-ရောဂါသည်-
OK ။ စလိုက်ကြရအောင်။ တက်ရောက်လာတဲ့သူအားလုံး ((((( နိဟောင် ))))) အဲ့လေ... အဟမ်း အဟမ်း... ခင်ဗျားတို့ သိထားဖို့က သမိုင်းဆိုတာရှိတယ်။ ဟိုဖက်ကလက်ညှိးထောင်နေတဲ့ကောင် ဒီမှာလူကြီးစကားပြောနေတယ်။ နောက်မှမေး။ အုတ်ကျင်းနားက သမိုင်းကိုပြောတာမဟုတ်ဘူး။ပုဂံဆိုတာကြားဖူးကြတယ် မဟုတ်လား။ လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်းလို့ ပြောကြတယ်။ လက်ညှိးထောင်ပြန်ပြီ။ ခင်ဗျားမေးမှာ ကျုပ်သိတယ်။ မုန့်စိမ်းပေါင်းနဲ့မတူဘူး။ ဒါက ဘုရားတွေကိုပေါင်းထားတာ။ အဲ့ဒီလှည်းဝင်ရိုးတွေလုပ်ဖို့ရာ သစ်လိုတယ်။ဘုရားတွေပေါင်းဖို့ရာ ထင်းလိုတယ်။ ဒီတော့ကာ သစ်ခုတ်ရင်း၊ ထင်းခုတ်ကြရင်း သစ်ပင်သစ်တောတွေ ပြုန်းတီးပြီး ခုလို လွင်တီးခေါင်ပြင်ဖြစ်နေတာ။ ဒါဟာ သမိုင်းပဲ။ ဒီသမိုင်းထဲကနေ သင်ခန်းစာယူရမယ်။ နောက်ပြီး ရှိသေးတယ်။ ဥတုရာသီ တောကိုမှီတဲ့။ ခင်ဗျားတို့နားမလည်ရင် ရှင်းပြမယ်။ ရာသီဥတုဆိုတာ သစ်ပင်သစ်တောတွေ အပေါ်မှာ မှီထားတယ်တဲ့။ ရှင်းရဲ့နော်။ သစ်ပင်သစ်တော နည်းပါးလာတဲ့အခါ ရာသီဥတုလဲ ပြောင်းလာတယ်လို့လဲ ပြောကြတယ်။ ပုဂံဖက်မှာဆို ပူပြင်းခြောက်သွေ့လာတယ်။ နောင်ဆို သဲကန္တာရတွေအထိ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဒါဟာ တိုင်းပြည်နဲ့လူမျိုးအတွက် ကြီးမားတဲ့အကျိုးကျေးဇူးတခုကို ဖြစ်ပေါ်လာစေတာပဲ။ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းဖြစ်ဖို့အကြောင်းဖန်လာတာပဲ။ မြန်မာတွေ ကံဇာတာတက်လာပြီလို့ ပြောလို့ရတယ်။ အထူးသဖြင့် ကျုပ်ရှိနေလို့လဲပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ်ကို တဟုန်ထိုးအကောင်အထည်ပေါ်လာအောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ စွမ်းအားရှိသမျှ အရှိန်မြှင့်ဆောင်ရွက်နေတယ်။ အထူးစီမံကိန်းကြီးများ အကောင်အထည်ဖေါ်ရေးအဖွဲ့ကြီးဖွဲ့ပြီးတော့ကို တိုင်းပြည်အတွက် မအိပ်မနေ ကျိုးစားဆောင်ရွက်နေတယ်။ ခုဆို တော်တော်ကို ခရီးရောက်နေပြီ။ အခုရှင်းလင်းပွဲခေါ်ရတဲ့အကြောင်းကလဲ ဒီစီမံကိန်းကြီးမှာပါဝင်တဲ့ စီမံကိန်းအစိတ်အပိုင်းတွေ ဖြစ်ပေါ်တိုးတက်လာနေတာကို ပြောပြဖို့ပဲ။ အခုနကပြောသလို တောကိုမှီတဲ့ကောင် မမှီနိုင်အောင် သစ်တောကြီးတွေကို အပြောင်ရှင်းနေတယ်။ ဒီနေရာမှာ တခု သတိပေးအုန်းမယ်။ သစ်ပင်တွေ ဟိုနားစိုက် ဒီနားစိုက်လုပ်နေတဲ့အဖွဲ့တွေရှိတယ် ကြားတယ်။ အရင်တုန်းက သစ်တပင်ခုတ် အချုပ် ၃လ သတိပေးဆိုင်းဘုတ်တွေကို ရွာနားတောစပ်က သစ်ပင်တွေမှာ ကပ်ထားကြတာ မှတ်မိတယ်မဟုတ်လား။ ခုလဲ သစ်တပင်စိုက် ထောင် ၆နှစ်လို့ သတိပေးချင်တယ်။ ဒီဆိုင်းဘုတ်ကိုတော့ ကပ်ထားစရာ သစ်ပင်မရှိတော့လို့ ဒီနေရာကပဲ သတိပေးရတာဖြစ်တယ်။ နိုင်ငံတော်အဆင့်စီမံကိန်းကြီးတွေကို ခုလိုအနှောင့်အယှက်ပေးတာဟာ ကြီးလေးတဲ့အပြစ်ဒဏ်ကို ခံရစေနိုင်တယ်။ နိုင်ငံတော်ပုန်ကန်မှု၊ အီလက်ထရောနစ်ဥပဒေတွေနဲ့ ပြင်းပြင်းထန်ထန် အရေးယူလို့ရတယ်ဆိုတာ သိစေချင်တယ်။ လိုရင်းပြန်ဆက်လိုက်ရအောင်။ အဟမ်း....။ တောရှင်းစီမံကိန်း ပြီးတော့ အခုနောက်ထပ် ဆက်စပ်စီမံကိန်းတခုက တောင်တွေဖြိုဖို့ပဲ။ ပြန်ထိုင်၊ ပြန်ထိုင်။ မမေးနဲ့။ ကျုပ်ကသိပြီးသား။ ထွက်လာတဲ့မြေကြီးတွေ စင်္ကာပူကို တင်ပို့မယ်။ ခင်ဗျားတို့ နားလည်အောင်ပြောရရင် ကွန်တိန်နာနဲ့တင်ပို့မှာ။ ဖက်နဲ့ထုတ်ပို့မယ်လို့ ထင်မှာ စိုးလို့ ကြိုပြောထားတာ။ ဘာကြောင့် တောင်ဖြိုရသလဲဆိုတာကို မကြာခင် နားလည်သွားလိမ့်မယ်။ OK?.. ကျုပ်တို့တတွေ ဘယ်လောက် အကြံဥာဏ်ကောင်းတယ်ဆိုတာ ကြုံတုန်းပြောလိုက်အုန်းမယ်။ တောင်ဖြိုစီမံကိန်းကို ကျောက်မျက်ရတနာထွက်တဲ့ဒေသတွေမှာ အရင်ဆုံးစတင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါမှ တောင်လဲပြို၊ ကျောက်မျက်လဲရ။ ဟန်မကျပေဘူးလား။ ခင်ဗျားတို့လဲ နောက်ဆို ဒီလိုတွေးတတ်ခေါ်တတ်အောင် ကျိုးစားကြဖို့ မှာကြားချင်တယ်။ နောက်ထပ်ဆက်စပ်စီမံကိန်းတခုမပြောခင်မှာ ခင်ဗျားတို့ကိုယ်တိုင် သဘောပေါက်နားလည်သွားအောင် လက်တွေ့သင်ခန်းစာတခုလုပ်ရအောင်။ ကျုပ်ကိုယ်တိုင် အကြိမ်ကြိမ်စမ်းသပ်ပြီးသား။ ကိုယ်တိုင်လုပ်ရင် သက်သက်ညှာညှာလုပ်ဖြစ်သွားမှာစိုးလို့ အိမ်နားက လျှောင်ကီးကို ၁ဒေါ်လာခွဲပေးပြီး စမ်းသပ်ခိုင်းခဲ့သေးတယ်။ တော်တော်ထိရောက်တယ်လို့ သုံးသပ်မိတယ်။ ကဲ စလိုက်ကြရအောင်။ အားလုံး ကိုယ့်လည်ပင်းကိုယ် အားရပါးရညှစ်ပြီး အသက်အောင့်နေကြ။ မညာနဲ့နော်။ စောင့်ကြည့်နေတယ်။ ........................ရပ်တော့ရပြီ။ ကဲ မေးခွန်းလေးနဲ့စမယ်။ သဲကန္တာရထဲမှာ ဘာပေါပေါများများမရှိဘူးလဲ။ ဟိုးထား.....မဖြေနဲ့ မဖြေနဲ့ ၊ ကျုပ်ကသိပြီးသား။ စကားအဖြစ်ပဲမေးတာ။ ရေဗျ ရေ ရေ။ ဒီတော့ ကျုပ်တို့စီမံကိန်းမှာ ရေရှိနေလို့မရဘူး။ ရေအရင်းအမြစ်ကို ပိတ်ဆို့ပစ်ရမယ်။ ဒါကြောင့်..... ဟိုမြစ်ဗျာ....ပါးစပ်ဖျားလေးတင် ကပ်မေ့နေတယ်....ဟိုဟာ ...အဲ့....ဟုတ်တယ်။ ခင်ဗျားပြောတာမှန်တယ်။ ဧရာဝတီ။ အဲ့ဒီဧရာဝတီဆိုတဲ့ မြစ်ကို လည်မြိုညှစ်လိုက်ရင်..........ဟဲ..ဟဲ....ဘာကြောင့်လုပ်ခိုင်းခဲ့တယ်ဆိုတာ သဘောပေါက်သွားကြပြီမဟုတ်လား။ ဒါကြောင့် ကျုပ်ပြောတာ ကျုပ်က သိပြီးသား။ ဘယ်တော့မှ မမှားဘူး။ အခုလိုရေအရင်းအမြစ်ကို ဖြတ်ပစ်ဖို့အတွက် အဲ့....ဘာလဲ.....ထားပါတော့ အခုနက သူပြောတဲ့မြစ်ကို လည်မြိုကနေ ဆည်ပိတ်ဆောက်လိုက်မယ်ဗျာ။ မကောင်းဘူးလား။ မလောနဲ့။ မလောနဲ့။ ရှိသေးတယ်။ ရေအားလျှပ်စစ်ပါထုတ်ဖို့ လုပ်ထားသဗျ။ ဘာအတွက်လဲ။ ဟုတ်စ။ ဆည်ဆောက်ရင် ငွေလိုတယ်ဗျ။ ငွေ၊ ငွေ။ ဟမ်။ ဘာ။ အော်...မဆောက်ရင် မလိုဘူးဆိုတာတော့ ဟုတ်တာပေါ့။ ခုဟာက တိုင်းပြည်အကျိုးအတွက်၊ အမျိုးသားစီးပွားအတွက်၊ အမျိုးသားရေးတာဝန်တရပ်အနေနဲ့ ကျုပ်တို့အမျိုးသားတွေက လုပ်နေရတာဆိုတာ နားလည်ကြဖို့လိုတယ်။ ဒီတော့ ဒီငွေက ဘယ်ကရမလဲမမေးနဲ့။ ခုဟာက ခင်ဗျားတို့နားလည်အောင်သာ လိပ်ပတ်လည်အောင် ပြောပြနေတာ။ ငွေပေးစရာမလိုဘူး။ ဒါကြောင့် ဆည်နဲ့အတူ ရေအားလျှပ်စစ်ပါထုတ်ပြီး ရတဲ့လျှပ်စစ်ကို ကျုပ်တို့နဲ့စီးပွားဖက် တရုတ်နိုင်ငံကို ဆည်ဆောက်ခအနေနဲ့ အလကားပေးလိုက်ရုံပဲ။ ကဲ ကြည့် ကျုပ်တို့ ဆည်ကြိးတွေအားလုံးကို အလကားမရလိုက်ပေဘူးလား။ ဒါကြောင့်ပြောတာ ကျုပ်ရှိနေတာ တိုင်းပြည်ကံကောင်းတယ်လို့။ ဒီခေါင်းဗျ။ ဒီခေါင်း။ သေချာမှတ်တမ်းတင် ဓာတ်ပုံရိုက်ထား။ အော် ကျုပ်တို့ကိုလဲ နဲနဲပါးပါးစွန့်ကြဲမှာပေါ့။ သူတို့က မရိုင်းတတ်ပါဘူး။ သိပါတယ်။ ကျုပ်သိပါတယ်ဆိုနေ။ မီးမလင်းသေးတဲ့နေရာတွေ အများကြီးရှိသေးတယ်။ ကျုပ်သိတယ်။ ကျုပ်နဲ့တော့ တိုက်ရိုက်မဆိုင်ဘူးနော်။ ကျုပ်တို့ဖက်ကတော့ လျှံတောင်ကျနေသေး။ ဒါပေမဲ့ တခါထဲ ကိစ္စပြတ်သွားအောင် ကျုပ် ရှင်းပြပေးမယ်။ လျှပ်စစ်တွေကို လိုအပ်တဲ့နေရာရောက်ဖို့အတွက် ဘာလိုလဲ။ ငွေလိုပြန်တယ်။ ဟုတ်တယ်။ ဟာ..........လျှပ်စစ်ရုံးကကောင်တွေကိုပေးရတဲ့ငွေကို ပြောတာမဟုတ်ဘူးဗျ။ ခင်ဗျားနှယ်။ မီးလိုင်းတွေဆွဲဖို့၊ တာဝါတိုင်တွေထူဖို့ ငွေလိုတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲရင်၊ တောထူရင်၊ တောင်မြင့်ရင် ပိုပြီးခက်ခဲမယ်၊ အကုန်အကျများမယ်။ အဲ့ဒီမှာ ကျုပ်တို့လုပ်နေတဲ့ စီမံကိန်းကြီးက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ထပ်ပြီး ထင်ရှားလာပြီ။ တောမရှိ၊ တောင်မရှိ၊ အတားအဆီးမြစ်ပြင်ကြီးတွေမရှိ၊ ပကတိ လွင်တီးခေါင်ပြင်။ မီးလိုင်းတွေ ကြိုက်သလို ဆွဲစမ်းပါလေ့။ ဟုတ်ပြီလား။ ကမ္ဘာပြားပြီလို့ ပြောပြောနေတဲ့ကောင်တွေကိုတောင် ခေါ်ပြလိုက်ချင်သေးတယ်။ ကျုပ်တို့က လေနဲ့လုပ်နေတာမဟုတ်ဘူး။ လက်တွေ့ကို ပြားပြားပြန့်ပြန့်ပြူးလို့။
မလိုတော့ဘူး။ ဒီတော့ သယ်ယူပို့ဆောင်ရေးစရိတ်ကျပြီး ပြည်သူတွေ သက်သက်သာသာနဲ့ မစားသုံးရပေဘူးလား။ ဒီလောက်ဆို ကျုပ်တို့ဘယ်လောက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့တယ်ဆိုတာ သဘောပေါက်ရောပေါ့။ မြစ်ရေကြီးလို့ အိုးအိမ်တွေလဲ မဆုံးရှုံးတော့ဘူး။ ရေနစ်သေတာလဲ မရှိတော့ဘူး။ နေရာအနှံ့ လျှပ်စစ်မီးလိုင်းတွေလဲ အလွယ်တကူရောက်လို့။ မကျေနပ်ရင် နေအားလျှပ်စစ်တောင် အလွယ်တကူထုတ်လို့ရသေးတယ်။ ပင်လယ်ဖက်က ရေငန်တွေတက်လာတဲ့အခါမှာလဲ ဆားချက်ပြီး ရောင်းစားယုံပဲ။ ဆားချက်တောင်သူတွေရဲ့ စားဝတ်နေရေးလဲ ဖူလုံလို့။ ဘယ်မှာလဲ အပြစ်။ အဟင့် ဟင့် ဟင့် ရွှတ်....ဖတ်။ မဟုတ်ပါဘူးဗျာ။ မကြာခင် ခေတ်မှီတိုးတက်လာမဲ့နိုင်ငံတော်ကြီးကို စဉ်းစားမိတာနဲ့ ၀မ်းသာ မျက်ရည်တွေကျလာတာပါ။ ၀မ်းသာလွန်းလို့ မျက်ရည်များတွေလည်ရှာတယ်ပေါ့ဗျာ။ အဟမ်း။ ကဲ ကဲ ရှင်းစရာတွေလဲ ရှင်းပြီးပြီ။ ရှင်းရှင်းလင်းလင်း သိရောပေါ့။ ခင်ဗျားတို့ ရပ်ကွက်ထဲမှာ၊ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ၊ ဘီယာဆိုင်မှာ၊ ဆွေးနွေးပွဲတွေမှာ လူတကာ ဟိုပြောဒီပြော ရောဂါထနေတာကို မယုံကြနဲ့။ ကျုပ်ထက်သိတဲ့ကျုပ်တောင် ကျုပ်လောက်မသိဘူး။ အကုန်သိ အကုန်တတ် ဟုတ်ပြီလား။ ရှင်းလင်းပွဲကို ဒီမှာပဲ ရပ်လိုက်မယ်ဗျာ။ ကျုပ်က ရွာသာကြီးအထိပြန်ရမှာဆိုတော့ ဝေးတယ်။ စောစောသိမ်းမှ။ အားလုံး ရှဲရှဲနီ။
(Bloggers for Ayeyarwady အတွက်ရေးဖြစ်တာ ပြန်ရှယ်လိုက်ပါတယ်)
ရေးသားသူ -ကလူသစ်

No comments:
Post a Comment