ကောင်တာကနေ ချို့ဆီရောက်လာတယ်။ အလိုက်တသိပဲ “ ချို လျှော်ပေးလိုက်ပါ့မယ် မမ ” လို့ ပြောလိုက်မိတယ်။ ချို့မှာ ရွေးချယ်ပိုင်ခွင့် မရှိ။ ပြီတီတီ အဆီဝေ့နေတဲ့ ဧည့်သည်ရဲ့မျက်နှာနဲ့ ဟာနေတဲ့ အစာအိမ်ကို ချို ခဏ မေ့ထားလိုက်ရင်း မျက်နှာသုတ်ပုဝါ အသစ်တစ်ထည်ကို စင်ပေါ်က လှမ်းယူလိုက်တယ်။ ဒီဧည့်သည်က ခေါင်းလျှော်ချိန်တစ်လျှောက်လုံး အီစီိကလီ စကားလုံးတွေနဲ့ နားဒုက္ခပေးမယ့် ဖောက်သည်ကြီးဆိုတာ ချို သိပြီးသား။ ပင့်သက်ကို အသာခိုးလို့ ရှိုက်လိုက်မိတယ်။ တအောင့်နေတော့ ကျင့်သားရနေတဲ့ ချို့ လက်ချောင်းလေးတွေက ဧည့်သည်ရဲ့ နဖူးတ၀ိုက်၊ နားထင် တစ်ဝိုက်ပေါ်မှာ ရွေ့ရှားဖိနှိပ်လို့။ ဒါပေမယ့် ချို့စိတ်တွေကတော့ ကျင့်သားမရသေးပဲ မွန်းကြပ်လို့ ပိတ်လှောင်လာတယ်။ ရေနူးပြီး ပဲကြီးရေခွံတွန့်နေတဲ့ လက်ချောင်းလေးတွေဆီ ချို့အကြည့်က ရောက်သွားတယ်။ အခုများကြတော့ ချို့ လက်ချောင်းလေးတွေက အလိုက်သင့် ရွေ့လျားနေလိုက်တာ စက်ရုပ်တစ်ရုပ်လို။ ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)