-ဤကဗျာရှည်ကို ဖယောင်းတိုင်မီးဖြင့် ကျွန်ုပ်ရေးသည်-
“ဟိုရှေ့က ဆူဆူညံ ဘာသံလို့မေး မီးစက်သံ တဖုန်းဖုန်းနဲ့ မြို့ပြတဲ့လေး…” အဲ့သည်လို စာချိုးမှ ရတော့မယ့် မြို့ပြ နဂိုကလို မလှပတော့ မျက်စိနှစ်လုံး ဖွင့်ချိန်ကစ မျက်စိနှစ်လုံး ပိတ်ချိန်အထိ ညှော်နံ့က တစီစီ မီးစက်သံ တညံညံနဲ့ မီးခိုးငွေ့တွေ တွင်တွင်လွင့်ပါလို့ လေထုတွေလည်း ပိတ်လှောင်လို့ နွမ်းညစ်ရပြီ။ ဟော… ကြည့်လိုက် ပလက်ဖောင်းတလျှောက် တရုပ် ယိုးဒယား၊ ကိုရီးယား ဂျပန် ပြည်တွင်းဖြစ်ပါမကျန် ဂျင်နရေတာမီးစက် အကြီးသေးဆိုဒ်စုံ မရှိရင်မဖြစ် ခေတ်မမှီတော့မယ့်ပုံမျိုး အပူခိုးတွေ လှိုင်လှိုင်ထုတ်လို့ ဒေါသတကြီး ဆူပွက် အနေခက်ရပုံများ “ မီးစက်နှိုးသံ တညံညံ ရန်ကုန်ပလက်ဖောင်း ” …လို့ ထပ်ပြီး စာချိုးရလောက်ရဲ့။ မီးမလာတဲ့ နေ့တွေ မီးမလာတဲ့ ညတွေ မီးမလာတဲ့ ရက်၊ လ၊ နှစ်တွေ ဒါလားကွဲ့ မြို့ပြ အစိုးမရတဲ့ သည်မီး သည်းညည်း မခံနိုင်စရာ သောမတ်အင်ဒီဆင် သူမြင်ရင် ထိုင်ငိုလောက်ရဲ့။ ရေမရ မီးမလာ မီးမလာ ရေမရ ရေရ မီးကမလာ တခဏမီးလာပြန် မီးအားကမပြည့် အင်ဗက်တာချာဂျင်ဝေးလို့ ဒီသံသရာ အခါခါလည်ရင်းနဲ့ ချိုးရေမရှိ သုံးရေမရှိ သောက်ရေ ဗလာနတ္ထိနဲ့ အိုးထဲတောင် ကျွမ်းထိုးကောင် မနေ၀ံ့တယ် မှောက်လို့သာကြည့်။ နွေညကပူ ရွှေလရောင် တိမ်အောက်လျိုးလို့ မှောင်ရိပ်နဲ့ မည်းမည်းမှာ အဘွားလည်း မအိပ်နိုင် ချွေးဖြိုင်ဖြိုင် တထိုင်ထိုင်နဲ့ စိတ်ဘ၀င် နင့်ကာညှိုး သွေးတွေသာ ဆင့်ကာတိုး။
နွေနေအပူ ဟိုး…အရင်လို လွန်ဆွဲယူလို့ မရတော့ မိုးကခေါင် သီးမအောင် မိုး…မိုး…ဘာလို့မရွာ ဖား…ဖား…ဘာလို့မအော် စဉ်းစားစရာမလို ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြမဆောင်ခင် အင်ဗက်တာ ဂျင်နရေတာ ချာဂျာ ဖယောင်းတိုင် နှစ်ပါးသွား အိုက်စပ်ညများ ကင်းဝေးအောင် အရင် မဆောင်ရင်ဖြင့် အရည်မပျော်တဲ့ ဖယောင်းလူသားတွေ အလျှံရှိသမျှ တညီးညီးလောင်ကျွမ်းခံရင်း အစွမ်းကုန် တောက်ပပြနေယုံပေါ့။ ။

No comments:
Post a Comment