-လူထုကျန်းမာရေး (အသည်းရောင်အသာဝါ ဘီရောဂါ)-
**Public Health**
အသည်းရောင်အသားဝါ ဘီရောဂါပိုးအကြောင်း၊ ကူးစက်ပုံ၊ ဖြစ်ပွားနှုန်း၊ ဘီပိုး ဝင်ရင် ဘာဖြစ်မယ်။ ဘီပိုးကြောင့် ဖြစ်လာနိုင်တဲ့ နာတာရှည် အသည်းရောဂါတွေ၊ ဘီရောဂါပိုးကို နောက်ဆုံးပေါ်နည်းတွေနဲ့ ဘယ်လိုကုမယ်၊ ဘီပိုးကို ဘယ်လို ကာကွယ်ရမယ်ဆိုတာ ပြည်သူတွေသိသင့်တဲ့ ခေတ်မီအချက်အလက်တွေကို ရေးသွား ပါမယ်။
**ကမ္ဘာ့ကျန်းမာရေးပြဿနာ**
အသည်းရောင်အသားဝါဘီ ဗိုင်းရပ်စ်ရောဂါပိုးဟာ ကမ္ဘာပေါ်မှာ အဖြစ်များ ဆုံး အသည်းရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ သူ့ကြောင့်လည်း လူတွေမှာ အသည်း ရောဂါအများဆုံးဖြစ်ပြီး တစ်ကမ္ဘာလုံးအတွက် ကျန်းမာရေးပြဿနာကြီးတစ်ခု ဖြစ်ပါ တယ်။ တစ်ကမ္ဘာလုံးမှာ လူသန်းပေါင်း ၂ဝဝဝ လောက်ဟာ ဘီရောဂါပိုး ကူးစက်ခံ ထားရပြီး လူသန်းပေါင်း ၃၆ဝ လောက်ကတော့ ပိုးပြန်မထွက်တော့ဘဲ နာတာရှည် ရောဂါပိုး သယ်ဆောင်သူတွေအဖြစ် ကျန်ခဲ့ပါတယ်။ နှစ်စဉ် တစ်နှစ်ကို လူ ၅ ဒသမ ၂ သန်းလောက်ဟာ ဘီပိုးကူးစက်ခံနေရတယ်လို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂ဝဝဝ ပြည့်နှစ်မှာ ခန့်မှန်းခဲ့ပါတယ်။ ပိုးကူးစက်ခံရတဲ့ လူတွေမှာ ရုတ်တရက် ချက်ချင်း အသက်အန္တရာယ်ထိခိုက်မှု မရှိပေမယ်လို့ ကံဆိုးစွာနဲ့ နာတာရှည်ပိုး သယ်ဆောင်သူ အဆင့်ကို ရောက်သွားရင်တော့ ဆိုးရွားတဲ့ အသည်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အသည်းရောင် အသားဝါ ဘီရောဂါပိုး နာတာရှည်သယ်ဆောင်တဲ့ သူတွေဟာ အသည်းခြောက်၊ အသည်းကင်ဆာဖြစ်တတ်ပါတယ်။ ဒီနေ့ ကမ္ဘာပေါ်မှာ အသည်း ကင်ဆာဖြစ်ရတဲ့ အဓိကအကြောင်းရင်းဟာ အသည်းရောင်အသားဝါဘီရောဂါပိုး ကြောင့်ပါပဲ။ ဘီပိုးနာတာရှည်ရှိတဲ့ လူတွေရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၄ဝ ရာခိုင်နှုန်းလောက် ဟာ နာတာရှည်အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာ စတဲ့ အသည်း ရောဂါတွေ ဖြစ်ကုန်ပြီး တစ်နှစ်ကို လူပေါင်း ၅၂ဝဝဝ ကနေ ၁၂ဝဝဝဝဝ လောက် သေကြပါတယ်။ တစ်ကမ္ဘာလုံးမှာ ကြည့်လိုက်ရင် ဘီရောဂါပိုးအဖြစ်များတဲ့ အရပ် ဒေသတွေမှာ အသည်းကင်ဆာဖြစ်နှုန်းဟာလည်း များတာပါပဲ။ အာရှ၊ အာဖရိက ဒေသတွေမှာ အသည်းကင်ဆာရောဂါသည်အားလုံးရဲ့ ၆ဝ ရာခိုင်နှုန်း၊ ၈ဝ ရာခိုင်နှုန်း လောက်ဟာ အသည်းရောင်အသားဝါ ဘီရောဂါပိုးကြောင့် ဖြစ်တာပါ။ အသည်း ကင်ဆာဖြစ်နှုန်းဟာ တစ်ကမ္ဘာလုံးမှာ ပိုမိုမြင့်မားလာနေတာကို တွေ့ရပါတယ်။ အသည်းကင်ဆာဟာ ကမ္ဘာပေါ်မှာ နံပါတ် (၆) အဖြစ်အများဆုံး ကင်ဆာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ကင်ဆာသုတေသနအဖွဲ့ (International Agency for Research on Cancer ) (IARC) က အသည်းရောင်အသားဝါ ဘီရောဂါပိုးကို လူတွေအတွက် ကင်ဆာဖြစ်စေတတ်တဲ့ အရာ (Carcinogen) တစ်ခုလို့ သတ်မှတ် ပါတယ်။ အသည်းရောင် ဘီရောဂါပိုးရှိတဲ့ လူတွေ အရက်သောက်ရင် စီပိုး၊ HIV ပိုးတွေရှိရင် အသည်းကင်ဆာ ပိုပြီးဖြစ်တတ်ပါတယ်။
**ဝန်ထုပ်ဝန်ပိုး**
အသည်းအရောင်အသားဝါ ဘီရောဂါပိုးဟာလူတွေအတွက် တကယ့်စီးပွားရေး
ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ ဘီပိုးရှိတဲ့လူတချို့မှာ နာတာ
ရှည်ရောဂါသည်တွေဖြစ်ပြီး တော်တော်လည်း သေနှုန်းများတဲ့ ရောဂါဆိုတော့ လူနာနဲ့
နိုင်ငံအတွက် ငွေကုန်ကြေးကျ တော်တော်လေးကို များစေပါတယ်။
ဘီပိုး စတင်ဝင်ခါစ နာတာရှည်အဆင့်မရောက်ခင်မှာကို စမ်းသပ်ရ၊ ကုရ၊
ဆေးဝယ်ရနဲ့ လူနာတွေ ပိုက်ဆံတော်တော်ကုန်နေပါပြီ။ ဘီပိုးကြောင့် အသည်းရောဂါ
ပိုရင့်လာလေ၊ ဆေးကုစရိတ်က ပိုကုန်လေပါပဲ။ ဆေးကုလို့ ပိုက်ဆံကုန်တာအပြင်
လူနာ၊ လူနာစောင့်တွေ အလုပ်မလုပ်နိုင်လို့ အလုပ်ပျက်၊ အကိုင်ပျက်၊ လုပ်ငန်းခွင်
ပျက်ကွက်လို့ လုပ်အားဆုံးရှုံးမှုတွေပါ ထည့်တွက်ရမယ်ဆိုရင်တော့ ဘီပိုးကြောင့်
ငွေကြေးနစ်နာမှု၊ ငွေကြေးဘယ်လောက်ဆုံးရှုံးတယ်ဆိုတာ ဘီပိုးအဖြစ်များတဲ့ ဖွံ့ဖြိုးဆဲ
နိုင်ငံတွေမှာ တွက်မထားကြပါဘူး။
အမေရိကန်နိုင်ငံမှာတော့ ဘီပိုးကြောင့် စီးပွားရေး နစ်နာမှုတွေကို တွက်ကြည့်တဲ့အခါ ဘီပိုးရှိပြီးအသည်းမပျက်သေးတဲ့ လူတစ်ယောက် အတွက် ကုန်ကျစရိတ်ဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄ဝဝဝ လောက်ကျ ပါတယ်။ ဒီထက် အသည်းရောဂါပိုဆိုးလာရင်တော့ လူတစ်ယောက် တစ်နှစ်ကို ဒေါ်လာ ၂ဝဝဝဝ လောက် ကုန်ကျပါတယ်။ အသည်းအစားထိုးရပြီဆိုရင်တော့ဒေါ်လာ ၉ဝဝဝဝ လောက် ကုန်ကျမယ်လို့ မှန်းရပါတယ်။ ဂျာမနီနိုင်ငံမှာတော့အသည်းရောင်ဘီရောဂါပိုးကြောင့် နိုင်ငံတော်အနေနဲ့ တစ်နှစ်ကို ဒေါ်လာ သန်း၈ဝဝ လောက် ကုန်ကျခံရတယ်လို့ ၁၉၉၇ ခုနှစ်က ခန့်မှန်းခဲ့ပါတယ်။ တောင်ကိုရီးယားနို င်ငံမှာတော့ ၁၉၉၇ ခုနှစ်မှာ ခန့်မှန်းတွက်ချက်မှုအရ သိရတာကတော့ အသည်းရောင်ဘီပိုးကြောင့် နိုင်ငံအနေနဲ့ တစ်နှစ်လုံးအတွက် ဒေါ်လာသန်း ၁ဝဝဝ လောက် ကုန်ကျမှုရှိခဲ့ပါတယ်။ ဒါဟာ တစ်နှစ်လုံးသုံးးတဲ့ ကျန်းမာ ရေးဘတ်ဂျက်ရဲ့ ၃ ဒသမ ၂ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒီလို ဘီရောဂါပိုးဖြစ်နှုန်း အလွန်နည်းတဲ့နိုင်ငံတွေမှာတောင် ဘီပိုးအတွက် တစ်နှစ်ကို ဒေါ်လာသန်းပေါင်းများစွာ နစ်နာနေတယ်ဆိုရင် ကျွန်တော်တို့နိုင်ငံလို ဘီပိုးအဖြစ်များတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံမျိုးမှာတော့ ဘီပိုးကြောင့် ကျန်းမာရေး၊ စီးပွားရေး ထိခိုက်မှုတွေဟာ သိပ်ကိုများမှာပါ။ ဒါကြောင့် အသည်းရောင်အသားဝါ ဘီရောဂါပိုး ဟာ နိုင်ငံရဲ့စီးပွားရေးကို အတော်လေးထိခိုက်စေတဲ့၊ အရေးကြီးတဲ့ ကျန်းမာရေး ပြဿနာတစ်ခုလို့ သိထားရမှာပါ။
**ကမ္ဘာအရပ်ရပ်မှာ ဘီပိုးဖြစ်ပွားနှုန်း**
ကမ္ဘာပေါ်မှာ ဘီပိုး နာတာရှည်သယ်ဆောင်ထားတဲ့ လူသန်းပေါင်း ၃၆ဝ လောက်ရှိမယ်လို့  ခန့်မှန်းထားပါတယ်။ အဲဒီ နာတာရှည်ဘီပိုးရှိတဲ့လူတွေဟာ ကမ္ဘာ အနှံ့အပြားမှာ တစ်နေရာနဲ့ တစ်နေရာ ဖြစ်နှုန်းမတူပါဘူး။ ဖြစ်နှုန်းအနည်းအများ ပေါ်မူတည်ပြီး အရပ်ဒေသတွေကို သုံးမျိုးခွဲထားပါတယ်။ ဘီပိုးနာတာရှည်ရောဂါ သည် ဖြစ်နှုန်း ၂ ရာခိုင်နှုန်းအောက်ဆိုရင် ဖြစ်နှုန်းနည်းတယ်။ ၂ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိရှိရင် ဖြစ်နှုန်းအလယ်အလတ်ပေါ့။ ၈ ရာခိုင်နှုန်းကျော်ရင် ဖြစ်နှုန်း များတယ်လို့ သတ်မှတ်ပါတယ်။ အာရှ၊ ဆာဟာရ၊ အာဖရိကနဲ့ ပစိဖိတ်ဒေသတွေမှာ တော့ ဖြစ်နှုန်းကသိပ်များပါတယ်။ ဒါကြောင့် အသည်းရောင်အသားဝါ ဘီရောဂါပိုး နာတာရှည်သယ်ဆောင်ထားတဲ့သူတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ အာရှ၊ ပစိဖိတ်မှာပဲ ရှိပါတယ်။ အာရှတိုက်မှာရှိတဲ့ နိုင်ငံတော်တော်များများဟာတော့ နာတာရှည် ဘီပိုး ဖြစ်နှုန်း ၈ ရာခိုင်နှုန်းကျော် ရှိကြပါတယ်။ ဘာလို့ ဒီလောက်တောင် ဖြစ်နှုန်းများရ သလဲဆိုတော့ ဘီပိုးဟာ ပိုးရှိတဲ့မိခင်ကနေ မွေးလာတဲ့ကလေးကို ကူးစက်တဲ့နည်းနဲ့ အဓိကပြန့်ပွားလို့ပါပဲ။ အဲဒီလို မွေးကင်းစကလေးလေးကို ဘီပိုးကူးလိုက်တော့ ကလေးလည်း အသက်တစ်နှစ်လောက်လည်းဖြစ်ရော ကလေး ၉ဝ ရာခိုင်နှုန်းဟာ ဘီပိုး နာတာရှည်သယ်ဆောင်တဲ့သူတွေဖြစ်ကုန်ရော။ တစ်ခါ အဲဒီပိုးရှိတဲ့ကလေး တွေက သူတို့ပတ်ဝန်းကျင် နီးစပ်ရာလူတွေကို ထပ်ပြန့်တာနဲ့လည်း ဘီပိုးကူးစက်တဲ့ သံသရာကြီးလည်ပတ်ပြီး ဘီပိုးဖြစ်နှုန်းတွေဟာ အာရှတိုက်မှာ များနေတာပေါ့။ အဲဒီလို မွေးမွေးချင်း ဘီပိုးဝင်လိုက်ရင် နောက်(၁ဝ)နှစ်ကျော်ကြာတာနဲ့ အသည်း ခြောက်၊ အသည်းကင်ဆာဖြစ်နိုင်တော့တာပါပဲ။ ဒီလို မိခင်ကနေ ကလေးတွေကို ကူးစက်မှု ဖြစ်နေတာကို ကာကွယ်ဖို့ကတော့ မွေးပြီးပြီးချင်း ကလေးအားလုံးကို အသည်းရောင် ဘီပိုး ကာကွယ်ဆေးထိုးပေးရမှာပါ။ ဒီလို ကလေးသူငယ်တွေကို ဘီပိုးကာကွယ် ဆေးထိုးပေးတဲ့  စီမံချက်ကို မြန်မာနိုင်ငံမှာ စနေပါပြီ။ နောက်နောင်မှာ တော့ ဒီလို အသည်းရောင်ဘီပိုး ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းကို တစ်ကမ္ဘာလုံးမှာ တိုးမြှင့်ဆောင်ရွက်သွားပြီး ဘီရောဂါ ကမ္ဘာပေါ်မှ ပျောက်ကင်းသွားတဲ့အထိ တိုက်ဖျက်သွားကြရမှာဖြစ်ပါတယ်။ ။
**ပါမောက္ခခင်မောင်ဝင်း(အသည်း)**

No comments:
Post a Comment