-' ခွေး ' ကိုအဖေခေါ်တဲ့သူ-
ပေါက္ခရသာတိ ဆရာကြီးသည်ပင်လျှင် ဘုရားရှင်၏ ဥပါသကာအဖြစ်ခံယူပြီး ရတနာသုံးပါးသို့ ဆည်းကပ်ပြီဟု ကြားသိရသောအခါ အခြားသော ဗြဟ္မဏဆရာကြီးများစွာတို့သည်လည်း ဘုရားရှင်ထံတော်သို့ ယိမ်းယိုင် ချဉ်းကပ်လာကြသည်။ ဥပါသကာအဖြစ်ခံယူလာကြသည်။ အချို့က ပြောင်ပြောင်ရှင်းရှင်းချဉ်းကပ်ကိုးကွယ် ၍ အချို့က မထိတထိ ကိုးကွယ်ကြသည်။
မထိတထိကိုးကွယ်သူမှာ သောဏ ဒဏ္ဍဗြဟ္မဏကြီးဖြစ်၏။ ဘုရှားရှင်နှင့်နှစ်ဦးချင်းအတွေ့တွင် ဥပါသကာ အဖြစ်ခံယူပြီးသူဖြစ်ပါလျက် လူအများရှေ့တွင် ဘုရားရှင်နှင့်တွေ့သောအခါ တပည့်တော်က ဦးရစ်ကိုချွတ် လိုက်လျှင်ရှိခိုးသည်ဟုခံတော်မူပါ။ သွားရင်လာရင်း ယာဉ်ပေါ်မှတွေ့၍ တပည့်တော်က ထီးကိုပိတ်လိုက် လျှင်ရှိခိုးသည်၊ နှင်တံကိုချလိုက်လျှင် ယာဉ်ပေါ်မှဆင်း၍ အရိုအသေပြုသည်ဟု ခံယူတော်မူပါဟု အချက်ပြ စနစ်ဖြင့်ကိုးကွယ်သည်။ အကြောင်းမှာ ဘာသာတစ်ပါးဟုမှတ်ယူထားကြသော တပည့်တပန်းအသိုင်းအ၀ိုင်း များက ဘုရှားရှင်သို့ သူကိုးကွယ်သည်ကိုမြင်လျှင် မနှစ်လိုပဲ စီးပွားဥစ္စာ ဆုတ်ယုတ်မည်ကြောင့်ဟု လျှောက်ထားသည်။
အစဉ်အလာစွဲ၊ ဗြဟ္မာစွဲဖြင့် ဆရာကြီးတစ်ဦးပင်ဖြစ်စေကာမူ ဘုရှားရှင်ဝေး၍ မည်သည့်ရသေ့ရဟန်းကိုမျှ မချဉ်းကပ်၊ မကိုးကွယ်သော ဗြဟ္မဏကြီးတစ်ဦးသည်ကား တောဒေယျဆရာကြီးဖြစ်သည်။ သူ့ခံယူချက်မှာ ရှင်း၏။ အကြောင်းမူကား သူသည်ပစ္စည်းဥစ္စာနှင့်စပ်လာလျှင် ကော်တစ်ရာ ကပ်စေးနှဲကြီးဖြစ်၏။ လေးဆယ့် ငါးကုဋေမျှကြွယ်ဝသော်လည်း သူတစ်ပါးကို ပေးလှူဖို့ထား၍ မိမိကိုယ်ကိုမျှ မသဒ္ဓါသူဖြစ်သည်။ ဤ၀တ္ထု တွင်သူ့အကြောင်းကို ဖော်ပြရန်ဖြစ်၏။
ကောသလဘုရင်တွင် အတိုင်ပင်ခံဗြဟ္မဏဆရာကြီးများအနက် ပေါက္ခရသာတိ၊ ဇာဏုေဿာဏီ၊ စင်္ကီ ၊ တာရုက္ခ ၊ တောဒေယျဟူသောငါးယောက်မှာ ထိပ်တန်းဆရာကြီးများဖြစ်ကြ၏။ သူတို့ကို တေ၀ိဇ္ဇာဆရာ ကြီးများဟုသိမှတ်ကြသည်။ ဗေဒင်သုံးပုံတွင် တစ်ဖက်ကမ်းခတ်သူများဟု ဆိုလို၏။ သူတို့သည် မြို့စား၊ ရွာစားကြီးများဖြစ်ကြရုံမက ပစ္စည်းဓနကြွယ်ဝသူများလည်းဖြစ်ကြသည်။ ဗြဟ္မာကြီး၏ ဦးထိပ်မှပေါက်ဖွား လာသူများဟုဆို၍ အမျိုးအနွယ်အားဖြင့်လည်း ထိပ်တန်းဖြစ်ကြသည်။
အမျိုးအနွယ်အရေးတွင်ရှုပ်ထွေးများပြားလှသော ဗြဟ္မာဏတို့အဖို့ ဗြဟ္မာကြီး၏ဦးထိပ်မှခြေဖ၀ါးအထိ မည် သည့်နေရာမှပေါက်ဖွားသူဟု အမျိုးအနွယ် အယုတ်အမြတ်ကို သတ်မှတ်ခွဲခြားကြသည်။ တစ်ဆင့်ပြီးတစ် ဆင့် နိမ့်သော အမျိုးက မြင့်သောအမျိုးကို လေးစားရိုသေရသည်။
ပေါက္ခရသာတိဆရာကြီးဆိုလျှင် အမျိုးအားဖြင့် အမြတ်ဆုံးဟု သိမှတ်ကြသည်။အကြောင်းမှာသူသည် အမျိုးသမီးတစ်ဦး၏၀မ်းဗိုက်မှ မသန့်မရှင်းပေါက်ဖွားလာသူမဟုတ်၊ သူ့ဆရာ ဖခင်ရသေ့ကြီး၏ သင်္ခမ်း ကျောင်းအနီး ရေကန်အတွင်းရှိ ကြာဖူးကြာငုံတစ်ခုမှ ထူးခြားစွာ ပေါက်ဖွားလာသူဖြစ်သည်။ ထို့ကြောင့် ပေါက္ခရသာတိ (ရေကန်အရှင်) ဟု အမည်ရသည်။ ပေါက္ခရသာတိကဲ့သို့ပင် အခြားဆရာကြီးများတွင်လည်း ပြောစမှတ်ပြုရလောက်အောင် ကိုယ်ပိုင်ထူးခြား ချက်များရှိကြသည်။ ဇာဏုေဿာဏီဆိုလျှင် စံပြလူကြွားကြီးဖြစ်၏။ အကြောင်းမှာ အကောင်းဆုံးနေအိမ်၊ အကောင်းဆုံးအသုံးအဆောင်တို့ဖြင့် ကြွားကြွားရွားရွား နေထိုင်သူဖြစ်၏။ သူ့ပစ္စည်းများအနက် အထင်ရှား ဆုံးမှာ သူစီးသော ယာဉ်ပင်ဖြစ်၏။ မြင်းဖြူကြီးများကို ရှာဖွေရွေးချယ်၍ မတန်တဆဈေးပေးကာ သူ့ယာဉ်တွင်တပ်ဆင်သည်။ ယာဉ်ပေါင်းချုပ်မှ အစ မြင်းကြိုးအထိ အဖြူရောင်ဖြင့် လွှမ်းခြုံသည်။ သူ့တစ်ကိုယ်လုံးကိုလည်း အဖြူရောင်ကိုသာ ၀တ်ဆင်၍ သာဝတ္ထိမြို့လယ်လမ်းမတွင် နေ့စဉ်ကြွားကြွားလွင်လွင်မောင်းနှင်ကာ ဘုရင့်နန်းတော်သို့ အခ,စားဝင်လေ့ ရှိသည်။ သူ့ယာဉ်၏အမည်ကိုပင် " ဖြူဖြူလွင်လွင် ဗြဟ္မာ့ယာဉ်" ဟု အမည်ပေး၏။ ယင်းယာဉ်ကို အရှင်အာနန္ဒာသည် ဆွမ်းခံကြွရင်းတွေ့ရှိ၍ အံ့သြစွာဖြင့်ဘုရှားရှင်သို့ သတင်းစကားလျှောက် ထားသောအခါ ပိဋကတ်တွင် တရားတော်တစ်ပုဒ်ပင်ဖြစ်တည်လာခဲ့သည်။ တောဒေယျကားဇာဏုေဿာဏီနှင့် ဆန့်ကျင်ဘက်ဖြစ်၏။ ဇာဏုေဿာဏီကြွားရွားသလောက် သူက ကုတ်ကပ်သည်။ ဇာဏုေဿာဏီ ဗြဟ္မာ့ယာဉ်စီး၍ ညီလာခံတက်ချိန်တွင် သူကမူလှည်းကြမ်းစီး၍ တက်သည်။ မည်သို့ဆိုစေ၊ ယင်းကဲ့သို့ဗြဟ္မဏဆရာကြီးတို့ သိုက်သိုက်ဝန်းဝန်းရှိနေကြချိန်တွင်ပင် တောဒေယျသည် အစာအဟာရ မပြည့်ဝသော ရောဂါ၊အစာမကြေသောရောဂါဖြင့် ကွယ်လွန်၏။ ရောဂါကပ်ရောက်လာသော အခါ နှမြောလွန်းသောကြောင့် ဆရာမခေါ်၊ သင့်လျော်သောဆေးဝါးအာဟာရကိုပင်မစား၊ သေသည်အထိ ကုတ်ကတ်သွား၏။ ကွယ်လွန်သော ပစ္စည်းတွင် ကုတ်ကတ်လွန်းသောဇောဖြင့်အိမ်ရှိ ခွေးမကြီးဝမ်းတွင် ၀င်ရောက်ရာမှ ခွေးကလေးဖြစ်လာ၏။ သူ့တွင် သားတစ်ယောက်ကျန်ရစ်သည်။ သုဘလုလင်ဟုခေါ်၍ ဖခင်၏ပစ္စည်းအမွေကို ဆက်ခံရသည်။ သို့ ရာတွင် လေးဆယ့်ငါးကုဋေမျှသော ပစ္စည်းများအနက် အကုန်လုံးကို ဆက်ခံရသည်မဟုတ်။ အိမ်တွင်းရှိ ပစ္စည်းများကိုသာ ဆက်ခံရခြင်းဖြစ်သည်။ သားကိုပင်မသိစေရအောင် လျှို့ဝှက်စွာမြေတွင်မြှုပ်၍ထားခဲ့သော ပစ္စည်းမြောက်များစွာကျန်သေး၏။ သုဘလုလင်အဖို့ ယင်းပစ္စည်းများရှိသည်ကိုအမျိုးအမည်၊အရေအတွက်နှင့်တကွ သိရှိသော်လည်း၊ မည်သည့်နေရာတွင် မြှုပ်နှံခဲ့သည်ကို မသိ၍ လက်လွှတ်ထားရသည်။ သုဘလုလင်သည် ခွေးချစ်တတ်သူဖြစ်၏။ အိမ်ရှိခွေးမကြီးမှ တောဒေယျ တဖြစ်လဲ၊ ခွေးကလေးပေါက်ဖွား လာသောအခါ ယင်းခွေးကလေးကို ပို၍ချစ်သည်။ တယုတယမွေးမြူသည်။ အိပ်ရာနေရာကောင်းတွင်ထား၍ အစာကောင်းများကို ကျွေးမွေးကာ အိပ်သည့်အခါမှာပင် မိမိအိပ်ရာအနီး၌အိပ်စေသည်။ ပုဗ္ဗေ၀ သန္နီဝါသေန ရှေးရေစက်အရ ဖခင်ဖြစ်ခဲ့ဖူးသောအကြောင်းကြောင့်ပင်ဖြစ်၏။ သို့ရာတွင် ထိုအကြောင်းကို ကား သုဘလုလင်မသိ။ သုဘလုလင်ကား ဖခင်ကဲ့သို့ ပစ္စည်းတွင် ကုတ်ကပ်တတ်သူမဟုတ်၊ ဖွံ့ဖွံ့ဖြိုးဖြိုးမပေးလှူသော်လည်း၊ နေ့စဉ်နံနက်တိုင်း အိမ်ရှေ့သို့ ဆွမ်းခံကြွလာလေ့ရှိသော သံဃာတော်များကို ဆွမ်းလောင်းသည်။ သံဃာ တော်များအိမ်ရှေ့သို့ ရောက်လာသည်ဆိုလျှင် သံဃာတော်များသို့ ခွေးကလေးကပုံမှန်မပျက် ဟိန်း ဟောင်သည်။ တောဒေယျဘ၀တွင် နှမြောတွန့်တိုခဲ့သူဖြစ်၍ ခွေးဘ၀တွင်လည်း အရှိန်အဟုန်ပါလာကာ မိမိ ပစ္စည်းများပေးလှူစွန့်ကြဲနေသည်ကို မလိုလားသော သဘောဖြင့် ဟိန်းဟောင်ခြင်းဖြစ်သည်။ ဤခွေးက လေးဟိန်းဟောင်ခြင်းမှာ သံဃာတော်များအဖို့ရိုး၍ပင် နေပေပြီ။ ခွေးကလေးဘ၀မှ ခွေးကြီးဘ၀သို့ပင် ရောက်၍လာခဲ့ပေပြီ။ တစ်နေ့တွင် သုဘလုလင် ခရီးဝေးထွက်ခိုက် မိမိခွေးကိုပုံစံမပျက်၊ ဂရုစိုက်ကြရန် အိမ်သားများသို့မှာကြား ခဲ့သည်။ နောက်နေ့တွင် ဘုရှားရှင်သည် သံဃာတန်းကြီးကိုဦးဆောင်ကာ မြို့တွင်းသို့ဆွမ်းခံထွက်ကြွလာ ခိုက်၊ သုဘလုလင်အိမ်ရှေ့သို့ရောက်သောအခါ ခွေးက ခါတိုင်းထက် လွန်ကဲ၍ ဘုရားရှင်ရှေ့တော်သို့ အရောက်လာကာ သည်းသည်းမဲမဲ ဟိန်းဟောင်လေတော့သည်။ ဘုရားရှင်သည် အလှူခံရဟန်းတို့၏ ခေါင်းဆောင် ဂိုဏ်းဆရာကြီးမဟုတ်ပါလော။ ဘုရားရှင်ကိုပြုစားဆွဲဆောင်တတ်သော စုန်းကြီးဟု ဆန့်ကျင်ဘက်ဂိုဏ်းသားအချို့တို့က ပြောဆိုစွပ်စွဲကြ ၏။ အကြောင်းမှာ သူ့အနားသို့ချဉ်းကပ်လိုက်လျှင်သူ့ဘက်ပါသွားသည်။ သာမန်ပုဂ္ဂိုလ်မဆိုထားဘိ၊ ထိပ်သီး ပညာရှင်များဖြစ်ကြသော ဗြဟ္မဏဆရာကြီးများပင် တစ်ဦးပြီးတစ်ဦး သူ့ဘက်သို့ရောက်သွားကြသည်။ သူ့ တရားကိုနာယူကြသည်။ သူ့သြ၀ါဒကိုခံသည်။ ပြီးတော့ သူ့ကိုသွန်၍ လှူကြသည်။ ဤအကြောင်းကိုသိသော တောဒေယျသည် ဘုရားရှင်၏အကပ်ကိုမခံ၊ အဝေးကရှောင်သည်။ သူ့ကိုကပ်မိ၍ သူပြုစားမှုကိုခံရလျှင် ပေးလှူမိမည်ကိုစိုးသည်။ ယခုသော် သူသည် ယင်းဂိုဏ်းဆရာကြီးကိုယ်တိုင် မိမိ အိမ်ရှေ့သို့ရောက်၍ မိမိ၏ ဆွမ်းပစ္စည်းများအလှူခံနေပြီကို တွေ့နေရပြီမဟုတ်ပါလော။ ထို့ကြောင့် အခါတိုင်း ရဟန်းသံဃာများကိုဟောင်သလို၊ အဝေးမှမဟုတ်ပဲ ဘုရားရှင်ရှေ့တူရူသို့ပင် လာ ရောက်ကာ သည်းသည်းမဲမဲ ဟိန်းဟောင်လေတော့သည်။ ထိုအခိုက် ဘုရားရှင်နှုတ်တော်မှ ထူးခြားသော မိန့်ခွန်းတစ်ရပ်ထွက်ပေါ်လာသည်ကို ဆွမ်းလောင်းသူများနှင့် အနီးပတ်ဝန်းကျင်အားလုံးပင် အံ့သြစွာ ကြားလိုက်ရ၏။ မိန့်ခွန်းမှာ ဘုရားရှင်ကဟိန်းဟောင်နေသောခွေးကိုကြည့်၍ " ဟဲ့ - တောဒေယျ၊ သင်သည်တွန့်တိုမှုကြောင့် ဆုတ်နစ်သောခွေးဘ၀သို့ရောက်နေရပါလျက်နှင့်ပင် သတိ သံဝေဂမရသေးသလော " ဟူ၏။ ဤမိန့်ခွန်းတွင်ထူးခြားဟန်ကား၊ ဤအိမ်၏အကြီးအကဲဖြစ်ခဲ့သော ဘုရင့်အကိုးကွယ်ခံ ပညာရှင်ဗြဟ္မဏကြီး တောဒေယျကို အများမြင်နေရသော ခွေးဘ၀ရောက်နေသူဟု စွပ်စွဲမိန့်ဆိုလိုက်ခြင်းပင်ဖြစ်၏။ ထို့ထက်ထူးခြားဟန်ကား၊ ယင်းသို့ဘုရားရှင်က မိန့်ဆိုလိုက်သည်နှင့်တပြိုင်နက် ခွေးသည် နှာယောင်ကို ပြင်းထန်စွာဖြတ်၍ အရိုက်ခံလိုက်ရသကဲ့သို့ အဟိန်းအဟောက်ရပ်စဲကာ တအီအီအော်မြည်ပြေးသွားရင်း အိမ်အပြင်တွင် ရေနွေးပူဖြင့်အလောင်းခံရသကဲ့သို့ လူးလှိမ့်နေခြင်းပင်ဖြစ်ပေသည်။ ဘုရားရှင်နှင့်သံဃာတော်များသည် ဆွမ်းခံလမ်းအတိုင်းကြွသွားတော်မူကြ၏။ အိမ်သားများနှင့်တွေ့မြင် သမျှလူများ ဆူညံဗြုတ်သိုက်နှင့်ပြောဆိုကျန်ရစ်ကြသည်။ ခွေးကို ဘုရားရှင်က မိမိတို့ သခင်ဆရာကြီးအဖြစ် စွပ်စွဲလိုက်ပုံမှာ အံ့သြဖို့ကောင်းသည်။ မခံချင်စရာလည်းကောင်းသည်။ သို့သော် ဟုတ်မှန်လေသလောဟု လည်း သံသယရှိကြသည်။ အကြောင်းမှ ဘုရားရှင်က စွပ်စွဲလိုက်သည်နှင့်တစ်ပြိုင်နက် ခွေးသည် အော်မြည် တွန့်ဆုတ်သွားကာ လူးလှိမ့်၍ပင်နေသည်။ ဤမျှမက ဤအချိန်မှစ၍ ခွေးသည် အစာမစား၊ အိပ်ရာနေရာကောင်းတွင်မနေတော့ပဲ မချမ်းသာသော အမူအရာဖြင့် အိမ်အပြင်တွင်သာ တလူးလူး၊တလှိမ့်လှိမ့် ဖြစ်နေတော့သည်။ မှန်၏။ ဘုရားရှင်က တောဒေ ယျတဖြစ်လဲ ခွေး၏အသိကို တန်ခိုးတော်ဖြင့် နှိုးဆွပေးခဲ့ခြင်းဖြစ်ပေရာ ပညာရှိကြီး၊ သူဋ္ဌေးကြီး၊ ဂုဏ်ကြီးရှင် ဘ၀မှ ခွေးဘ၀ရောက်လာရသည်ကို သိလာသော ခွေးအဖို့ စိတ်ဝေဒနာ ခံစားနေရခြင်းဖြစ်ပေသည်။ နောက်တစ်နေ့တွင် သုလလုလင်ပြန်ရောက်လာသည်နှင့်တပြိုင်နက် သူချစ်သောခွေးကိုကြည့်ကာ မချမ်း မသာဖြစ်နေသည်ကိုတွေ့ရ၍ ခွေးသတင်းကိုမေး၏။ အိမ်သားများက ဖြစ်ရပ်အစုံကိုပြောပြ၍ ကြားရသော အခါ ပထမသော် အံ့အားသင့်၏။ ထို့နောက်တွင်မူ ဒေါသထွက်သည်။ ပညာရှင် ဖခင်တစ်ယောက်လုံးကို ခွေးဖြစ်နေသည်ဟု အပြောခံရခြင်းမှာ ဒေါသထွက်ဖွယ်ရာပင် မဟုတ်ပါလား။ ရှင်ဂေါတမသည် သူ့ကို ဟောင်၍ ရှုတ်ချပြောဆိုခြင်းသာဖြစ်ပေလိမ့်မည်။ အဘယ် အထောက်အထားဖြင့်ပြောဆိုနိုင်ပါသနည်း။
ယခုပင်သွား၍ ရှင်ဂေါတမကိုတွေ့မည်။ ရဟန်းဖြစ်ပါလျက် ခွေးဟောင်သည်ကိုမျှပင် သည်းမခံနိုင်သည်ကို ရှုတ်ချမည်။ စကားတုံ့ဖြင့်လက်စားချေမည်။ သို့နှင့်ဆိုင်းငံ့၍ပင် မနေတော့ပဲ ဇေတ၀န်ကျောင်းတော်သို့ အသော့ထွက်လာခဲ့သည်။ ကျောင်းတော်တွင်ဘုရားရှင်ကို အသင့်ပင်တွေ့ရ၏။ ကျွတ်ထိုက်သောသတ္တ၀ါတို့အား ပရိယာယ်အဖုံဖုံ၊ ဓမ္မ မျိုးစုံဖြင့် ကွယ်ချွတ်ခြင်းမှာ ဘုရားရှင်၏အဓိကတာဝန်တော်တစ်ရပ်ပင်ဖြစ်ပေ၏။ သုဘလုလင်၏အိမ်တွင် ပရိယာယ်ကွန်ယက်တစ်မျိုးဖြင့်ဖြန့်ချထားခဲ့သည်မှာ ပိုက်ကွန်အတွင်းသို့ဝင်ရောက်၍လာပေပြီ။ ကယ်ချွတ် ပုံပရိယာယ်အမျိုးစုံရှိခဲ့ရာ၌ ယခုကွန်ယက်မှာ အတန်ပင်ဆန်းကြယ်၏။ ဆန်းကြယ်ပုံကိုမကြာမီပင်တွေ့ရ ပေတော့မည်။ ဘုရားရှင်ကို အသင့်တွေ့ရသောအခါ မခံချင်စိတ်ဒေါသဖြင့် ရောက်လာသော သုဘက " ရှင်ဂေါတမ။ ။ ရှင်ဂေါတမသည် တပည့်တော်၏ဖခင်ကို ခွေးဖြစ်နေတော့သယောင်ဖြင့် အိမ်ကခွေးကို တောဒေယျဟု စွပ်စွဲခေါ်ဝေါ်ခဲ့သည်ဟုပြောကြပါသည်။ မှန်ပါသလော" " မှန်ပေ၏ သုဘ " " ရှင်ဂေါတမသည်..ရဟန်းဖြစ်ပါလျက် ခွေးဟောင်သည်ကိုမျှ သည်းမခံနိုင်တော့ပြီလော။ ခွေးဟောင်သည် ကိုမျှကို မဟုတ်မမှန်စကားဖြင့် တုန့်ပြန်ရသလော....အရှင်ဂေါတမ " " သုဘ၊ ငါသည် ဟုတ်မှန်သည့်အတိုင်းပင်ပြောဆိုပေသည်။ သင့်ခွေးသည် သင့်ဖခင်တစ်ဖြစ်လဲ တောဒေ ယျပင်ဖြစ်ပေ၏ " " အလို - စွပ်စွဲပုံကဖြင့် ရဲရင့်လှပါပေ၏။ ဤမျှဖြင့်ယုံရတော့မည်လော၊ ပညာရှိမည်သည် ယုံလောက်အောင် အထောက်အထားဖြင့်သာပြောကြားရပါသည်။ အရှင်ဂေါတမက အဘယ်အထောက်အထားဖြင့် ဤသို့ ပြောကြားနိုင်ပါသနည်း " " ကောင်းပြီ သုဘ၊ သင်ယုံလောက်သော အထောက်အထားကိုပြရပေမည်ပေါ့။ သင့်ဖခင်ကွယ်လွန်သော အခါ အဘယ်မျှသော ဥစ္စာအနှစ်ကျန်ရစ်ခဲ့ပါသနည်း " " လေးဆယ့်ငါးကုဋေမျှဖြစ်ပါသည် " " ဤဥစ္စာအားလုံးကိုပင် အသင်ဆက်ခံရပါ၏လော " " မခံရပါ။ အချို့ပစ္စည်းများကိုသိုဝှက်ထားခဲ့၍ အဘယ်မှာရှိသည်ပင်မသိရပါ။ အတိအကျဆိုတော် အဖိုး တစ်သိန်းထိုက်သော ရွှေပန်းခိုင်တစ်ခု၊ အဖိုးတစ်သိန်းထိုက်သောရွှေခြေနင်းတစ်ခု၊ အဖိုးတစ်သိန်းထိုက် သော ရွှေခွက်တစ်ခုနှင့် ကဟာပဏငွေဒင်္ဂါးတစ်သိန်းတို့ဖြစ်ကြပါသည် " " ဤသည်တို့ကို သင်ရယူလိုသလော " " ရယူလိုပါသည်၊ ရယူလို၍ နေရာအနှံ့ရှာဖွေပြီးပါပြီ။ ဘယ်နေရာမှာမှမတွေ့ရပါ " " ကောင်းပြီ သုဘ။ ဤပစ္စည်းများရှာဖွေတွေ့ရှိနိုင်သော နည်းလမ်းကိုငါပေးလိုက်မည်။ အိမ်ပြန်ရောက် သောအခါ သင့်ခွေးကို အချိုရောသော ဃဏာနို့ထမင်းကိုရေနည်းနည်းဖြင့် ခပ်ပျော့ပျော့ချက်၍ကျွေးပါ။ နှလုံးပူပန်မှုကြောင့် အစာမစားသောသင့်ခွေးကစားပါလိမ့်မည်။ စားပြီးလျှင် အစာဆီတက်၍ မှန်းငိုက်လိမ့် မည်။ ယင်းသို့ နိုးတစ်ဝက်မှိန်းငိုက်စဉ်တွင် ဤပစ္စည်းများအဘယ်မှာ လျှို့ဝှက်ထားခဲ့သည်ကို မေးပါ၊ ဖွင့်ပြောပါလိမ့်မည် " " ခွေးကလူစကားပြောမည်ဟု ဆိုပါသလား ရှင်ဂေါတမ " " ငါညွှန်ကြားသည့်အတိုင်းသာလုပ်ပါ။ မေတ္တာဖြင့် ချိုချိုသာသာမေးပါ၊ ပြောပါလိမ့်မည် " " ယခုပင် ပြန်၍ပြုလုပ်ပါမည်" သုဘက ဘုရားရှင်၏မျက်နှာတော်ကို မယုံတစ်ဝက်၊ ယုံတစ်ဝက်ဖြင့်ကြည့်သည်။ ထိုအခါ တည်ငြိမ်ကြည် လင်သော မျက်နှာတော်ကိုဖူးတွေ့ရ၏။ ထူးဆန်း ပေစွ။ သို့သော် ယနေ့ပင် အဖြူအမည်းသဲကွဲပေတော့ မည်မဟုတ်ပါလော။ အလာတုန်းကလောက် သုဘမခက်ထန်၊ ဘုရားရှင်ကို ရှိမခိုးသော်လည်း၊ ခါးကလေးယို့၍ ထပြန်လာသည်။ မမှန်ကိစ္စတွင် ကိမိကိုယ်ကျိုးပါနေပြီမဟုတ်ပါလော။ မှန်လျှင်ပျောက်နေသော ဥစ္စာထုပ်တွေပေါ်လာမည် ကြောင့် မိမိကိုယ်ကျိုးရှိမည်။ မမှန်လျှင် ရှင်ဂေါတမကို မုသာဝါဒဖြင့် ပြန်၍ စွပ်စွဲရမည်။ ခွေးကလူစကားပြောမည်ဆိုသည်မှာ မှန်ခဲ့သော် အံ့ဘနန်းပင်ဖြစ်၏။ သို့သော် ရှင်ဂေါတမကို စုန်းကြီးဟု မလိုသူတို့က တိတ်တခိုးပြောကြသည်။ နှစ်လိုသူ၊ကြည်ညိုသူတို့ကမူ တရားအားလုံးကိုသိသူ၊ ကာလသုံးပါး ကိုသိသူ၊ သဗ္ဗညုတရွှေဉာဏ်ရှင်အဖြစ်ချီးကျူးကိုးကွယ်ကြသည်။ မိမိဖခင်က မကိုးကွယ်ခဲ့သော်လည်း ပညာရှိကြီးအားလုံးလိုလိုနှင့် ဘုရင်မင်းမြတ်ကိုယ်တိုင်ပင် ကိုးကွယ်လျက်ရှိပေပြီ။ ယခုကိစ္စတွင် သဗ္ဗညုတ ဟုတ်/မဟုတ် ကိုဒိဋ္ဌသိရပေတော့အံ့။ အိမ်ပြန်ရောက်သော် ခွေးသည် ခွေးကတက်၌နွမ်းလျော့စွာလှဲလျောင်းနေသည်ကိုတွေ့ရ၏။ မိမိပြန်လာချိန် တွင် ခွေးကိုနေရာကောင်းသို့ရွှေ့၍ သိပ်ခဲ့သော်လည်းမနေ၊ ခွေးကတက်တွင်သာ မချမ်းမသာဖြင့် မိမိနှင့် ခွာနေသည်။ အစာကိုလည်း ကောင်းစွာမစားတော့၍ ဤအချက်ပင် ထူးခြားလျက်ရှိနေ၏။
ဘုရားရှင်မိန့်မှာလိုက်သည့်အတိုင်း အိမ်သားများကို ထမင်းပျော့ပျော့တွင် တင်လဲထည့်၍ အချက်ခိုင်းသည်။ ထမင်းအသင့်ဖြစ်သော မိမိကိုယ်တိုင်ပင် ခွက်တစ်ခုတွင် ထည့်၍အိပ်နေသော ခွေးကိုနှိုးကာချော့မော့ ကျွေးသည်။ ခွေးသည် အားရ၀မ်းသာ ထလာ၍စားသည်ကိုတွေ့ရ၏. ထမင်းကုန်သော် အိပ်ရာတွင်ပင် ပြန်၍လှဲသည်။ ခွေးသည် ထမင်းဆီကြောင့် သမ်းဝေကာ ပြန်၍အိပ်ရန် ဟန်ပြန်၏။ ထိုအချိန်သည်ပင် ဘုရား ရှင်မှာကြားလိုက်သော အိပ်တစ်ဝက်၊နှိုးတစ်ဝက် မျောက်မျဉ်းအိပ်ပျော်ချိန်ဖြစ်ပေ၏။ မေးဖို့သာကျန်တော့ သည်။ " အို..ဖခင်၊ ဖခင်သည် ကွယ်လွန်သောအခါ သားတို့မသိပဲ လျှို့ဝှက်သိမ်းဆည်းထားခဲ့သော ပစ္စည်းအများ ကျန်ရှိနေပါသေးသည်။ ထိုဥစ္စာတို့ကို ထုတ်ဖော်ပြောကြားပါလော့ " အိမ်သားများသည် ကျောင်းတော်မှပြန်လာစကပင် အရေးကြီးလာဟန်တူသော သုဘလုလင်၏ အပြုအမူ များကို အကဲခတ်စောင့်ကြည့်နေကြ၏။ ယခုခွေးအား ဖခင်ဟု ခေါ်ဝေါ်ကာ စကားပြောသည်ကိုတွေ့ရ သောအခါအံ့အားသင့်ကြ၏။ သို့သော် ထိုထက်အံ့သားသင့်ကြရသည်မှာကား၊ ခွေးက မျောက်မျဉ်းလဲ လျောင်းနေရာမှ " ငါ့သားသုဘ၊ ရွှေပန်းခိုင်၊ရွှေခြေနင်းစသော ရွှေပစ္စည်းများကို ခြံထောင်ရှိအရှေ့ဘက်ညောင်ပင်ရင်းတွင် မြှုပ်နှံ၍ထားသည်။ ကဟာပဏဒင်္ဂါးများကိုတော့ ရေသွန်ရာအောက်တွင်မြှုပ်ထားသည်၊ တူးဖော်ယူပေတော့ " ဟု တောဒေယျ၏ အသံယောင်ယောင်ဖြင့် ပြောလိုက်သည်ကို ကြားရသောကြောင့်ပင်ဖြစ်ပေ၏။ သုဘက အခြားစကားများကို ပြောလိုမေးလိုပေသေးသည်။ သို့သော လိုရင်းကိုသာပြော၍ ခွေးအသံတိတ် ကာအိပ်ပျော်သွားသည်။ လိုရင်းကိစ္စပြီးပြီမဟုတ်ပါလော။ ဤကိစ္စသည် ဘုရားရှင်အဖို့ သတ္တ၀ါတစ်ဦးကို ကယ်ချွတ်ရန်အတွက်လိုအပ်သည့်အခါမှ ရှားရှားပါးပါး အသုံး ပြုလေ့ရှိသော ၀ိဇ္ဇာမဟိဒ္ဓိတန်ခိုးတော်အရာပင်ဖြစ်၏။ လူသာမန်တို့အဖို့ အံ့ဘနန်းဖြစ်သော်လည်း တန်ခိုး အရာတွင် ဘက်စုံပြည့် ဘုရားရဟန္တာများအဖို့ သာမန်လောကီ တန်ခိုးတစ်ခုမျှဖြစ်သည်။ အလားတူ ရှားရှားပါးပါးတန်းခိုးတစ်ရပ်ကို ဘုရားရှင်၏ အလုပ်အကျွေးရဟန်းတစ်ပါးဖြစ်သော၊ သုနက္ခတ်ကို ဆုံးမရာ၌ အသုံးပြုခဲ့ဖူးသည်။ ခွေးအကျင့်ကို ကျင့်သော ကောရခတ္တိယ ဆရာကြီးကွယ်လွန်ရာ၌ လူသေ ကောင်မှထ၍ စကားပြောစေခဲ့ခြင်းဖြစ်ပေသည်။ (ဗုဒ္ဓစာပန်းချီ 'ခွေးအကျင့်နွားအကျင့်'၀တ္ထု) ပုပ်ပွနေသော လူသေကောင်မှပင်ထ၍ စကားပြောစေနိုင်ခဲ့သော် ၊ အသက်ထင်ရှားရှိနေသောခွေးအား စကား ပြောစေဖို့မှာ ခက်ခဲသောအရာမဟုတ်တော့ဟု နှိုင်းယှဉ်ယူဆနိုင်သည်။ ခွေးတောဒေယျပြောသည့်နေရာများတွင် တူးဖော်လိုက်သောအခါ ပျောက်ဆုံးနေသော ပစ္စည်းအားလုံးရရှိ သည်။ ဘုရားရှင်သည် ဧကန္တ သဗ္ဗညုတရွှေဉာဏ်ရှင်ဖြစ်ပါပေသည် ဟုဘ၀င်ကျသွားပြီဖြစ်၏။ မပေးရက်၊ မလှူရက်ရုံမျှမက မိမိစားသုံးဖို့အတွက်ပင် တွန့်တိုနေလွန်း၍ ခွေးဘ၀ရောက်နေသော ဖခင်ခွေးကိုကြည့်၍ လည်း သုဘလုလင် သံဝေဂကြီးစွာရသည်။ ထို့ကြောင့် ဘုရားရှင်၏ သဗ္ဗညုတရွှေဉာဏ်တော်နှင့် တန်ခိုးတော်ကိုကြည်ညိုဝန်ခံရန်အတွက် နောက်နေ့ နံနက်စောစောတွင် ကျောင်းတော်သို့သွားသည်။ ဤတစ်ကြိမ်သွားရာ၌မူ ဒေါသဗျာပါဒဖြင့်သွားခြင်း မဟုတ်၊ အနူးအညွတ်သွားခြင်းဖြစ်သည်။
စင်စစ်သုဘလုလင်သည် တွေးခေါ်စဉ်းစားလေ့ရှိသူဖြစ်၏။ တွေးခေါ်စဉ်းစားရင်းဖြင့် သူ့တွင်ဘ၀င်မကျနိုင် သော အချက်များရှိနေခဲ့သည်။ ယင်းအချက်များကိုလည်း သဗ္ဗညုတရွှေဉာဏ်သခင်ဖြစ်သော ဘုရားရှင် သည်သိမည်သာဖြစ်၍ အခွင့်သာခဲ့ပါသော် မေးလျှောက်လိုသော ဆန္ဒတစ်ရပ်လည်းရှိနေသည်။ ဂန္ဓကုဋိတွင် ဘုရားရှင်ကို အဆင်သင့်ပင်ဖူးတွေ့ရ၏။ " အရှင်မြတ်ဘုရား၊ အရှင်မြတ်မိန့်ကြားတော်မူသည့်အတိုင်းမှန်ကန်လှပါသည်။ ပစ္စည်းအားလုံးကို ခွေးက ပြော၍ တူးဖော်ရရှိပါပြီ ဘုရား " " သုဘ၊ သို့ဆိုလျှင် ဤကိစ္စပြီးပြတ်လေပြီ " " အရှင်မြတ်ဘုရား၊ တပည့်တော်သိလိုသည့်အခြားအချက်များရှိပါသေး၍ မေးလျှောက်ခွင့်ပြုတော်မူပါ ဘုရား" ဘုရားရှင်က ဆိတ်ဆိတ်နေ၍ မေးလျှောက်ခွင့်ပြုသည်။ " အရှင်မြတ်ဘုရား၊ ဤလောက၌ လူချင်းတူပါလျက် အချို့ကအသက်တိုပြီး၊ အချို့ကအသက်ရှည်ကြပါ သည်၊ အဘယ်ကြောင့်ပါနည်းဘုရား" " သုဘ၊ သူတစ်ပါးအသက်ကို သတ်ဖြတ်သောသူက အသက်တို၍ သူတစ်ပါးအသက်ကို သတ်ဖြတ်မှုမှ ရှောင်ကြဉ်သောသူက အသက်ရှည်သည် " (သူ့ကိုသတ်ဖြတ်၊ သက်တိုတတ်၊ မသတ်အသက်ရှည်) " အချို့မှာ အနာရောဂါများ၍ အချို့မှာ ကျန်းမာအသက်ရှည်ကြပါသည်။ အဘယ်ကြောင့်ပါနည်း" " သုဘ၊ သူတစ်ပါးကို ညှဉ်းဆဲသူမှာ အနာများ၍ ရှောင်ကြဉ်သူမှာရောဂါများကင်းစင်သည်" (ညှဉ်းဆဲသူအား၊ အနာများ၊ သနားကျန်းမာသည်) " အချို့မှာ အရုပ်ဆိုး အကျဉ်းတန်ပြီး၊ အချို့မှာ လှပကြသည်မှာအဘယ်ကြောင့်ပါနည်းဘုရား " " ဒေါသကြီးသူများ အကျဉ်းတန်၍ သည်းခံတတ်သူတို့ လှပကြသည် " (ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်) "အချို့မှာ ခြွေရံနည်းပါးလှ၍ အချို့ခြွေရံများကြသည်မှာ အဘယ်ကြောင့်ပါနည်းဘုရား " " မနာလိုမှု ဣဿာပွားသူမှာ ခြွေရံနည်း၍၊ ကြည်သာသဒ္ဓါရှိသူမှာ ခြွေရံများသည် " (မနာလိုမှာ ခြွေရံကွာ၊ ကြည်သာခြွေရံစည်) " အချို့မှာ ဥစ္စာဓနမွဲပြာကျ၍ အချို့ကြွယ်ဝကြသည်မှာ အဘယ်ကြောင့်ပါနည်း ဘုရား " " မပေးလှူသူတို့ မွဲပြာကျ၍ ပေးကမ်းစွန့်ကြဲသူတို့ ကြွယ်ဝကြသည် " (မပေးလှူက မွဲပြာကျ၊ လှူမှပေါကြွယ်မည်) "အချို့ကအမျိုးယုတ်၍ အချို့ကအမျိုးမြတ်ကြသည်မှာ အဘယ်ကြောင့်ပါနည်းဘုရား" " မိဘ၊ဆရာနှင့်သက်ကြီးဝါကြီးတို့အား မရိုသေ၊မလေးစား၊ ဂါရ၀တရားမထားသူတို့ အမျိုးယုတ်၍၊ ရိုသေနှိမ် ချ၊ နိဝါတထားသူတို့ အမျိုးမြတ်ကြသည် " (မရိုမသေ မျိုးယုတ်ချေ၊ ရိုသေမျိုးမြတ်မည်) " အချို့ဉာဏ်ပညာနည်း၍ ၊ အချို့ဉာဏ်ပညာကြီးကြသည်မှာ အဘယ်ကြောင့်ပါနည်းဘုရား " " မေးမြန်းလေ့လာမှု မရှိသူတို့ ဉာဏ်နည်း၍၊ မေးမြန်းလေ့လာဝိမံသာရှိသူတို့ ဉာဏ်ကြီးကြသည် " ( မမေးမမြန်း ဉာဏ်မြင်ကန်း၊ စုံစမ်းဉာဏ်ကြီးမည် ) " အရှင်မြတ်ဘုရား၊ တရားတော်ကိုကြားနာရသည်မှာ ကောင်းမြတ်လှပါချည့်ဘုရား၊ တပည့်တော်အား ယနေ့မှစ၍ အရှင်မြတ်နှင့်တရားတော်၊ သံဃာတော်တို့အား ကိုးကွယ်သော ဥပါသကာအဖြစ်မှတ်ယူ တော်မူပါဘုရား " သုဘလုလင်သည် သရဏဂုံသုံးပါးခံယူ၍ သမ္မာဒိဋ္ဌိဘာသာဝင်ပီပီပြင်ပြင်ဖြစ်လာ၏။ ဘုရားရှင် ပရိနိဗ္ဗာန်စံ တော်မူပြီးနောက် အရှင်အာနန္ဒာထံမှ စူဠသီလ၊ မဇ္ဈိမသီလ၊ မဟာသီလတည်းဟူသော သီလ၊ သမာဓိ၊ ပညာအထက်တန်းတရားဒေသနာများကိုကြားနာရသောအခါ ပို၍ ရင့်ကျက်လာတော့သတည်း။
**ငွေဥဒေါင်း**
စာရေးဆရာ ငွေဥဒေါင်း၏ ဗုဒ္ဓစာပန်းချီ၊အတွဲ(၅)မှ " တွန့်တိုသူ" ဆိုသော ၀တ္ထုအား ပြန်လည်ရိုက်နှိပ် ဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးပေါင်းသတ်ပုံမှားယွင်းပါက..မူရင်းစာရေးဆရာကြောင့်မဟုတ်ပဲ၊ ကျွန်ပ်၏ အမှားသာဖြစ်ပါမည်။
အားလုံးကိုချစ်ခင်လေးစားစွာဖြင့်
**တွတ်တွတ်**

No comments:
Post a Comment