-လေချွန်သံ-
အပိုင်းအစ(၁)....
အထီးကျန်ဆန်လွန်းတဲ့အချိန်တွေဆို လူတော်တော်များများက ဘာတွေလုပ်တတ်ကြ လည်းတော့ မသိ ဘူး။ ကိုယ် ကတော့ အထီးကျန်လွန်း ရင် လေချွန်နေတတ်တယ်။ဒီအတွက် အကြောင်းပြချက် ကောင်း ကောင်း လည်း ပေးစရာမရှိပါဘူး။ လူတိုင်းမှာ ကိုယ့်အတ္တအတွက် လွတ်လပ်စွာ ထင်ရာစိုင်းခွင့်တော့ ရှိ သင့် တယ် ထင်တယ်လေ။ လေချွန်ပြီး လမ်းလျောက်နေရတာ တစ်ခုခုကိုလိုက်ဖမ်း နေရသလိုမျိုး ကိုယ့် အတွက် မျှော် လင့်တောက်စားနေရတဲ့ အချိန်ကာလ တစ်ခု ဖြစ်မှန်းမသိဖြစ်လာခဲ့တယ်။ဒီလိုနဲ့ လမ်းလေး တွေတောင်ကိုယ့် လေချွန်သံကိုအလွတ်ရလာကြပြီ။ညနေခင်းလေးမှာ လေချွန်ရင်း၊ အထီးကျန်ရင်း၊ တစ် ခုခုကို ငြင်းဆန်ရင်း ၊ ပြင်းထန်တဲ့စည်းချက်တစ်ခုဖြစ်လာနေခဲ့ပေါ့။
အပိုင်းအစ(၂).......
သောင်တွေ သူ့ရင်ဘတ်ထဲရောက် နေလို့ တစ်ဆို့ကြီးဖြစ်နေတဲ့ မြစ်တစ်စင်းနားမှာလည်းတစ်ခါတလေ သွား ထိုင်နေဖြစ်တယ်။ မြစ်ထဲမှာမျှော်လင့်ခြင်းတွေ မျှောချနေတဲ့အရသာ ကိုနှစ်ခြိုက်သွားလို့ပါ။ ကိုယ် ကတော့ အိပ်မက်တွေနဲ့ မြစ်စာကျွေး တဲ့ ညနေလို့ အမည်ပေးထားတယ်။ သူနဲ့စကားပြော ရတာကောင်းပါတယ်။ သူ ဆိုတာမြစ်ကိုပြောတာပါ။ သူဒီနေ့တော့ ကိုယ့် ကိုသိပ်အလိုကျပုံမပေါ်ဘူး။မှုန်တေတေနဲ့ ။ ယောကျာင်္း ပဲ ကွာ တဲ့။ တစ်ခုခုကိုရေးပြီး ခပ်ဝေးဝေးကိုပစ် လိုက်စမ်းပါတယ်။မကောင်းသူထိပ် ကောင်းသူထိပ် လို့တော့ ဆက် မပြောဘူး။ကိုယ် ကတော့ထုံးစံအတိုင်းပဲ လေချွန်ရင်း ငေးနေလိုက်တယ်။ကိုယ်စိတ် မဝင်စားမှန်း သိ တော့ သူလည်းဘာမှ ထပ်မပြော တော့ပါဘူး။ လေချွန်သံ အဆုံးမှာ သူ့ရင်ထဲ သောင်တစ်လုံး ထပ်ဖုန်းသွားတယ်။
အပိုင်းအစ(၃)........
တကြော်ကြော် အော်ပာစ်ခေါ်နေတဲ့ ငှက်တို့ရဲ့ ဘာသာဗေဒကို အထူးပြုလေ့လာဖို့ ကိုယ် လူ့လောက ထဲ ရောက်လာခဲ့တာပါ။ ဒါပေမဲ့ လေချွန်သံလေးတစ်ခုပဲသင်ကြား တတ်မြောက်လာခဲ့တယ်။ ဒီလောက်ဆိုရင်ပဲ လုံလောက်နေပါပြီ။ အသိမကြွယ်သေး သူမို့ လောကကို အရမ်းမယုံရဲတာလည်း ဖြစ်တတ်တာပဲလေ။တစ်ခု နဲ့လုံလောက်နေရင် ကိုယ် ထပ်မတောင်းဆိုတော့ပါဘူး။ တစ်ခါတစ်ခါတွေးမိတယ်။လွတ်ကျသူနဲ့ လွှတ်ချသူ ဘယ်သူက ပိုအပြစ်ကြီး လည်းရယ်လို့။ ပေါက်နေကျ နေရာမှာ ပေါက်တဲ့ မြက်တစ်ပင်မို့ ကိုယ့် အဖြစ်က သိပ် မထူးဆန်းပါဘူး။ ခေါင်းရှုပ်ခံမတွေးပဲ လေပဲဆက်ချွန်နေမိတယ်။ ဝတ်ကောင်းစားလှ ဆင်ယင်လာခဲ့ပါ ပွဲတော်ညမှာ လေချွန်သံနဲ့ ကခုန်ကြမယ် အထီးကျန်ခြင်းတို့........။
အပိုင်းအစ........... လေချွန်ရင်းပန်းဝင်ခဲ့ရသူမို့ ဘယ်လိုဆုဖလားနဲ့မှ မထိုက်တန်ပါဘူး။ကိုယ့် လေချွန်သံ ကိုယ်ပြန်ကြား ရတာ လည်း နားထောင်လို့ မကောင်းလှပါဘူး။ လှည်းဘီးအိုကိုယ်ထည်ရဲ့ ခနော်ခနဲ့ ညူညည်း သံလို နားထဲမှာ အန်ချင်လာတယ် ။အထီးကျန် နတ္တိဝါဒီအဖြစ် မြစ်ကိုထိုးကျွေးဖို့ရာ ခုနောက်ဆုံးတစ်ပုဒ်လေချွန်သံကိုတော့ ငါ့မှတ်တိုင်မှာစိုက် ပေးထားကြပါ။ ဒီကမ်းစပ်မှာခြေရာ မကျန်ခဲ့အောင်တော့ သောင်တစ်လုံးထပ်ဖုန်းလည်း လုံလိမ့်မယ်လို့မထင်တော့။ ဘဝရဲ့ အရာတော်တော်များများ လေချွန်ရင်းဖျောက်ထားခဲ့ရပြီ။မတော် တဆ များ လမ်းမှာ လေချွန်သံကြားခဲ့ရင် လှည့်မကြည့် ကြပါနဲ့။အဲ့ဒါ ဒဏ်ရာကို လျှာနဲ့ ပြန်ယက်နေတဲ့ ခွေးအ တစ်ကောင် ရဲ့ နာကျင်ခံခက်နေတဲ့အသံမို့လို့ပါ။
**baydar**

No comments:
Post a Comment