ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 13, 2012

>
-ဘ၀တကွေ့ အတွေ့အကြုံများမှသည် အနာဂတ် ဒီမိုကရေစီ စနစ်ဆီသို့-

 ** ၁၉၈၇ ခုနှစ် ငွေစက္ကူ အရေးအခင်းနှင့် ဗိုလ်ဘွဲ့ခံကြသူများ **
အတိတ်သမိုင်းဖြစ်ရပ်များသည် ပစ္စုပ္ပန်သမိုင်းဖြစ်ရပ်များကို ထင်ဟပ်စေ၏၊ ဆက်စပ်ပတ်သက်စေ၏။ကောင်းမွေ၊ ဆိုး မွေတို့ကို ပေးဝေစေ၏ ဟူ၍ သမိုင်းဆိုရိုးစကားရှိသည်။ `သမိုင်းသင်တာဟာမအအောင်လို့´ သမိုင်းပညာရှင်ဆရာကြီးဒေါက်တာသန်းထွန်းက ရည် ညွှန်းဖော်ပြဘူးသည်။ လူတိုင်း၊ လူတိုင်းတွင် သမိုင်းကိုယ်စီရှိကြသည်။ ရှိနေခဲ့သော ဖြတ်သန်းမှု အတွေ့အကြုံ အစုစုကို စာ ထက်အက္ခရာတင်ကာ ဖော်ပြရပါလျှင် မိမိနှင့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် (၀ါ) ရဲဘော် ရဲဘက်များ အကြောင်းသည်လည်း မပါမပြီး ဖြစ်ပေသည်။ မနေ့ တစ်နေ့ကပင်လျှင် ဗိုလ်သီဟနှင့် ဖိုးထူးကဖေးတွင် မနက်စောစော၌ အမှတ်မထင်ဆုံတွေ့ကြကာ ထိုင်း-မြန်မာ နယ်စပ်ကို ရောက်နေခိုက် တချိန်က တိုတ်ဖော် တွဲဘက် (၀ါ) ရဲဘော် ရဲဘက်များအကြောင်းကို တစေ့တစောင်း ပြန်လည် ဖောက်သည်ချရလျှင် ကောင်းလေစွဟု ပြောဖြစ်ခဲ့ကြသည်။ ဖြတ်သန်းမှု သမိုင်းကြောင်းကို တစေ့တစောင်း ဖောက်သည်ချ ပါလျှင် မိတ်ဆွေကရော လိုအပ်သလို ကူညီမှာလားဟု မိမိက ပြန်မေးခဲ့သည်။ လိုအပ်သောအချက်အလက်များကို သူသာ မက နှီးနွယ်ဆက်စပ်၊ ပတ်သက်ခဲ့သော ကိုအောင်ဇော်ထက် (ယခု- ဒီဗွီဘီ)၊ အိန်ဂျယ်လ်လာနီနီအောင် (ယခု- အင်္ဂလန်)၊ ကိုအောင်ကျော်မြင့် (ယခု- အမေရိကန်)၊ မနီမွန်လှိုင် (ယခု- ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့) အပါအ၀င် ဆိုင်ရာ၊ ဆိုင်ရာ အချက်အလက်များကို ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်ရာအဖြစ် ကူညီကြမှာ ဧကန်မုချပါဟူ၍ ဗိုလ်သီဟက ပြောခဲ့ပါသည်။ ဤတွင်ပင် ရေးမည်၊ ရေးမည်ဟု အစီအစဉ်ရှိခဲ့ပြီး မရေးဖြစ်သေးသော အနှီ `ဘ၀တကွေ့- အတွေ့အကြုံများမှသည် အနာ ဂတ် ဒီမိုကရေစီ စနစ်ဆီသို့´ ဆောင်းပါးများ မိမိ၏ လက်ကြားမှ ထွက်ပွားလာရပါသတည်း။

** ဗိုလ်တေဇ တို့ကိုအားကျလို့ ဗိုလ်ဘွဲ့ ခံကြပြီ ** 

၁၉၄၁ခုနှစ်- ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် တနေရာ၌ `ရဲဘော်သုံးကျိပ်´ ဖွဲ့စည်း ကာ `ဗိုလ်ဘွဲ့´ကိုအသီးသီးခံယူခဲ့ကြပါသည်။ သခင်အောင်ဆန်း(ဗိုလ်တေဇ)၊ သခင်လှဖေ(ဗိုလ်လကျာ်)၊ သခင်အောင်သန်း (ဗိုလ်စင်္ကြာ)၊ သခင်လှမောင် (ဗိုလ်ဇေယျ)၊ သခင်ရှုမောင် (ဗိုလ်နေ၀င်း)၊ စသည်ဖြင့် တို့ ဗမာ အစည်းအရုံးဝင် သခင်လူငယ် အယောက် (၃၀) ဖြစ်ပါသည်။ ဤ သမိုင်းကြောင်း ကို ဖတ်ရှုမှတ်စုရင်း ထိုစဉ် ရန်ကုန်တက္ကသိုလ် ကျောင်းသားကြီးဖြစ်သူ ကိုသီဟက တင်ပြလာ ရာ ထိုစဉ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများဖြစ်ကြသော မိမိတို့ကသဘောတူလက်ခံကြကာ `မြန်မာပြည်လွတ်မြောက် ရေးတပ် ဦး´ကို ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက် (၂၅ ကျပ်၊ ၃၅ ကျပ်၊ ၇၅ ကျပ်တန် ငွေစက္ကူများအား မဆလ အစိုးရ ကသိမ်းယူသဖြင့် ကျောင်းသားနှင့်ပြည်သူပေါက်ကွဲအုံကြွခဲ့ကြသော ငွေစက္ကူအရေးအခင်း) နောက်ပိုင်း စက်တင်ဘာလ ၇ ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ကြပါသည်။ ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်၊ စ/သု မင်္ဂလာရပ်ကွက်ရှိဗိုလ်ထက်လူ (ကိုဌေးဝင်း) ၏ နေအိမ်မှာ ဖြစ်ပါသည်။ ဗဟိုကော်မတီတွင် ဗိုလ်သီဟ က ဥက္ကဌ၊ ဗိုလ်ထက်လူ က အတွင်းရေးမှူး၊ ဗိုလ်မင်းသွေး က တွဲဖက်အတွင်းရေးမှူး၊ မိမိ ဗိုလ်စစ်နိုင် (နောက်ပိုင်း ၁၉၈၈ မှာ ဗိုလ်မိုးကြိုး)၊ ဗိုလ်ချစ်ပို၊ ဗိုလ်ဇော်မင်းလေး (ယခု- ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့) စသည်တို့ ပါဝင်ကြပြီး ၁၉၈၈- သြဂုတ်လ ၁ ရက်နေ့ နောက်ပိုင်းတွင်မူ ဗိုလ်နီမိုလှိုင် (ယခု- ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့)၊ ဗိုလ်သော်တာ (ယခု- ပြည်တွင်း)၊ ဗိုလ်မင်းဦး (ယခု- ပြည်တွင်း)၊ ဗိုလ်ချောစု (ယခု- ပြည်တွင်း) စသည်တို့နှင့် ချိတ်ဆက် လှုပ်ရှားဆောင်ရွက်ခဲ့ကြပါသည်။ ဒို့ဗမာအစည်းအရုံးဝင်လူငယ်သခင်များကို အတုယူအားကျခဲ့သည့်အားလျော်စွာလိုအပ် သောစစ်ပညာများကို သင်ကြားကြရန် အခြေခံလက်နက်ငယ်နှင့် ထောက်လှမ်းရေးသင်တန်းအတွက် ယခုသင်္ကန်းကျွန်း စံပြဆေးရုံကြီးနေရာ (ယခင်- သင်္ကန်းကျွန်း၊ သင်္ချိုင်းဟောင်း)တွင် ၀ါးရင်းတုတ် တပ်ဖွဲ့ကို စစ်သင်တန်းများပေးလျက်ရှိ သော ဗိုလ်ဆက်အောင်နိုင် (ယခု- ထိုင်း-မြန်မာနယ်စပ်)၊ ဗိုလ်ထွန်းဦး (ဘယ်မှာရှိသည်မသိ) တို့ထံတွင် ဘယ်ညာ၊ ဘယ်ညာ၊ အော်ကာ နေပူ၊ မိုးရွာ အရူးထခဲ့ကြဘူးပါသည်။ သြော်… ဗိုလ်ဘွဲ့ခံမှတော့ စစ်ပညာအခြေခံလေး ဘာလေး တက်အောင် သင်ထားရတာပ။ ရော… ဘယ်အချိန်တုန်းကလဲ ဟုတ်စ။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ နောက်ပိုင်း ရက်တွေမှာပ။

**၁၉၈၈ ခုနှစ် မတ်လ (ဗိုလ်ဘုန်းမော်) နှင့် နောက်ဆက်တွဲ မတ်လ လှုပ်ရှားမှုများ** 

 မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) တစ်ပါတီစနစ်၏ ဖရိုဖရဲနှင့် အပြိုပြိုအလဲလဲဖြစ်စေမှုတွင် ၁၉၈၈ ခုနှစ်၊ မတ်လ (၁၃၊၁၄၊၁၅၊၁၆၊၁၇) စသည့် မတ်လ လှုပ်ရှားမှု နေ့စွဲများလည်း ပါဝင်ပေသည်။ ၁၉၈၈ခုနှစ်၊ မတ်လ ၁၃ ရက်နေ တွင် ရန်ကုန်စက်မှုတက္ကသိုလ် (အာရ်အိုင်တီ) ကျောင်းသားများနှင့် အင်စိန်မြို့နယ်၊ အနောက်…ကုန်းရပ်ကွက်မှ အရပ်သား များသည် “စန္ဒ၀င်းလ္ဘက်ရည်ဆိုင်”မှ စခဲ့ကြသော ဘ္ဘက်ရည်ဆိုင်က ရန်စမှသည် ကျောင်းသားအာဇာနည် ဗိုလ်ဘုန်းမော်၊ ဗိုလ်စိုးနိုင် စသည်တို့ သေဆုံးခဲ့ရပြီး “ပါတီ-ကောင်စီ၊ တော်ပါပြီ ” ဟူ၍ လူထုရင်ဝယ် ဖြစ်တည်လာခဲ့ရပေသည်။ ထို ဗိုလ်ဘုန်းမော် အရေးကိစ္စမှ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သယ်ဆောင်လာခဲ့သော အရေးတော်ပုံ မီးပွားသည် မိမိတို့ ရန်ကုန်တက္ကသိုလ် (ပင်မ)နှင့် အခြား ဆက်နွယ်ပတ်သက်ရာ ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ၊ ရန်ကုန် တက္ကသိုလ်(လှိုင်နယ်မြေ)၊ ရန်ကုန်တက္ကသိုလ် (ကြည်မြင်တိုင်နယ်မြေ) စသည်တို့တွင်လည်းကောင်း၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁)၊ ဆေးတက္ကသိုလ်(၂) တို့တွင်လည်းကောင်း၊ ရန်ကုန်ဂျီတီအိုင်၊ ရန်ကုန်တီအိပ်ခ်ျအက်စ် မှာသာမက ရန်ကုန်မြို့ရှိ အထကကျောင်းများတွင်လည်းကောင်း တောမီးပမာပျံ့နှံ့သွားရလေသည်။ “ကျောင်းသားသွေး၊ မြေကျရပြီ” “ခွပ်ဒေါင်းသွေး မြေခရပြီ” ဟူ၍ လက်သည်းဆိတ်က လက်ထိပ်နာခဲ့ရပေသည်။ မတ်လ ၁၆၊ ၁၇ (ရန်ကုန်တက္ကသိုလ်၊ အင်လျားကန်၊ တံတားနီအရေး) စသည့် ကျောင်းသားလှုပ်ရှားမှုများ ဆက်လက်ပေါ်ပေါက်ကာ “ခွပ်ဒေါင်းဆိုသော မသေမျိုးတွေအကြောင်းကို မအေရိုးတွေ သိသွားရအောင် ခေါင်းထောင်လို့ ခွပ်ခဲ့ကြပေသည်။ တဖက် တွင်လည်းကျောင်းသားလူငယ်တို့၏ စုဖွဲ့မှုနှင့် အကြောင်းပေါ်လျှင်ပေါ်သလို လက်တုံ့ပြန်တတ်သော ကမာရွတ်ရဲစခန်းအား ခဲမိုးရွာမှု၊ လှည်းတန်းမီးပွိုင့်အား ဖျက်ဆီးမှုအပါအ၀င် လက်ရုံးရည်ပြသမှုတို့တွင်လည်း ဗိုလ်သီဟ၊ ဗိုလ်ဆက်အောင်နိုင်နှင့် မိမိတို့သည် မည်သည့်အခါမျှ နောက်တန်းက မရှိခဲ့ချေ၊ ၁၉၈၈ခုနှစ် ဧပြီလ သင်္ကြန်ရက်များတွင်မူမိမိတို့ ကျောင်းသား လူငယ်တို့သည် အတာရေအေးအေးဖြင့် အချင်းချင်းသွေးနွှေးခဲ့ကြပါသေးသည်။

  **၁၉၈၈ ခုနှစ် ဇွန်လ ကျောင်းသားလှုပ်ရှားမှုများ ** 
ဧပြီနှင့် မေလ ကျောင်းပိတ်ရက်များပြီးသော် ၁၉၈၈ ခုနှစ် ဇွန်လ ကျောင်းပြန်ဖွင့်လျှင် ဖွင့်ချင်း ဇွန်လ ၁၃ ရက်နေ့မှစ၍ ဇွန်လကျောင်းသားအရေးတော်ပုံကို ရန်ကုန်တက္ကသိုလ် (ပင်မ) နေရာ၌ စတင်ကုန့်လန့်ကာ ဖွင့်လှစ်ခဲ့ပါသည်။ ရန်ကုန် တက္ကသိုလ် (ပင်မ) ကျောင်းသား ဟောပြောပွဲများတွင် ကျောင်းသားထု သာမက ပြည်သူလူထုကပါ အထူးလူကြိုက်များ လှသော ဗိုလ်ချုပ်အောင်ဆန်း လေသံနှင့် ကျောင်းသားအချို့ရှိခဲ့ပါသည်။ ထိုသူတို့တွင် “ကိုမောင်မောင်ကျော်” မှာ သြဘာသံ အညံဆုံးရရှိသော ကျောင်းသားတစ်ဦးဖြစ်ပြီး ကိုမင်းကိုနိုင်၊ ကိုမိုးသီးဇွန်၊ ကိုပြုံးချို၊ ကိုတင့်ဆန်း၊ ကိုဘကျော်၊ ကိုသူရိန်၊ ကိုတင်အေး၊ ကိုဇော်ဇော်အောင် စသည်တို့အပြင် အကိုကာလသားတို့ အကြိုက်ဖြစ်သော မမြစပယ်အေး၊ မစန္ဒာမင်း (ရွှီး) စသူတို့သည်လည်း စင်ပေါ်တက်ကာ စကားပြောကြသည်ကို မှတ်မိနေပါသေးသည်။ ဇွန်လ အရေးတော်ပုံ၏ ဖန်တီးရှင်ကျောင်းသားတို့သည်ကား ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ် (ပင်မ) ကျောင်းဝန်းထဲမှသည် စမ်းချောင်းမြို့နယ် မြေနီကုန်းအရပ်ဆီသို့ ချီတက်ကြရာတွင် လုံထိန်းတပ်နှင့် ရင်ဆိုင်ကြုံတွေ့ရပြီး “သွေးနီကုန်းအရေးအခင်း” ဟူ၍ ၁၉၈၈ ခုနှစ် ဇွန်လ ၂၁ရက်နေ့တွင် ပေါ်ပေါက်ခဲ့ရပေသည်။ ကျောင်းသားနှင့် ပြည်သူ အချို့သွေးမြေကျရသည်ကို အစွဲပြု၍မြေနီကုန်းမှသည် သွေးနီကုန်းဟူ၍ ဂုဏ်ပြုခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည်။ ဤသို့သော ကျောင်းသား ခွပ်ဒေါင်းတို့၏ ဇွန်လအရေးတော်ပုံအတွင်း အပြင်းပြဆုံးဆန္ဒသဘောထားထုတ်ဖော်ချက်မှာ “ကြားဖြတ်အစိုးရဖွဲ့စည်းရေး …ဒို့အရေး” “ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး …. ဒို့အရေး” “ဖမ်းဆီးခံကျောင်းသားပြန်လွှတ်ရေး… ဒို့အရေး” “ကုန်ဈေးနှုန်းကျဆင်းရေး…ဒို့အရေး” စသည်ဖြင့် ကြွေးကြော် ခဲ့ကြခြင်း ဖြစ်သည်။ မဆလ တစ်ပါတီအစိုးရသည် စုစည်းမိနေသော ကျောင်းသားများအား အုပ်စုခွဲ၊ နေရာခွဲသောအားဖြင့် ရန်ကုန် တက္ကသိုလ်အပါအ၀င် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ သိပ္ပံ ကျောင်းပေါင်းစုံကို ပိတ်လိုက်ရပေသည်။ ထိုသို့ ကျောင်းပေါင်းစုံ ပိတ်လိုက်ခြင်းကြောင့် မိမိတို့ နယ်ရပ်ဒေသပေါင်းစုံတို့သို့ပြန်လည်ရောက်ရှိကြကုန်သော တက္ကသိုလ်ကျောင်းသား ခွပ်ဒေါင်း များနှင့် ဒေသဆိုင်ရာ အထက ၊ အလက ၊ ကျောင်းသားများ စုဖွဲ့မိပြီး တယောက်တလက်တအား ပေါင်းစည်းအားများဖြင့် ၁၉၈၈ခုနှစ် သြဂုတ်လ ၈ ရက် တည်းဟူသော “၈၈၈၈ လူထုအုံကြွမှုကြီး (၀ါ) ၈၈၈၈ အထွေထွေသပိတ်ကြီး” ကို ကျောင်း သားနှင့်ပြည်သူ ညီတူလက်တွဲကာ ပါဝင်ဆင်နွှဲကြပါတော့သည်။ ဟော…ပြောရင်းဆိုရင်း၊ ရုန်းကန်လှုပ်ရှားကြရင်းနဲ့ ၁၉၈၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တောင်ရောက်လာပါပကော။ ဗိုလ်သီဟနှင့် ဗိုလ်ဆက်အောင်နိုင်တို့ မည်သို့မည်ပုံ တိုင်ပင်လိုက်သည်မသိ။ ရန်ကုန်တိုင်း၏အခြေခံလူတန်းစား (၀ါ) အောက်ဆုံးအလွှာများ နေထိုင်ကြသော သင်္ကန်းကျွန်း၊ ဒေါပုံ၊ သာကေတ၊ မင်္ဂလာတောင်ညွှန့်၊ တောင်ဥက္ကလာပ စသည့် မြို့နယ် ၆ ခုတွင် နီးစပ်ရာ ချက်ပလက်ကား အုတ်သဲကျောက်ကား၊ ဒေါ့ဂျစ်ကားများပေါ်တွင် ဒိုးပတ်များတင်ကာ၊ ဦးရွှေရိုး နှင့် ဒေါ်မိုးကိုလည်းတင်ကာ ငွေစက္ကူအရေးတော်ပုံနှင့် ၁၉၈၈ ခုနှစ်၊ မတ်လ အရေးတော်ပုံ ၁၉၈၈ ခုနှစ် ဇွန်လ အရေးတော ပုံတွင် မဆလ အစိုးရကို ဆန့်ကျင်ခဲ့ကြသော တိုက်ပွဲဝင်ခွပ်ဒေါင်းများကလိုက်ပါလျက် ဒေသခံရဲတို့ မျက်စိလည်အောင် မျက်လှည်ပြကြပါတော့သည်။ ကားများပေါ်က “ဒို့အရေး … ဒို့အရေး… ဒို့အရေး” ကြွေးကြော်သံများကြားတွင် “မဆလ တစ်ပါတီ-အလိုမရှိ” “လူသတ်အစိုးရ ကျဆုံးပါစေ” “အရေးတော်ပုံအောင်ရမည်” စသည်ဖြင့် ကြွေးကြော်သံများ ဝေစီ ကြလျက်၊ လမ်းဘေးဝဲယာတလျှောက်မှ ကြားရသူပြည်သူလူထုအချို့ကလည်း လက်ခုတ်တီးအားပေးကြသောကြောင့် မိမိတို့၏ကားဖြင့်လှည့်လည်လှုပ်ရှားမှုများသည် အတော်အသင့် အောင်မြင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ မိမိတို့ ၏ကားများ နောက်တွင် သတင်းကြား၍ လိုက်ပါလာသော ရဲကားများအား မိမိတို့ကမြင်လျှင်မြင်ခြင်း ချက်ချင်းဆိုသလိုပင် ဒိုးပတ်သံ လွှမ်းစေကာ ထိုခေတ်က လူသိများလှသော “မိုးမိုးလှလို့လား…၀ါး…မိုးမိုးကလို့လား…၀ါး……………အားနဲ့မာန်နဲ့ကြိုးစားကလို့လား…၀ါး” ဟူသည့် မင်းသားမိုးဝင်း၏ သီချင်းကိုဆို၍တစ်နည်း၊ “သစ်ပင်ပေါ်မှာ…ထိုင်နေတဲ့တောက်တဲ့…တောက်တဲ့…မိုးလေ၀သဟောနိုင်တဲ့…တောက်တဲ့…တောက်တဲ့” ဟူသည့် ထို ခေတ်က နာမည်ကျော်သံချပ်သီချင်းစာသားအားဆို၍ တစ်မျိုး ဆူညံစွာ အော်ဟစ်ကြပါတော့သည်။ ကားနောက်မှ ထပ်ချပ် မကွာ လိုက်ပါလာသောရဲများမှာလည်း “သြော်…ဒီလူငယ်တွေ အလှူသွားမလို့၊ အလှူကပြန်လာလို့ ပျော်နေကြတာပဲ” `ဟူ ၍ ယူဆကြသလားမသိ။ ရဲကားများကို နောက်ပြန်ခေါက်ကာ ထွက်သွားကြသဖြင့် မိမိတို့မှာတစ်ခါမှ၊ တစ်ရက်မှဒုက္ခမတွေ့ ခဲ့ပါချေ။ (ဤနေရာတွင် အခုမှပြန်လည်စေ့ငုမိသည်မှာ ထိုစဉ်အခါရဲများကိုယ်တိုင်က မသိမသာ နှင့်ပင်ကျောင်းသားလူငယ် များဖေါ်ဆောင်နေသော အပြောင်းအလဲကို ၄င်းတို့ရင်တွင်းရှိ လိုလားလက်ခံမှုနှင့် အံဝင်ခွင်ကျဖြစ်နေသဖြင့် အသာလေး လွှတ်ပေးလိုက်သလားမဆိုတတ်ချေ။) အို…လူနေမှုစနစ်အပြောင်းအလဲကြီးရေ…ငါတို့ရဲ့ ရန်ကုန်တိုင်း အခြေခံလူထုလူတန်းစား အလွှာပေါင်းစုံရှိတဲ့ မြို့ နယ်တွေထဲက “ရွှေကျွန်းသားတို့လာပြီဟေ့” ရယ်လို့ ဂုဏ်ယူဝံ့ကြွားနိုင်လောက်တဲ့ သင်္ကန်းကျွန်းမြို့နယ်သားတွေကတော့ အခုလိုအခုလိုထွက်ပေါ်လာပါပြီပကော။ သင်္ကန်းကျွန်းမြို့နယ်သား (၀ါ) ရွှေကျွန်းသားတွေက ဘယ်သူတွေ များတုန်းမှတ် တယ်။ ကိုမင်းကိုနိုင်(မြန်မာပြည်၊၈၈မျိုးဆက်အဖွဲ့)၊ ကိုမိုးသီးဇွန်(ယခု-အမေရိကန်)၊ ကိုသက်ထွန်း(ယခု-အမေရိကန်)၊ ကို ဘိုကြည်(ယခု-အေအေပီပီ၊ထိုင်းမြန်မာနယ်စပ်)၊ ကိုဆက်အောင်နိုင် (ယခု-ထိုင်းမြန်မာနယ်စပ်)၊ ကိုသီဟ(ယခု-ထိုင်းမြန်မာ နယ်စပ်)၊ ကိုတင်သန်းဦး(မြန်မာပြည်)၊ ကိုထက်မိုး(ကျောင်းသားတပ်မတော်၊ ကွယ်လွန်)၊ ကိုမိုးကြိုး(ယခု-ထိုင်းမြန်မာနယ် စပ်)၊ မမိုးကလျာ(ယခု-ထိုင်းမြန်မာနယ်စပ်)၊ ကိုဇော်မင်းလေး(မြန်မာပြည်၊၈၈မျိုးဆက်အဖွဲ့)၊ မနီမိုလှိုင် (မြန်မာပြည်၊ ၈၈မျိုး ဆက်အဖွဲ့)၊ ကိုဇာနည်(ယခု-ပြောရေးဆိုခွင့်ရှိသူ၊ ဗကသများအဖွဲ့ချုပ်) စသည်စသည်တို့ကို မွေးဖွားပေးလိုက်ပါပကော။ ……………………………………………………………………………………………….. 
-ဘ၀တကွေ့ -အတွေ့အကြုံများမှသည် အနာဂတ် ဒီမိုကရေစီ စနစ်ဆီသို့- 

**သြဂုတ်လ ၆ ရက်နေ့ည ဘီဘီစီ သတင်းအရ လူထုပေါက်ကွဲမှု**

 အခြားတဖက်တွင်လည်း သြဂုတ်လ ၆ ရက်နေ့ညပိုင်း ဘီဘီစီသတင်းဌာနနှင့် ကျောင်းသားများ တွေ့ဆုံခန်း ထုတ် လွှင့်မှုသည် တအုံနွေးနွေးဖြစ်နေကြသော မြန်မာပြည်သူလူထုတည်းဟူသော ယမ်းအိုးကြီးပေါ်သို့ ဓါတ်ဆီ လောင်းပေး သကဲ့သို့ ဖြစ်ခဲ့ပါသည်။ တက္ကသိုလ်ကျောင်းသားများဖြစ်သော ကိုကိုဦး (ခေါ်) ကိုကိုလတ်၊ ကိုဌေးအောင် (ယခု-AAPP)၊ မအေးငြိမ်းသူ၊ ကိုဌေးကြွယ် (ယခု-၈၈မျိုးဆက်)၊ ကိုအောင်မျိုးထွန်းစသည်တို့သည် ဘီဘီစီသတင်းထောက်- ခရစ္စတိုဖဂါး နက်စ်၊ ဦးအောင်မြင့်ထွန်းတို့နှင့် တွေ့ဆုံမေးမြန်းခန်းတင်ဆက်ကြရာ၌ ရန်ကုန်တက္ကသိုလ်၊ အင်းလျားကန် ဧရိယာထဲတွင် တက္ကသိုလ်ကျောင်းသူကျောင်းသားများမှာ အရိုက်အနှက်ခံရ၊ ဆွဲကြိုး၊ နာရီများအဖြုတ်ခံကြရရုံမျှမက တက္ကသိုလ် ကျောင်း သာားအချို့မှာ မတော်မတရားပြုကျင့်ခဲ့ကြရပါသည်ဟု ထုတ်ဖော်ပြောဆိုကြပါသည်။ ဤအသံလွှင့်အစီအစဉ်ကို နားဆင် နေကြသော မြန်မာပြည်သူအပေါင်းတို့သည် နဂိုကတည်းမှ ငိုချင်ချင်ဖြစ်နေကြသည့် အထဲလက်ကပါလာတို့သဖြင့် လုံးဝ ကြီးကို ငိုချပစ်လိုက်ပါတော့သည်။ တားမရ၊ ဆီးမရဖြစ်တည်နေကြသော အစာရေစာ မ၀သူတို့၏ ရင်တွင်းပေါက်ကွဲမှုသည် တက္ကသိုလ်ကျောင်းသား ၆ ဦး၏ ဘီဘီစီတွေ့ဆုံမေးမြန်းခန်းတင်ဆက်မှုထဲတွင် ပါရှိသော ကျောင်းသား - မအေးငြိမ်းသူ၏ ငိုသံပါပြောဆိုချက်များနှင့် မည်သို့မည်ပုံ ဒွေးရောယှက်တင်ဖြစ်သွားသနည်း မဆိုတတ်ချေ။ သြဂုတ်လ ၇ ရက်နေ့ တစ်နေ့ သည် ရန်ကုန်မြို့တော်ရှိ မြို့နယ်အသီးသီးမှ ပြည်သူလူထု၏ နောက်တစ်နေ့ အထွေထွေသပိတ်ကြီးအတွက် အားယူရာ၊ အားမွေးရင်း ဓါး……သွေးကြရာနေ့ဖြစ်ခဲ့ပြီး သြဂုတ်လ ၈ ရက်နေ့ နံနက်ပိင်းတွင်ကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) တစ်ပါတီစနစ်ကို မြန်မာ့မြေမှ အပြီးတိုင်ဖြုတ်ချခဲ့ဥော ရှစ်လေးလုံးလူထုအုံကြွမှုကြီး (၀ါ) ရှစ်လေးလုံး အထွေထွေ သပိတ်ကြီး ပေါ်ပေါက်လာပါတော့သည်။ အနှီရှစ်လေးလုံး (သြဂုတ်လ ၈ ရက်၊ ၁၉၈၈) ခုနှစ် လူထုအရေးတော်ပုံကြီးတွင် လည်း သိန်းနှင့်ချီသော မြန်မာပြည်သူလူထုနှင့်အတူ တတိယနှစ်၊ ရူပဗေဒအထူးပြု၊ ရန်ကုန်တက္က သိုလ်ကျောင်းသား တစ် ဦးဖြစ်သော မိမိ (ဗိုလ်စစ်နိုင်)သည်လည်း နှင့် ဗိုလ်သော်တာအမှူးပြုသော် “တိုက်ပွဲဝင်ကျောင်းသားများနှင့် လူငယ်များ ညီညွှတ်ရေးတပ်ဦး” အမှုဆောင်တစ်ဦးအနေဖြင့် လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ) တက္ကသိုလ် ကျောင်းသားသမဂ္ဂ (ယာယီ)၏ ဒုတိယဥက္ကဌ (နောင်-ဥက္ကဌ)၊အဖြစ်လည်းကောင်း ထဲထဲဝင်ဝင်ပါဝင်ခဲ့ပါ၏။

 ရဲဘော်မိုးကြိုး (ဗိုလ်စစ်နိုင်) 
ထိုင်း - မြန်မာနယ်စပ် 
(ဆက်လက်ဖော်ပြပါမည်။)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)