ကိလေသာတောတွင် နှစ်မျောနေသူများပီပီ လိုချင်ရချင် ပျော်ချင်ပါးချင်ကြသည်။ ထိုထိုသော လောဘစေရာနောက်ကိုလိုက်ရင်း ဘ၀ မောတွင် မျှော်လင့်ရင်းရှင်သန် ရှင်သန်ရင်းမျှော်လင့် ကာ အဓိပ္ပါယ်တို့  က လေးနက်မြင့်မား ခွန်းအားတွေအပြည့်ဖြင့် ဘ၀ ကိုချီတက်ကြသည်။ မျှော်လင့်စရာရှိသူတို့ က ထိုကဲ့သို့ မျှော်လင့်ရှင်သန်ကြသော် လည်း မျှော်လင့်စရာဘာမှမရှိသည့်မိန်းမသား တစ်ယောက်၏ ဘ၀ ။ ဘာဆက်လုပ်သင့်သလဲစဉ်းစားတိုင်း ကိုယ့်ကို ကိုယ် သေမိန့် ပေးနေမိသည်။ နေခြင်းထက် သေခြင်းကို အလိုရှိခဲ့ပြီ။ သစ်ပင်ပင်စည်မှာ မျက်စိစုံမှိတ် အံ ကိုကြိတ်၍ စိတ်နောက်ကိုယ်ပါ မိုက်ကန်းစွာ .......
++++++++
သေချင်သူကိုမှ ကယ်တင်မည့် သူက ရောက်ဖြစ်အောင်ရောက်လို့ လာသည်။အသက်ကိုကယ်တင်ရုံ တင် မဟုတ် ဘ၀ တခုလုံးကိုပါ စောင့်ရှောက်ကယ်တင်မည်တဲ့ ။ ခိုကိုးရာမဲ့နေသူမို့  ယုံကြည်လေးစား စွာ လက်ခံမိပါတော့သည်။ ခက်သည်က...... ပြည်ပန်းညို ချိုပါရဲ့ နဲ့  ဆားကဖျက်နေပြီ။ မောင့်မိခင် က တဦးတည်းသောသားရှေ့ မှာ ကြည်ဖြူ သလိုနှင့် ကွယ်ရာမှာ မာန်မာန်မဲမဲ။ကံဆိုးတဲ့သူမို့ ထင်သည်။ မောင် ခရီးထွက်တော့ မောင့်မိခင်က အိမ်ပေါ်ကနှင်ချပြီ။မဆင်းလို့ မရ။မရအရ မောင်းချပြီ။ မောင့်ရင်သွေးလေးကိုလွယ်ပိုးပြီး မောင်ရှိမည်ထင်ရာ
အရပ်သို့ မှန်းဆကာ ထွက်လာခဲ့ရသည်။ တနေ၀င် တနေထွက် တမြိုဝင် တမြို့ ထွက်ဖြင့်  ရက်ကိုလစား။ကိုယ်ဝန် က ရင့်မာလာပြီ။ လမ်းမှာတွေ့သည့်ဇရပ်ပျက်တစ်ခု ခဏ နားမည်။ အို ... ဗိုက်ကနာလိုက်တာ။ လူမရှိသူမရှိ တောထဲတောင်ထဲ ဇရပ်ပျက်ကလေးတွင် မီးဖွားသန့် စင်လိုက်သည်။ ကူညီသူ-နတ္ထိ။ မီးဖွားသန့်စင်ပြီးချိန်မှာ တကိုယ်လုံးညစ်ထေးနံစော်နေသော ခန္ဓာကိုယ်ကို ရေမိုးသန့် စင်လိုလှသည်။ ရေလည်းဆာနေသည်။ နီတာရဲလေးကိုဇရပ်ပေါ်တွင် ခဏထားခဲ့ကာ ရေရှိမည်ထင်ရာ အရပ်သို့  ခပ်သွက်သွက်လေးလှမ်းလာမိသည်။ရေချောင်းလေးမှာ ရေကိုတ၀ကြီးသောက်လိုက်သည်။ ကိုယ်လက်သန့်စင်သည်။ကလေးကို ထားခဲ့ရသဖြင့် ခပ်သုတ်သုတ် ပြန်လာသည်။ သို့ သော် နီတာရဲ ကလေးလေး ဇရပ်ပေါ်တွင်ရှိမနေတော့။ ဘုရား ..ဘုရား ငါ့သားလေးဘယ်ရောက်သွားပြန်ပြီလဲ။လင်ပျောက်တဲ့ မယား ဘ၀။ သားပျောက်တဲ့အမေ ဘ၀ အပူလုံးကြွလို့  လူလုံးလည်းမလှနိုင်တော့။ရင်ဘတ်ကိုထုပြီး ငိုပွဲဆင်ရလေပြီ။ လင်ရှာရင်းသားပါပျောက်ခဲ့ရသည်။ ပျောက်သောသူရှာရင်တွေ့ဆိုသည့်စကားရှိထားသဖြင့် လင်ကိုရှာ သားကိုရှာ အပူမီးတွေနှင့် ကံဆိုးမ ရဲ့ ဘ၀။ " ဟဲ့ကောင်မ ရပ်လိုက်စမ်း.. " တောလမ်းမှာ မသမာသူ ဓါးကိုင်လူဆိုးတွေနှင့်ရင်ဆိုင်တိုးပြန်သည်။ " ချမ်းသာပေးပါရှင်..ကျမ မှာပေးစရာငွေလည်းမရှိပါဘူး ပြေးစရာမြေလည်းမရှိပါဘူး ဒုက္ခရောက် နေတဲ့ ခရီးသည်ပါရှင်.. " " ဟဲဟဲ ပေးစရာငွေမရှိ ပြေးစရာမြေမရှိရင် ကျုပ်အိမ်ကိုလိုက်ခဲ့ပါ လိုက်မယ်မလား " ဒီလိုနှင့် ကံဆိုးမ ဘ၀ လူဆိုးကြီးမယား ဖြစ်ခဲ့ရပြန်ပေါ့။လူ့ တိရိစ္ဆာန်ကြီး၏ နိုင်ထက်စီးနင်းပြုမူသမျှ ၀ဋ်ကြွေး တခုကိုကြောက်ကြောက်လန့်လန့်နှင့်ပင် ပေးဆပ်နေရသည်။ ဒီလိုနှင့်သမီးလေးတစ်ယောက်ကိုမွေးဖွားသန့်စင် ခဲ့သည်။ လူဆိုးကြီး က သူ့ သမီး တော့ သေအောင်ချစ်ရှာသည်။သမီးလေးကိုသနားသော်လည်း ကြမ်းကြုတ်ရက်စက်သော လူဘီလူးကြီးနှင့် မပေါင်းဖက်လိုတော့သဖြင့် လွတ်ရာကျွတ်ရာကိုပြေးမိသည်။သမီးကိုတော့ထားခဲ့ရသည်။ဒီသမီးကို ခေါ်သွားပါက မိုးမြေအနှံလိုက်ရှာမည်မှာ ဧကန်မလွဲ။ထို့ ကြောင့် မိခင်တယောက် ရင်တွင်းမချိစွာ ဖြင့် သမီး ကိုထားခဲ့ရသည်။ ကံကောင်းထောက်မစွာပြေးလွတ်ခဲ့ပြန်သည်။ ထေရီအရှင်မ တို့၏ ကျောင်းတိုက်ကြီးတခုတွင် မှီခိုနေထိုင်ရင်း လင်နှင့်သားကို ရှာဖွေမိပြန်သည်။ အချိန် က ကုန်မှန်းမသိကုန်ခဲ့သည်မှာ (၁၅)နှစ် ပင် ကျော်ခဲ့ပြီ။လှည်းကုန်သည်တွေ ရောက်လာတိုင်း သားတို့အဖေ ကိုတွေ့ လေမလားဟု သတင်းအစ အန ရလိုရညား မေးမြန်းစုံစမ်းမိသည်။ ပျောက်နေသော သားနှင့်လင် ကိုရှာရင်းမှ သံယောဇဉ်ကြိုးလေးတမျှင် က ကပ်ညှိတွယ်ဖို့ကြိုးစားလာပြန် သည်။ ကောင်လေးအသက် ရှိလှ ၁၆ နှစ်မျှသာ ဖြစ်မည်။သတိလေးဖြင့်မိမိကိုယ်ကို ထိန်းချုပ်ပြီး ရှောင် နေရသည်။ကလေးကိုမုန့် ပေးကြိုက်သည် ဟု ပတ်ဝန်းကျင်က ဆိုကြပေမည်။အမှန်တကယ်တော့ သူကလေးကိုတွေ့သည့်အချိန်ကတည်း က ရင်မှာလှူပ်ခတ်ခဲ့သည်သာ။နှစ်သက်မြတ်နိုးဖွယ် ပန်းလေး တစ်ပွင့်ကို ပန်ဆင်လိုခြင်းထက် တစိမ့်စိမ့် အလှကြည့်နေချင် သည့် ဆန္ဒ က ပိုမိုပြင်းပြနေသည်။ ဒါကိုပင် ချစ်ခြင်းမေတ္တာဟု ခေါ်ဆိုမလား။ အတွေ့မခံလိုတော့၍ ကျောင်းအာရာမ် ထဲမှာ ပုန်းအောင်း နေလိုက်သည်။ ကိုယ့်ကို ကိုယ် ဟုတ်လှပြီထင်ခဲ့သော်လည်း တကယ်တမ်းကျတော့ ချစ်နှစ်သက်သူနှင့် ကွေကွင်းရခြင်းဆင်းရဲကို မခံစားနိုင်ပြန်။သူကလေးရှိတတ်သည့်နေရာကို ခိုးကြောင်ခိုးဝှက် သွားချောင်း ကြည့်မိပြန်သည်။ " မမ " အို ဘုရားရေ ...သူကလည်း သိနေသည်သာ။ အရွယ်ချင်းအဆင့်ခြင်းကွာခြားသူမို့  မဖြစ်နိုင်ဘူးအခါခါ ငြင်းဆန်ရင်းနှင့်ပင် သူ့ တွင် မိဘ မောင်နှမ သားချင်းမရှိတော့ကြောင်းသိရသောအခါ။ မိခင်ကဲ့သို့ သော ချစ်ချင်းမေတ္တာဖြင့် မိခင်နှင့်တူသောမယားအဖြစ်နှင့် သူ့ အနားတွင် နေမိပြန်ပါသည်။သူ့ကို သားကလေးလို ရင်ခွင်မှာပိုက်ထွေးထားချင်မိသည်။ မျက်စိအောက်ကအပျောက်မခံချင်သလိုဖြစ်မိသည်။ တနေ့ ...ထိုတနေ့ သည် မျော်လင့်ပြီးဖြစ်သော်လည်းတကယ်တမ်းရင်ဆိုင်ရသောအခါ မွန်းကြပ် လွန်းလှသည်။ " မမ..စိတ်မဆိုးနဲ့နော်..စကားတစ်ခွန်းပြောချင်လို့  " " ပြောမှဖြစ်မယ်ဆိုရင် ပြောလေ " " မိန်းကလေးတစ်ယောက်နဲ့ မေတ္တာမျှမိတယ် ကျနော်သူ့ကိုအိမ်ခေါ်လာချင်တယ် " " ဪ " ရင်ထဲမှာဝုန်းဒိုင်းကြဲသွားသည်။ယောက်ျားဆိုတာ ဒါပါပဲ ။မိန်းမတစ်ယောက်နှင့်အလှမ်းကွာ လျှင် ကြာရှည်လွမ်းမနေချင်။သူတို့ဘ၀မှာ အချိန်ကြာကြာကွက်လပ်မထားတတ်ကြပါ။ အဟောင်းထက် အသစ်ကိုမြတ်နိုးတန်ဖိုးထားလေ့ ရှိပြီး အစားထိုးခြင်းကိုခုံမင်သည်။ ။ဘ၀ အတွေ့ အကြုံ အရ မှတ်ချက် တွေပဲဖြစ်သည်။ ညိုညို ချောချော ကောင်မလေး ရိုးရိုးသားသားလေးဖြစ်သည်။မိဘ မောင်နှမ မရှိသူ။ ဘ၀ တူတွေပါလား။ဒီနေ့ကစလို့  မိခင်တစ်ယောက်နေရာက နေသွားတော့မည်။ ကလေးတွေကို မိခင် တစ်ယောက်လို စောင့်ရှောက်မည်။သမီးရင်းလေးလို သဘောထားမည်။သားအရင်းလေးလိုသဘောထား မည်။သူတို့လေးတွေစုံဖက်ကြပါစေတော့။ အမေ ငတ်နေသောသူတို့လေးတွေကလည်း မိမိကို မိခင်လိုချစ်ကြသည် ။နေရာပေးကြသည်။ တနေ့ ...သမီးလေးကို ခေါင်းဖီးပေးတော့ " ဟင်..ခေါင်းမှာအမာရွတ်ကြီးပါလား " " ဟုတ်တယ် အမေ သမီး ငယ်ငယ်လေးတုန်း က အဖေ နဲ့အမေ ရန်ဖြစ်တော့ သမီးခေါင်းကိုထိမိလို့ တဲ့ အဖေ ကပြန်ပြောပြတာ အဲ့ကတည်းက အမေကထွက်ပြေးသွားတာ ဒီနေ့ ထိ သမီးအမေ ကိုမမြင်ဖူးဘူး " "အို ဘုရားရေ သမီး သမီးလေး လူဆိုး သူခိုးကြီး အနိုင်ကျင့်ပေါင်းသင်းလို့ ရတဲ့သမီးလေး အမေ့ သမီးလေး ပါလားကွယ် " သားအမိနှစ်ယောက်မျက်ရည်နှင့်မျက်ခွက် တယောက်ကို တယောက်ဖက်ပြီး ငိုနေချိန် ယောက်ျားဖြစ်သူပြန်လာသည်။ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ရသည်။သားအမိ နှစ်ယောက်လုံး ဒီယောက်ျားတစ်ယောက်ထဲကို လင်တော်နေမိပါလား။ "လူတိုင်းကတော့ အတိတ်ဆိုတာ ရှိကြတာပဲလေ..ကျနော်လည်း အဖေ အရင်းဘယ်သူမှန်းမသိ သလို အမေ ဆိုတာ ဘယ်လိုမျိုးမှန်းမသိဘူး ကျနော့မွေးစားအဖေ က ဇရပ်ပျက်တစ်ခုမှာ ကျနော့ ကို တွေ့လို့  မွေးစားခဲ့တာ " " အို ..ဘယ်လို ဘုရားရေ...အမှားကြီးမှားပါပေါ့လား " ဖြစ်ကြောင်းကုန်စင် သူသိသမျှ သူပြောပြတော့ မိမိ လိုက်ရှာနေသည့် သားပါလား။ နှစ်နှင့်ချီ၍ ရှာခဲ့စဉ် က မတွေ့ ခဲ့။ခုတွေ့မယ့်တွေ့တော့လည်း သားကောသမီးကော နှစ်ယောက်လုံးနှင့်တွေ့ နေသည်။ " အမေ ရယ် သားမှာ ခွင့်လွှတ်နိုင်စရာမရှိတဲ့အမှားကို ကျူးလွန်မိတယ် အမေ နဲ့ ညီမ ကို မယား လုပ်ခဲ့ မိတယ် ပတ်ဝန်းကျင် က သာသိရင် ကျနော် ဘယ်လိုအသက်ဆက်ရှင်ရမလဲ " မိခင်တယောက်၏ ရင်တွင်းမှာ လောင်မြိုက်ရလေပြီ။ဘယ်လိုဝဋ်ကြွေးများ ကြောင့် ဒီသားဒီအမိ ဒီလိုဘ၀တွေ ဖြစ်ရတာပါလိမ့်။ သားအမိချင်း မောင်နှမ ချင်း သွေး ကစကားပြော၍ သံယောဇဉ်နွယ်ငင် ခင်မင်သည်ကို မသိပဲ တဏှာပေမ နယ်ထဲသို့  သက်ဆင်းမိခဲ့ကြသည်။ " သားနဲ့သမီးတို့  သေသေချာချာ နားထောင်နော်...အမေ ကတော့ ဘ၀ ကိုစိတ်ကုန်သွားပြီ ထိတ်လန့် ကြောက်ရွံသွားပြီ။။သားနဲ့သမီးလည်း သင်ခန်းစာယူပြီး သံဝေဂ ပွားကြပေါ့ အမှားကို အမှန်ပြင် ကြရအောင် " သားနှင့်သမီးကလည်း ပြိုင်တူပင် အမေပြောသောစကားကိုမြေ၀ယ်မကျ နားထောင် ကြသည်။ သောက အပူမီးတို့ ငြိမ်းအေးရာ ဆင်းရဲခြင်းတို့ ချူပ်ငြိမ်းရာသို့ ။ မြတ်စွာဘုရားရှင်၏ သာသနာ တော် နေလိုလလို ထွန်းလင်းတောက်ပ နေချိန်မို့  အမေ နှင့် သမီး က ဥပ္ပလ၀ဏ် ထေရီ အရှင်မတို့  ထံ သွားရောက်၍ရဟန်းပြုလိုက်ကြသည်။သားဖြစ်သူကလည်း သံဃာတော်များထံမှာရဟန်းပြု လိုက်သည်။ သုံးဦးသား တရားတော်ကို နာကြား၍ ၀ိပဿနာအားထုတ်လိုက်ရာ အာသဝေါကုန်ခမ်းရဟန္တာများဖြစ် ကြသည်။ သားဖြစ်သူမှာ ဘွဲ့ တော်ထင်ရှားသော" ဂင်္ဂါတီရိယ မထေရ် " ဟူ၍ ကျော်ကြားခဲ့လေသည်။
(မလေးငြိမ် ၏ ဂန္ထ၀င်ရသများ စာအုပ်မှ မှောင်တကာ့ မှောင်ကို မှီငြမ်း ရေးသားပါသည်)
*****တတိယမြောက်သမီးတော်***** --
Posted By Blogger လူဗိုလ်
*****တတိယမြောက်သမီးတော်*****( ရေး -လူသား နဲ့ အချစ်)

No comments:
Post a Comment