-အဆင့်-
အဆင့်ဆိုတာက သတ်မှတ်ချက်တစ်ခု။ အဆင့်ဆိုတာ နေရာတစ်နေရာ။ သက်ရှိတွေအတွက်ရော၊ သက်မဲ့တွေအတွက်မှာပါ အဆင့်တွေ ခွဲခြား သတ်မှတ်ထားတယ်။ အဆင့်တွေနဲ့ ကင်းလွတ်တဲ့ သူဆိုတာ မရှိသလောက်ပါဘဲ။
အလုပ်တွေမှာ ရာထူးတွေ၊ ဌာနတွေနဲ့ အဆင့်တွေ ခွဲခြားထားတယ်။ မီးရထား၊ လေယာဉ် ၊ ဘတ်(စ်)ကား၊ ရုပ်ရှင်ရုံတွေမှာ အဆင့်တွေ ခွဲခြားထားတယ်။ ရိုးရိုးတန်း၊ အထက်တန်း၊ စပယ်ရှယ်၊ အထူးစပယ်ရှယ်၊ စီးပွားရေးသမားများသာ၊ ဗွီအိုင်ပီ၊ လက်ဖက်ရည်တောင် ရိုးရိုးနဲ့ ရှယ်ဆို အဆင့် ခွဲထားလိုက်သေး။ အို… နောက်ဆုံး လူ့လောကကနေ စွန့်ခွာရတာတောင် ရှယ်သဂြိုလ်မလား၊ ရိုးရိုးသဂြိုလ်မလား..တဲ့။ ခွဲထားလိုက်တဲ့ အဆင့်တွေ။
တလောတုန်းက လမ်းသွားရင်း ရန်ဖြစ်တာ ကြုံရတယ်။ အဲ့ဒီ မိန်းမကလေ ၀တ်ထားတဲ့ သူ့ရဲ့ ရွှေဆွဲကြိုး အကြီးကြီးကိုမှ၊ ဖြူဥ သန့်ပျံ့နေတဲ့ သူ့ရဲ့ ရုပ်အသွင်အပြင်ကိုမှ အားမနာ၊ ထမိန်ကို လက်နှစ်ဖက်က ပင့်မလို့ တစ်ဘက်လူကို ရန်ထောင်နေတာ ” အဆင့်မရှိတဲ့ကောင်၊ ဥတစ်လုံး ချိုင့်တွေ၊ နင်တို့ကို အခုလို ပြောနေရတာကို သနတယ် ” ဆိုပဲ။
အဆင့်ဆိုတာကို လူတွေကပဲ ပြဌာန်း သတ်မှတ်နေတာ။ ကိုယ် ရထားတဲ့ အဆင့်ကနေ ဒီထက် သာလွန်အောင် ကြိုးစားနေကြ သူများရှိသလို၊ ကိုယ်ရထားတဲ့ အဆင့်လေးမှာပဲ တင်းတိမ်ပျော်မွေ့ နေသူတွေလည်း ရှိတယ်။ တချို့ကလည်း ကိုယ်ရနေတဲ့ အဆင့်ကနေ ပိုမိုကောင်းမွန်တဲ့ အဆင့်ရောက်အောင် အားထုတ်ကြတယ်။ ကောင်းမွန်တဲ့ ပြယုဂ်နဲ့ အဆင့်တွေ မြင့်မားလာအောင် အားထုတ်နေသူများကို လေးစားနေမိ ပေမယ် တချို့က နောက်ဆုံးပေါ် ကားစီးနိုင်မှ၊ နောက်ဆုံးပေါ် ပစ္စည်းတွေ သုံးနိုင်မှ၊ ရာထူးတွေ မိုးထိထိုးနေပါမှ၊ အထင်တကြီး နေရာပေး လေးစားနေကြလေတော့ အပေါ်ယံ အဆောင်အယောင်တွေကို ကြည့်ပြီး အဆင့်တွေ မြင့်လှချည်လားလို့ ထင်နေကြလေ သူတွေကိုတော့ သနားတယ်လို့သာ ပြောလိုက်ချင်မိတယ်။
သတ်မှတ်ထားတဲ့ အပြင်ဗဟိဒ္ဓကတော့ အဆင့်မြင့်မြင့်နေရာ တစ်နေရာတော့ ရောက်နေပါရဲ့။ အတွင်း အဇ္ဈတ္တတွေကရော အဆင့်မှ မြင့်ကြရဲ့လားလို့ တွေးမိတယ်။ လူတွေကတော့ အဆင်တန်း မြင့်မြင့်နဲ့ နေနေကြပါရဲ့၊ စိတ်ဓာတ်ရေးရာကြတော့ သေးသိမ် နိမ့်ကျနေ လိုက်တာ။ လူနေခြုံကြား၊ စိတ်နေဘုံဖျားနဲ့ မြေစာမြက်လောက် အမြင့်ကိုတောင် မြင့်လိုက်တာလို့ ထင်နေကြသေးရင် သိပ်မဟုတ်သေးဘူး။
အဆင့်ဆိုလို့ တစ်နေ့ကပဲ သိခဲ့ရတယ်။ ကလေးတစ်ယောက်နဲ့ သူ့အမေရဲ့အဖြစ်။ အခုခောတ် ကလေးတွေဟာ အရွယ်နဲ့မမျှအောင် ပညာတွေ သင်ယူနေရတယ်။ ကစားချိန်ဆိုတာ မရှိပဲ ကျောင်းပြီးကျူရှင်၊ ကျူရှင်ပြီး ဂိုဒ်နဲ့ စာဆက်ကျက်၊ လွယ်အိတ်တွေထဲမှာ စာအုပ်တွေက ၂ဒါဇင်လောက်ထည့်။ သနားစရာ။ ဒါပေမယ့် မိဘတွေက အတန်းထဲမှာ ဘာသာရပ်လိုက် ရတဲ့ အမှတ်တွေက ပျံလန်နေလေတော့ ၀မ်းသာပီတိပေါ့။ တစ်နေ့… အမေဖြစ်သူက လစဉ် စာမေးပွဲအပြီး ရီပို့ကဒ်ရတယ်။ အမြဲ အဆင့်(၁)ရခဲ့တဲ့ သမီးက အဆင့် (၈)တဲ့။ သမီးဖြစ်သူက မျက်ရည် တစမ်းစမ်းနဲ့။ ဒါနဲ့ အမေဖြစ်သူလဲ မျက်ကလဲဆန်ပြာနဲ့ ကလေး လက်ဆွဲပြီး ကျောင်းက ဆရာမဆီကို သုတ်ခြေတင်တော့တာပေါ့။ ဆရာမက ရှင်းပြတယ်။ ဒီလ အတန်းထဲမှာ အမှတ်တူ အဆင့်(၁)ကြီးပဲ ၇ယောက် ရတယ်တဲ့။ အမှတ် ၃မှတ်သာကွာတဲ့ ဒီသမီးငယ်က ဒါကြောင့် အဆင့် (၈) ဖြစ်ရတာပါတဲ့။ မအေဖြစ်သူလည်း သမီးဖြစ်သူ အမှတ်တွေ ဘယ်လိုကောင်းကောင်း၊ အဆင့်(၁)ထက် အမှတ်(၃)မှတ်သာ နည်းပြီး အဆင့်(၈) ဖြစ်သွားရတဲ့အတွက် ရင်ထုမနာ ဖြစ်ရတော့တယ်။ အမေရော၊ သမီးရော ကောင်းမွန်သာလွန်နေတဲ့ အမှတ်တွေကို ဂရုမပြုမိတော့ပဲ အဆင့်ဆိုတာကို ဂရုပြုလေတော့ ခံစားရပြီပေါ့။ ဒီလို အဖြစ်မျိုးတွေနဲ့ ကိုယ့်မှာရှိနေတဲ့ ပင်ကိုယ် အရည်အချင်းကို မမြင်တော့ပဲ အခုလို အဆင့်တွေပေါ်မှာပဲ သာယာလွန်းသူတွေ ဘယ်လောက်တောင် ရှိနေကြမလဲ မသိဘူးနော်။ တချိန်ထဲမှာပဲ အဆင့်(၁)ဆိုတာမျိုးက တစ်ယောက်ထဲ မဖြစ်သင့်ဘူးလား။ အခုလို (၇)ယောက် ပူးတွဲတစ်သီကြီး ပေးလို့ရသလားလို့ တွေးမိပြန်တယ်။
လူတစ်ဦးချင်းစီ အတွက်ကတော့ အဆင့်ဆိုတာမျိုးက ကိုယ့်ကိုယ်ကို သတ်မှတ်ရတာမျိုး မဟုတ်။ အများက ကိုယ့်ရဲ့လုပ်ရပ်၊ ကိုယ့်ရဲ့ အပြုအမှူ၊ ကိုယ့်ရဲ့ အားထုတ်မှု၊ ကိုယ့်ရဲ့ အနစ်နာခံ ကိုယ်ကျိုးစွန့်မှု ..အဲ့ဒီလို အမျိုးမျိုးအပေါ်မှာ ဆုံးဖြတ်ကာ၊ မှတ်ကျောက်တင်ကာ သတ်မှတ်ပေးရ တာမျိုး။ တချို့က ကိုယ့်ကိုယ်ကို တံဆိပ်တွေ ကပ်ပြီး အဆင့်တွေမြှင့်၊ ကိုယ့်ကိုယ်ကို ကြော်ငြာတွေဝင်ပြီး သတ်မှတ်နေတာမျိုးလည်းရှိရဲ့။ ကိုယ့်သမိုင်းကိုယ် လုပ်ကြံဖန်တီးနေကြတာမျိုးလည်း ကြုံနေရရဲ့။ ဒါမျိုးတွေကြတော့ ရယ်သွေးသွမ်းစရာ အတုအယောင် အဆင့်တွေပေါ့။
မဟတ္တမဂန္ဒီဟာ ချည်ထည် ဖျဉ်ကြမ်းဝတ်ပြီး ဘ၀ကို သမရိုးကျ သာမာန် လူတစ်ယောက်လို ဖြတ်သန်းခဲ့ရပေမယ့် သူ့ကို တစ်ကမ္ဘာလုံးက လေးစားခဲ့ရတယ်။ မာသာထရီစာဟာ ဆင်းရဲမွဲတေ ရောဂါ ဝေဒနာသည်တွေ ကြားမှာ လုံးထွေးပြုစုပြီး နေခဲ့ရပေမယ့် သူမရဲ့မေတ္တာ ရနံ့တွေဟာ တစ်ကမ္ဘာလုံးကို ဖြာဝေခဲ့ရတယ်။ ဟိုချီမင်းဟာ ရိုးရာဝတ်စုံသာ ၀တ်ပြီး သမ္မတ အိမ်တော်ကို သာမာန်လူ တစ်ယောက်လို နေ့စဉ် လမ်းလျှောက်ပြီး အလုပ်ဆင်းခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့ပေမယ့် ပဲပြုတ်ထမင်းလေးကိုပဲ အာသီသ ရှိခဲ့တယ်။ သူတို့ဟာ လူရော၊ စိတ်ဓာတ်တွေပါ အဆင့် မြင့်မားခဲ့သူတွေပါ။ သူတို့ဟာ သူတို့ အတွက်သာမက သူတို့ရဲ့ ပတ်ဝန်းကျင်၊ သူတို့ရဲ့ ကမ္ဘာ၊ သူတို့ရဲ့သမိုင်းကို အဆင့်မြင့်မြင့်နဲ့ လှပအောင် ချယ်မှုန်းခဲ့သူများပါ။
အဆင့်ဆိုတာတွေက မခွဲထားလို့လည်း မရပြန်ပါဘူး။ အဆင့်တွေ ခွဲထားမှ ကိုယ်ဟာ ဘယ်နေရာနဲ့ သင့်လျှော်တယ်၊ ကိုယ်ဟာ ဘယ်အဆင့်ဆိုတာကို သတ်မှတ်နိုင်မှာပါ။ အဆင့်တွေကို ခွဲခြမ်းစိတ်ဖြာဖို့ သက်ဆိုင်ရာ စံနှုန်းတွေလည်း ရှိထားပြီးသားပါ။ အဆင့်တွေမှီအောင်တော့ နေရာတိုင်းမှာ လုပ်နေကြတာပဲ။ ဒါပေမယ့် အခြေခံအဆင့်လေးတွေကိုပဲ အနည်းဆုံး ပြည့်မှီစေချင်တာ။ အခြေခံ အဆင့်လေးတွေကိုပဲ အောက်သက် ကြေကြေနဲ့ ပြည့်မှီအောင်လုပ်၊ အဲ့ဒီကမှ တစ်ဆင့်ပြီး တစ်ဆင့်ရှေ့ကို တစ်လှမ်းချင်း တက်သင့်တာပေါ့နော်။ ကျွန်မတို့ လူမျိုးဆိုတာမျိုးက ရောင့်ရဲ တင်းတိမ်တတ်ကြတာများတယ်။ အခြေခံ အဆင့်လေးတွေမှာ ခိုင်ခိုင်မာမာ မရှိရင် အလှမ်းကျယ် အလည်လပ်နေမှာ စိုးမိပါရဲ့။
အင်း… ထမင်းချိုင့်တောင် အဆင့်တွေလွဲနေရင် ချိတ်လို့ မရဘူးမဟုတ်လား။ အဆင့်တွေ လွဲနေမှာ ကိုတော့ စိုးရိမ်မိသားရှင်။
ဘာရယ် မဟုတ်ပါဘူး…။ ကွန်နက်ရှင်တွေ မကောင်းတုန်း ဟိုတွေး သည်တွေးနဲ့ တွေးပြီး ကောက်ခြစ်လိုက်မိတာလေးပါ။
( အကြောင်းအမျိုးမျိုးကြောင့် အလုပ်တွေ ပိနေလို့ ဘလော့ဂ်တွေမှာ စာတွေ လိုက်မဖတ်ဖြစ်တာ ကြာနေပါပြီ။ ဒီနေ့တော့ ကွန်နက်ရှင်ရသလောက် အချိန်လေးမှာ ပို့စ်အဟောင်းလေးတင်ပြီး စာတွေ လိုက်ဖတ်ပါဦးမယ်။)
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲ ကျကြပါစေ။**မြသွေးနီ**

No comments:
Post a Comment