-ရင့်ကျက်ခြင်းVs မရင့်ကျက်ခြင်း-
ကျမကိုတော့ အသက်နဲ့စာရင်ပတ်ဝန်းကျင်က ရင့်ကျက်တယ်လို့ထင်ကြပေမယ့် တကယ်တော့ ကျမကမရင့်ကျက်သေးတဲ့သူတစ်ယောက်ပါ။ ဘဝမှာပြုပြင်ပြောင်းလဲခွင့်မရှိတဲ့လောကဒဏ်တရားတွေခံရပြီးတဲ့နောက်မှာ ကျမအနည်းအကျဉ်းဒုတ်ခတွေနဲ့နေသားတကျလေးရှိလာတာကလွဲလို့ပေါ့ ။ ဆယ်တန်းဆိုတဲ့အချိန်ထိ ကျမ ဘာဆိုဘာမှကိုမသိတဲ့သူတစ်ယောက် တကယ့်ပီဘိ ကလေးသာသာလူတစ်ယောက်ပါ ။ ဆယ်တန်းအောင်ပြီးတဲ့နောက်မှာ မိသားစုကိတ်စတွေနဲ့ ကျမမရင့်ကျက်ချင်လည်းရင့်ကျက်ခဲ့ရတယ်။ စီးပွားရေးသမားတွေရဲ့ ဘုံလုံတစ်လှည့် ၊ ဖားပျံတစ်လှည့် ကံကြမာအောက်မှာ မိသားစုဝင်တစ်ဦးဖြစ်တဲ့ကျမလည်းတတ်စွမ်းသလောက်ဖြည့်ဆည်းပေးခဲ့ရတယ်။ ကျောင်းက ကိုးနာရီတိတိတက်ရမယ် ၊ အင်္ဂါနေ့တိုင်း ကိုးနာရီတိတိမှာ ဘုရားမှာသပြေပန်း ၊ ဒန်းညွန့် ကိုနံ့သာရည်နဲ့ကပ်ရမယ်။ ဘုရားကလည်း အိမ်နဲ့ တော်တော်လှမ်းတဲ့နေရာမှာပါ ။ အင်္ဂါနေ့မနက်တိုင်းကို စက်ဘီးတစ်စီးနဲ့ဘုရားကိုပြေးပြီး တစ်နှစ်တိတိ ယတြာလုပ်ပေးခဲ့တယ် ။အင်္ဂါနေ့မနက်တိုင်းအတန်းနောက်ကျတဲ့ကျမကိုအင်္ဂလိပ်စာဆရာမက သူ့အချိန်ကိုနောက်ကျအောင်လာတယ်ဆိုပြီး အမြင်တွေစောင်းသေးတယ် ။ ဒါပေမယ့်လည်းမတတ်နိုင်ဘူးလေ ကျမလည်းတတ်နိုင်သလောက်ဖြည့်ဆည်းပေးရမယ့်တာဝန်ရှိသေးတာကိုး။
ဒီလိုဆိုပြန်တော့လည်း အသက် ၁၆ နှစ်အရွယ်မိန်းကလေးတစ်ယောက်အနေနဲ့ရင့်ကျက်တယ်ဆိုရပြန်ပေမယ့် ကျမလည်းမရင့်မကျက်နဲ့ဆိုးတာပါပဲ ။ ပြောစကားကိုလုံးဝနားမထောင် ၊ စာလုံးဝမဖတ်ဘဲ လုပ်ချင်တာကိုလုပ်တယ် ။ အနီးကပ်ရှိတဲ့အမေကတော့ ကျမဒဏ်ကိုအခံရဆုံးသူပေါ့ ။ မိသားစုရဲ့ တင်းကျပ်တဲ့စည်းကမ်းကြားမှာ စည်းကမ်းတွေကိုမုန်းတဲ့ကျမနဲ့တစ်စက်ကလေးမှအသားမကျ။ ဒါပေမယ့်လည်းပထမအရွယ်ရဲ့ ပထမဆုံးဝေဒနာကိုခံစားမိတဲ့နောက်မှာ ကျမအတော်လေးကိုတည်ငြိမ်သွားခဲ့ပြန်တယ်။ ကျမမုန်းတဲ့သူတစ်ယောက်ကို သူ့ထက်သာလွန်ရမယ်ဆိုတဲ့စိတ်နဲ့ ကျမကြိုးစားခဲ့တယ်။ အတိုင်းအတာတစ်ခုထိ သူကျမကိုတွန်းအားပေးနိုင်ခဲ့တယ် ။ သူကတော့ ကျမ သူ့ကိုဘယ်လောက်မုန်းလဲသိမှပါ ။ ကျမသူ့ဆီက ဓာတ်ပုံတစ်ပုံ သူမပေးတာတောင် အတင်းယူပြီး ကျမစိတ်ဓာတ်တွေကျတိုင်း အဲဒီမိန်းမရဲ့ဓာတ်ပုံကိုကြည့်ပြီး ကိုယ့်စိတ်ကိုကိုယ်မြှင့်တင်ခဲ့တယ်။ ကဲ ဘယ်လောက်မရင့်ကျက်တဲ့သူလဲ ကိုယ်မုန်းတဲ့သူတစ်ယောက်ကိုဓာတ်ပုံကိုသိမ်းထားတဲ့ကျမရယ်လေ ။
နှစ်အတန်ကြာတဲ့အထိ ကျမကတော့အမုန်းသံသရာထဲမှာလုံးချာလည်နေသေးတယ် ။ အမုန်းကိုတွန်းအားတစ်ခုအနေနဲ့သုံးခဲ့တဲ့အတွက် ကျမအတိုင်းအတာတစ်ခုထိအောင်မြင်ခဲ့ပြန်တယ်။ ဒါပေမယ့်လည်း ကျမရင့်ကျက်ဖို့အချိန်ထပ်မံရောက်လာခဲ့ပြန်တယ်။ ဘဝရဲ့အဆိုးရွားဆုံးအချိန်လို့ကျမသတ်မှတ်ခဲ့ပါတယ်။ ကျောင်းသူဖြစ်တဲ့ကျမလည်းဘာမှမတတ်နိုင်ခဲ့ဘူး ။ ကျမလုပ်နိုင်တာက မိသားစုတာဝန်နဲ့ပညာရေးကိုကြိုးပမ်းဖို့ ။ စာမေးပွဲစစ်နေတဲ့အချိန်တွေမှာတောင် ကျမထမင်းချက် ၊ အဝတ်လျှော်မပျက်ခဲ့ဘူး ။ ကျမဘယ်လိုမှမပျော်တဲ့အရပ်မှာ ကျမအတွက်ထွက်ပေါက်တစ်ခုက စာဖတ်ခြင်းနဲ့စိတ်ကိုအနားမပေးခြင်းဘဲ ။ ဘယ်သူယုံမလဲ ပညာရေးပိုင်းမှာအောင်မြင်မှုတွေအများကြီးရခဲ့ပေမယ့် အဲဒီ ၂၀ဝ၈ ဆိုတဲ့နှစ် တစ်နှစ်လုံးမှာ ကျမ တစ်စက်ကလေးမှမပျော်ခဲ့ဘူး ။
အဲဒီနေရာက ကျမတို့တွေစွန့်ခွာခဲ့တယ် ။ ကျမလုပ်ချင်တာလေးတွေလုပ်ခွင့်ရခဲ့တယ် ။ ပျော်စရာကောင်းတဲ့အချိန်တွေကို ကျမပြန်ရခဲ့တယ်။ မိဘနှစ်ပါးကျေးဇူးပေါ့ ။ အပျင်းပြေရည်းစားထားတယ် ၊ သင်တန်းတက်တယ် ၊ အိမ်ပြန်လာတယ် ။ အင်တာနက်သုံးတယ် ။ လကုန်ရင်ဘဏ်ကပိုက်ဆံသွားထုတ်တယ် ။ ဒါပေမယ့်လည်း ပျော်ရွှင်မှုက ကြာရှည်မတည်မြဲပါဘူး ။ စိတ်ညစ်စရာတွေကျမဆီပြန်လာခဲ့ပြန်တယ်။ ဘဝရဲ့အဆိုးရွားဆုံးအချိန်တွေကိုထပ်ရလာပြန်တယ်။ ကျမအမုန်းဆုံးနဲ့မလုပ်ချင်ဆုံးအရာတွေကို လုပ်ရပြန်တယ် ။ အဖေ့မျက်နှာကိုထောက်ပြီး အဖေ့ကိုကူပေးပါတဲ့ ။ အဖေ့ကိုချစ်ပေမယ့်အဖေ့အလုပ်ကိုကျမမချစ်ဘူး ။ ကျမအဲလိုစာရင်းဇယားတွေနဲ့အလုပ်လုပ်ရတာလောက်မုန်းတာမရှိဘူး ။ နေ့တိုင်းပြသနာတက်တယ်။ ကျမလုပ်ချင်တာကျမလုပ်တယ် ။ ကိုယ်မနှစ်သက်တဲ့အရာတွေကို လုပ်ပေးရတဲ့အတွက် ကျမနေ့တိုင်းအဖေ့ကိုပြသနာရှာတယ် ။ နေ့တိုင်းအမေ့ကိုအပြစ်တင်တယ်။
အဖေနဲ့အမေလည်းကျမအတွက်တစ်စက်ကလေးမှစိတ်မချမ်းသာရဘူး ။ အဖေ့အလုပ်ထဲကလူတွေကို ကျမပြသနာလုပ်တယ် ။ ကျမ အသက် ၂၁ ပဲရှိသေးတယ်နော် ။ ကိုယ်မလုပ်ချင်တာတွေကို အိမ်ကလုပ်ခိုင်းလို့ ကျမပြသနာရှာခဲ့တာ ကြောက်ခမန်းလိလိ ။ ကျမအဲဒီလိုဆိုးပါတယ်။ လုပ်သင့်တယ်ဆိုတာကိုလက်မခံနိုင်လောက်အောင် ကျမ မရင့်ကျက်ခဲ့ဘူး ။စီးပွားရေး ကျမတစ်စက်ကလေးမှစိတ်မဝင်စားဘူး ။ ကျမမလုပ်ချင်တာပဲသိခဲ့တယ် ။ နောက်ဆုံးတော့ အဖေ့ရဲ့အလုပ်ထဲကလူတွေက ကျမကိုပြောကြတယ် တအားမောက်မာတယ်တဲ့ ဟုတ်ကဲ့ ကျမဟာ တအားမောက်မာပါတယ်။ အောက်သက်မကြေဘူး ။ လူတိုင်းနဲ့သဟဇာတမကျအောင် ကျမဆိုးရွားခဲ့ဖူးတယ် ။
အိမ်က ကျမကိုလက်မြှောက်ပြီး ကျမရန်ကုန်ကိုရောက်လာခဲ့တယ်။ အကောင်းဆုံးအချိန်တွေပြန်ရပြန်တယ်။ သင်တန်းတက်တယ် ပိုက်ဆံအိမ်ကတောင်းတယ် ။ ဒီလိုနဲ့ကျမစင်ကာပူဆိုတဲ့အရပ်ကိုရောက်လာပြန်တယ်။ ဘဝမှာ ဆွေမရှိမျိုးမရှိ သူငယ်ချင်းမရှိတဲ့အရပ်မှာတစ်ယောက်တည်း နေရတဲ့ဆင်းရဲဒုတ်ခကို လှလှကြီးခံစားရတဲ့အချိန် ၊ မိသားစုကိုစတင်တွယ်တာမိတဲ့အချိန် မှာ ကျမအနည်းငယ်ရင့်ကျက်သွားခဲ့တယ်။ ဒီမှာ မိဘအရှိန်အဝါမရှိဘူး ။ ကိုယ်ပိုင်အလင်းရောင်ရှိမှထွန်းလင်းနိုင်မယ်ဆိုတာ ကျမနားလည်ခဲ့တယ်။ ရုန်းရင်းကန်ရင်းနဲ့ ကျမတဖြေးဖြေးကျမသိလာတယ်...အဖေတို့စီစဉ်ခဲ့သလို အိမ်မှာပဲနေပြီးမိဘတွေကို ကူခဲ့ရင် ကျမအတော်လေးရုန်းကန်ရတဲ့ဘဝကနေလွတ်မယ်ဆိုပြီး နောင်တတွေလည်းရမိတယ် ။ဒါပေမယ့်လက်ရှိဘဝကို ကျမကျေနပ်မိပြန်တယ်။ မိဘတွေကိုပေးနိုင်တယ် ..မဆိုစလောက်လေးပဲထားပါ ။ ကိုယ်လိုချင်တာကိုလုပ်နိုင်တယ် ။ လူဆိုးလူကောင်းခွဲခြားသိလာတယ် ။ မိတ်ဆွေရန်သူသိလာတယ် ။ နောက်ပြီး ကျမရဲ့ မောက်မာတဲ့စိတ်လည်းပျောက်သွားခဲ့တယ် ။ ကျမ လူတွေကို ဘယ်လိုဆက်ဆံရမလဲအတိုင်းအတာတစ်ခုထိသိလာသလို သည်းခံစိတ်လည်းမွေးတတ်လာတယ် ။ဆတ်ဆတ်ထိမခံတတ်တဲ့စိတ်ထက် ပြသနာရှိလာရင်ဘယ်လိုဖြေရှင်းမလဲဆိုတဲ့စိတ်မွေးတတ်လာခဲ့တယ် ။ဒါဟာရင့်ကျက်ခြင်းလားဆိုရင်...၂၄ နှစ်အရွယ်မိန်းကလေးတစ်ယောက်အနေနဲ့ အတိုင်းအတာတစ်ခုထိ နားလည်ခြင်းလို့ပဲဆိုရမှာပေါ့ ။
ဒါပေမယ့်လည်း ကျမ မုန်းတဲ့သူအမြင်ကတ်တဲ့သူတွေကို ဟန်ဆောင်ပန်ဆောင်မပေါင်းနိုင်သေးဘူး ။ ကျမမုန်းတဲ့သူတချို့ကို ဖေ့ဘုတ်မှာ ကျမပရိုဖိုင်ကိုဘာမှမမြင်ရအောင်လုပ်ထားတယ် ။ လမ်းမှာတွေ့ရင်မမြင်ချင်ယောင်ဆောင်သွားတယ် ။ကျမမနေချင်တဲ့အဖွဲ့အစည်းတွေမှာ ကျမကိုဘယ်လိုပြောပြော ဘယ်လိုခေါ်ခေါ် ခေါင်းမာမာနဲ့ငြင်းတုန်း ၊ မသွားဘဲပေတေနေတုန်း လမ်းမှာတွေ့ရင်မမြင်ချင်ယောင်ဆောင်တုန်း ၊ အိမ်ကလုပ်ခိုင်းတဲ့ဟာကို ကျမမလုပ်ချင်ရင် အားနာစိတ်ကလေးတစ်စက်မှမရှိဘဲ ပေတေ မလုပ်ဘဲနေတုန်း ..။ ကျမရဲ့မရင့်ကျက်ခြင်းတွေပေါ့ ။ ဖြတ်ခနဲ့လိုချင်စိတ်ပေါ်လာရင် ဆတ်ခနဲဝယ်လိုက်ပေမယ့် မတို့အထိရသေးတဲ့အဝတ်အစားတွေ ၊ အသုံးအဆောင်တွေပုံနေတုန်း ။ ဗိုက်အောင့်တတ်တာကိုသိသိကြီးနဲ့ မစားမသောက်ပေတေနေတုန်း ၊ ပိုက်ဆံကိုဘယ်တော့မှ ချင့်ချိန်မသုံးတတ်ဘူး ။ လူတွေနဲ့အဆင်ပြေအောင်နေပေမယ့် စိတ်ထဲက မုန်းချင်မုန်းနေတုန်း ။ စိတ်အလိုမကျလျင် ချစ်သူကိုနားလည်မှုမပေးဘဲ ပြသနာရှာတတ်တုန်း ။ အိမ်ပြန်ချင်စိတ်အရမ်းများလာရင် အိမ်ကိုဖုန်းဆက်ပြီးဂျီကျတုန်း ဘယ်သူကမှ နိုင်ငံခြားသွားပါလို့လွှတ်ခဲ့တာမျိုးမဟုတ်ပေမယ့် ကျမစိတ်အလိုမကျတိုင်းဆိုးတုန်းပါပဲ...။ ။ Posted by ဆုမြတ်မိုး

No comments:
Post a Comment