-ဒီမိုကရေစီနိုင်ငံနှင့် ပညာရေးပြုပြင်ပြောင်းလဲမှု ပညာရေးစီမံခန့်ခွဲမှု မည်သူ့တွင်တာဝန်ရှိသလဲ-
ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ရာတွင် စီမံခန့်ခွဲမှုအဆင့်ဆင့်၌ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရပါမည်။ စာသင် ကျောင်းတစ်ကျောင်းကိုဥပမာပေး၍ဆွေးနွေးပါမည်။ ကျောင်းသားလက်ခံရေး၊ ဆရာခန့်ထားရေး၊ သင်ကြားရေး၊ ဘဏ္ဍာရေး၊ လုံခြုံရေးအစရှိသည့်စီမံခန့်ခွဲမှုများကိုကျောင်းအုပ်ချုပ်ရေးအဖွဲ့(School Governing Body) ကတာဝန်ယူသင့်ပါသည်။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွင်ကျောင်းအုပ်ဆရာကြီး၊ကျောင်းအုပ်ဆရာမကြီး၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျောင်းသားမိဘအသင်းကိုယ်စားလှယ်၊ ဆရာများသမဂ္ဂကိုယ်စားလှယ်၊ဒေသဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များကိုယ်စားလှယ်နှင့်ဘာသာရေးအသင်းအဖွဲ့ ကိုယ်စားလှယ်များပါဝင်သင့်ပါသည်။ အုပ်ချုပ်ရေးအဖွဲ့၏စည်းဝေးဆုံးဖြတ်ချက်များကိုကျောင်းအုပ်ကြီးကတာဝန်ယူအကောင်အထည်ဖော်ရပါမည်။ ကျောင်းအုပ်ကြီးသည်အာဏာပိုင်မဖြစ်ရပါ။ ဆရာ၊ ဆရာမများနှင့်အစည်းအဝေးကျင်းပ၍ တာဝန်များကိုခွဲဝေထမ်းဆောင်ရပါမည်။ ပညာရေးကိစ္စကိုအကောင်အထည်ဖော်ရန်အတွက်ပညာရေးနှင့်သက်ဆိုင်သူအားလုံးပါဝင်ရပါမည်။ ကျောင်းအုပ်ဆရာတစ်ဦးတည်း၏ စိတ်ကူးစိတ်သန်းနှင့် အဆုံးအဖြတ်သည်အများနှင့်ကိုက်ညီရန်ခဲယဉ်းပါသည်။ပညာရေးနှင့်သက်ဆိုင်သူအားလုံး၏ပါဝင်မှုသည် အရေးကြီးပါသည်။ ကျောင်းစည်းကမ်း၊ ကျောင်းဝတ်စုံ၊ အားကစား၊ လေ့လာရေးခရီးအစရှိသည့် ကျောင်းသားများနှင့်တိုက်ရိုက်သက်ဆိုင်သည့် ကိစ္စများတွင် ကျောင်းသားကိုယ်စားလှယ်များပါဝင်ဆွေးနွေးဆုံးဖြတ်သင့်ပါသည်။ ယခင်ခေတ်ကကျောင်းသားများသည် အုပ်ချုပ်သူနှင့် ဆရာ၊ ဆရာမများ၏အဆုံးအဖြတ်ကိုသာနာခံခဲ့ရသည်။ ဒီမိုကရေစီခေတ်တွင်
ကျောင်းသား၊ ကျောင်းသူများသည် သူတို့၏ပညာရေးနှင့်ကျောင်း၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများ(ပါဝင်ဆောင်ရွက်သူများ)ဖြစ်သင့်ပါသည်။ ပညာရေးဆိုင်ရာအဆုံးအဖြတ်ပေးရာတွင် ကျောင်းသားများ၏ပါဝင်မှုသည် အရေးကြီးပါသည်။ စာသင်ခန်းအဆင့်တွင်လည်းဆရာသည်ကျောင်းသားများကိုအမိန့်ပေးစေခိုင်းသူမဖြစ်ရပါ။ ကျောင်းသားများ၏သင်ယူမှုတိုးတက်ရေးအတွက် ဦးဆောင်လမ်းညွှန်ပေးသူဖြစ်ရပါမည်။ သင်ကြားမှု၊ သင်ယူမှုနည်းလမ်းများ၊ တတ်မြောက်မှုစစ်ဆေးခြင်းနည်းလမ်းများနှင့်စာသင်ခန်းဆိုင်ရာစည်းကမ်းများချမှတ်ရာတွင် ကျောင်းသားများ၏အကြံဥာဏ်နှင့်ပါဝင်လုပ်ဆောင်မှုကို ကြိုဆိုရပါမည်။ ကျောင်းသားများတွင်တစ်ဦးနှင့်တစ်ဦးမတူညီကွဲပြားသောစွမ်းရည်များနှင့်သင်ယူမှုပုံစံများရှိကြပါသည်။ သူတို့၏စွမ်းရည်နှင့်သင်ယူမှုပုံစံများအလိုက် သင်ယူမှုကိုချဉ်းကပ်ကြပါသည်။ဆရာတစ်ဦးတည်း၏စိတ်ကူးစိတ်သန်းနှင့်ခိုင်းစေချက်များသည် ဆရာနှင့်စိတ်ကူးတူသောကျောင်းသားတချို့နှင့်သာလျော်ညီမှုရှိနိုင်ပြီးကျောင်းသားများအတွက်မကိုက်
ညီနိုင်ပါသည်။ ဆရာသည် ကျောင်းသားများ၏မတူညီကွဲပြားမှုများကိုအသိအမှတ်ပြုပြီးကျောင်းသားတစ်ဦးစီနှင့်ကိုက်ညီမည့် သင်ကြားနည်းစနစ်များကိုရွေးချယ်ရပါမည်။ ကျောင်းသားတစ်ဦး၏သင်ယူမှုတိုးတက်ရေးအတွက် မိဘသည်လည်းအရေးကြီးသည့်ကဏ္ဍာမှ ပါဝင်ပါသည်။ ဆရာသည်ကျောင်းသားမိဘ၏အကြံဥာဏ်ကိုလည်းရယူရပါမည်။ စာသင်ခန်းသည် ကျောင်းသားများ၏ကွဲပြားသောဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့်ယဉ်ကျေးမှုများကိုလေးစားရပါမည်။ သင်ယူနေသည့်အကြောင်းအရာတစ်ရပ်အပေါ် ကျောင်းသားတစ်ဦးနှင့်တစ်ဦးအမြင်အယူအဆကွဲပြားမှုရှိလျှင် ခွင့်ပြုရပါမည်။ အမြင်အယူအဆတစ်ရပ်ကိုတင်ပြရာတွင် ကျိုးကြောင်းထောက်ထားခိုင်လုံမှု၊ ဆီလျော်မှုနှင့်တရားမျှတမှုရှိရန် ဆရာကထိန်းကျောင်းပေးရပါမည်။ တချို့ကိစ္စရပ်များတွင် ကျောင်းသားများ၏အမြင်အယူအဆသည်ဆရာနှင့်လည်းကွဲလွဲမှုရှိနိုင်ပါသည်။ ဆရာပြောသမျှအမှန်ဖြစ်သည်ဟုယူဆ၍မရပါ။ ဆရာကိုယ်တိုင်လည်းကျိုးကြောင်းထောက်ထားခိုင်လုံစွာတင်ပြရပါမည်။ ဒေသဆိုင်ရာအဆင့်တွင်လည်းပညာရေးစီမံခန့်ခွဲမှုသည် ဒီမိုကရေစီနည်းကျ ဖြစ်ရပါမည်။ မြို့နယ်တစ်ခုကိုဥပမာပေး၍ ဆွေးနွေးလိုပါသည်။ မြို့နယ်အတွင်းရှိစာသင်ကျောင်းအသီးသီးသည်ကျောင်းအုပ်ချုပ်ရေးအဖွဲ့ (School Governing Body) ၏ စီမံခန့်ခွဲမှုအောက်တွင် လွတ်လပ်စွာဖွံ့ဖြိုးခွင့်ရှိသင့်ပါသည်။ မြို့နယ်ပညာရေးဌာန၏တာဝန်သည် စာသင်ကျောင်းများအောင်မြင်ရေးအတွက်ပံ့ပိုးကူညီသည့်ဌာနဖြစ်ရပါမည်။ အစိုးရကချမှတ်သည့် ဘဏ္ဍာငွေများပေးအပ်ရေး၊ ဘဏ္ဍာငွေသုံးစွဲမှုအပေါ် ပွင့်လင်းမြင်သာမှုနှင့်စနစ်ကျနမှုရှိရန်ကူညီရေးနှင့် ပညာရေးတိုးတက်မှုကိုတိုင်းတာနိုင်ရန်အတွက် သုတေသနလုပ်ငန်းများကိုတာဝန်ယူဆောင်ရွက်ရပါမည်။ ဆရာများခန့်ထားရေး၊ ကျောင်းပြောင်းရွှေ့ရေးကိစ္စများကိုကျောင်းအုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူသင့်ပါသည်။
်ချဉ်းကပ်ကြပါသည်။ မလိုလားအပ်သောလာဒ်ပေး၊ လာဒ်ယူများမကြာခဏကြားနေရပါသည်။ ဆရာခန့်ထားရေးနှင့် ကျောင်းပြောင်းရွှေ့ရေးကိစ္စများကိုဝန်ကြီးကကိုင်တွယ်ရန်မလိုပါ။ ဒီမိုကရေစီနည်းကျသည့် ပညာရေးပေါ်လစီတစ်ရပ်ချမှတ်ထားလျှင် ပေါ်လစီအတိုင်းလိုက်နာဆောင်ရွက်လျှင် ကိစ္စပြီးပါသည်။ မြန်မာနိုင်ငံ၏လက်ရှိပညာရေးစနစ်သည် တင်းကျပ်သောဗဟိုချုပ်ကိုင်မှုအောက်တွင် ရှိနေသေးသည်။ ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီဆိုလျှင် ပြည်နယ်နှင့်တိုင်းအသီးသီးတွင် ပညာရေးဆိုင်ရာကိုယ်တိုင်ပြဌာန်းခွင့် (autonomy)ရှိရပါမည်။ ပြည်သူ့လွှတ်တော်မှဦးဆောင်၍ ပညာရေးညီလာခံတစ်ရပ်ကျင်းပပြီး နိုင်ငံတော်၏ပညာရေးမူဝါဒနှင့်ပြည်နယ်၊ တိုင်းအသီးသီးမှ လိုက်နာဆောင်ရွက်ရမည့်ပညာရေးဆိုင်ရာစံများချမှတ်သင့်ပါသည်။ အဆိုပါပညာရေးညီလာခံတွင် သက်ဆိုင်ရာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူများ၊ ပြည်နယ်/တိုင်းပညာရေးဌာနများ၊ ပညာရေးဆိုင်ရာပညာရှင်များ၊ ပါမောက္ခများ၊ ဆရာများသမဂ္ဂ၊ ကျောင်းသားသမဂ္ဂ၊ ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာပုဂ္ဂိုလ်များ၊ စီးပွားရေးပညာရှင်များအစရှိသည့် ပညာရေးမူဝါဒနှင့်သက်ဆိုင်မည့်ပုဂ္ဂိုလ်များပါဝင်တက်ရောက်သင့်ပါသည်။ညီလာခံမှ အကြံပြုသည့် ပညာရေးမူဝါဒနှင့်စံများကို ပြည်သူ့လွှတ်တော်မှ ဆွေးနွေးအတည်ပြုပြီးနောက် ပြည်နယ်နှင့်တိုင်းအသီးသီးတွင်လွတ်လပ်စွာဆောင်ရွက်ခွင့်ပြုသင့်သည်။ ဗဟိုအစိုးရပညာရေးဌာနသည် ပြည်နယ်နှင့်တိုင်းများအတွက် ဘဏ္ဍာငွေများခွဲဝေပေးအပ်ရေး၊ ပြည်နယ်နှင့်တိုင်းများပညာရေးမူဝါဒအတိုင်းအကောင်အထည်ဖော်နိုင်ရန်အတွက် အထောက်အကူပေးရေးနှင့် ပညာရေးအရည်အသွေးမြင့်မားရေးကိုတာဝန်ယူရပါမည်။ ပညာရေးစီမံခန့်ခွဲမှုအဆင့်အသီးသီး၌ သက်ဆိုင်သူများပါဝင်လုပ်ခွင့်ရှိရေးအတွက် ဗဟိုချုပ်ကိုင်မှုလျှော့ချသောပညာရေးစနစ်ကိုကျင့်သုံးသင့်ပါသည်။ ပညာရေးဆိုင်ရာကိစ္စများဖြစ်သောသင်ရိုးညွှန်းတမ်းရေးဆွဲရေး၊ သင်ကြားရေး၊ စစ်ဆေးရေး၊ ဆရာများခန့်ထားရေး၊ ကျောင်းသားလက်ခံရေး၊ ကျောင်းအဆောက်အအုံတည်ဆောက်ရေး၊ ဘဏ္ဍာငွေစီမံခန့်ခွဲရေးအစရှိသည့် ကိစ္စအဝဝကို ပြည်နယ်နှင့်တိုင်းအသီးသီးသို့လွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးသင့်ပါသည်။ ပြည်နယ်နှင့်တိုင်းများကလည်းလွှတ်တော်ကအတည်ပြုပြဌာန်းသည့် ပညာရေးမူဝါဒ၊ စံထားချက်များနှင့်အညီအကောင်အထည်ဖော်ရပါသည်။ ပြည်နယ်၊ တိုင်းအတွင်းနေထိုင်သော ပြည်သူ၊ ပြည်သားများ၏တန်ဖိုးထားမှုများကိုလည်းထည့်သွင်းရပါသည်။ ပြည်နယ်နှင့်တိုင်းပညာရေးဌာနများကအထက်ဖော်ပြပါ ပညာရေးဆိုင်ရာကိစ္စအဝဝကို မြို့နယ်ပညာရေးဌာနများသို့ လုပ်ပိုင်ခွင့်ပေးအပ်ရပါသည်။ ဤသို့အားဖြင့်ပညာရေးဆိုင်ရာတာဝန်ရှိမှုနှင့် အကောင်အထည်ဖော်မှုတို့သည် စာသင်ကျောင်းကိုအခြေခံသောဆရာ၊ဆရာများ၊ ကျောင်းသားကျောင်းသူများ၊ မိဘများနှင့်တကွ ကျောင်းအုပ်ချုပ်ရေးအဖွဲ့တို့၏အခန်းကဏ္ဍကို မြင့်မားစေပါသည်။ စာသင်ကျောင်းကိုအခြေခံသောပညာရေးဆိုင်ရာပုဂ္ဂိုလ်များ၏ စွမ်းရည်မြင့်မားရေးအတွက် မြို့နယ်၊ တိုင်းနှင့် ဗဟိုပညာရေးဌာနအဆင့်အသီးသီးကဆောင်ရွက်ပေးရပါမည်။ ပညာရေးကိုလက်တွေ့အကောင်အထည်ဖော်နေသူတို့၏ အခန်းကဏ္ဍမြင့်မားလာခြင်းအားဖြင့် ပညာရေးအဆင့်အတန်းမြင့်မားလာပါမည်။ ပညာရေးကိုအမိန့်ပေးစနစ်(ဗဟိုချုပ်ကိုင်မှု)ဖြင့် ဆောင်ရွက်ခြင်းသည် အောင်မြင်မှုမရှိကြောင်း နှစ်ပေါင်း ၅ဝ ကျော် အတွေ့အကြုံကဖော်ပြခဲ့ပြီးဖြစ်ပါသည်။အားလုံး၏ပါဝင်မှုကိုပေးသည့် ဒီမိုကရေစီပညာရေးစနစ်ကိုအကောင်အထည်ဖော်မှသာအောင်မြင်ပါမည်။ ပညာရေးစီမံခန့်ခွဲမှုဘယ်သူ့တွင် တာဝန်ရှိသလဲဆိုသည့် မေးခွန်းကိုအတိုချုပ်ဖြေရလျှင် ပညာရေးနှင့်သက်ဆိုင်သူများဖြစ်ကြသောဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊မိဘများ၊ ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးဆိုင်ရာပုဂ္ဂိုလ်များ၊ စီးပွားရေးပညာရှင်များအားလုံးတွင် တာဝန်ရှိပါသည်။ ပညာရေးမူဝါဒနှင့်စံများကိုလွှတ်တော်ကအတည်ပြုပြဌာန်းပြီးနောက်အကောင်အထည်ဖော်မှုအတွက် စာသင်ကျောင်းအဆင့်တွင် တာဝန်နှင့်လုပ်ပိုင်ခွင့်အပြည့်အဝရှိသင့်ပါသည်။ မြို့နယ်၊ ပြည်နယ်၊ တိုင်းနှင့် ဗဟိုပညာရေးဌာနတို့မှ ပညာရေးလုပ်ငန်းများထိရောက်အောင်မြင်ရေးအတွက် ကူညီထောက်ပံ့မှုများကိုတိုးမြှင့်လုပ်ဆောင်သင့်ပါသည်။ ရှေ့လာမည့်အပတ်များတွင် “ဒီမိုကရေစီနိုင်ငံနှင့် ပညာရေးပြုပြင်ပြောင်းလဲမှု” ခေါင်းစဉ်အောက်၌ သင်ရိုးညွှန်းတမ်းရေးဆွဲရေး၊ သင်ကြားရေး၊ စစ်ဆေးရေးကဏ္ဍများကိုဆွေးနွေးသွားပါမည်။ ။
ဒီမိုကရေစီနိုင်ငံနှင့် ပညာရေးပြုပြင်ပြောင်းလဲမှု ပညာရေးစီမံခန့်ခွဲမှု မည်သူ့တွင်တာဝန်ရှိသလဲ။
**ဒေါက်တာသိန်းလွင် (ပညာရေး) **
ဒီလှိုင်းအတွဲ(၁)၊ အမှတ်(၂၉ )၊ တနင်္လာနေ့ ၆-၈- ၂ဝ၁၂။
From-Zaw Htun

No comments:
Post a Comment