-“ခိုးရာပါပစ္စည်း လက်ခံသူမှာလည်း အပြစ်ရှိတယ်”..
ဒီအငြင်းအခုံပွဲမှာ အဆိုသမားတွေက ခရိုနီတွေဆီက အကူအညီအထောက်အပံ့
မယူသင့်ဘူးဆိုတာနဲ့  ဒီဘိတ်ကို စဖွင့်ခဲ့ပါတယ်။ အချေသမားတွေကတော့
ပြန်ချေပရာမှာ သုံးပိုင်းကွဲနေပါတယ်။ အယဉ်ကျေးဆုံးနဲ့  နားဝင်အချိုဆုံး
လက်ခံစဉ်းစားဖို့  အနီးစပ်ဆုံးအချေတစ်ခုကတော့ ခရိုနီတိုင်းဟာ
မကောင်းတာမဟုတ်ဘူး။ သူတို့ ကိုခွဲပြီး ကြည့်ရမယ်။ သူတို့ ဘယ်လိုချမ်းသာ
လာသလဲဆိုတာ ကြည့်ရမယ်ဆိုတဲ့ ပြောဆိုချေပချက်ပါ။ အဲဒီလောက်အဆင့်
မရှိတဲ့ချေပချက်ကတော့ ခရိုနီတွေဆီက အကူအညီအထောက်အပံ့ မယူသင့်ဘူး
လို့ ပြောဆိုဝေဖန်တဲ့သူတွေဟာ အဲဒီခရိုနီတွေလိုပေးနိုင်ရဲ့ လားဆိုတဲ့ ချေပချက်ပါ။
အဆိုးဆုံးနဲ့ အဆင့်မရှိဆုံးချေပချက်ကတော့ ဒီလိုဝေဖန်တဲ့သူတွေဟာ
ဒေါ်အောင်ဆန်းစုကြည်ကိုဆန့် ကျင်နေတာ၊ အဲဒီလိုဝေဖန်ရအောင် ဒေါ်စုလို
အရည်အချင်းရှိလို့ လား၊ ငါတို့ ကတော့ အမေစုဘာလုပ်လုပ် ထောက်ခံတယ်ဆိုပြီး
အငြင်းအခုံကိစ္စအပေါ်မှာ ပြန်လှန်ဝေဖန်ဆွေးနွေးနိုင်ဖို့  အရည်အချင်းမရှိတဲ့
အတွက် ဆီလျော်တဲ့အချက်တွေနဲ့ မချေပဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD
ဆိုင်းဘုတ်ကို ဒိုင်းသဖွယ်အကာအကွယ်ယူ ပြောဆိုချေပကြတဲ့သူတွေပါ။
တစ်ဖက်က အဆိုသမားတွေက အဲဒီလိုကာကွယ်တဲ့ဒိုင်းတွေကိုပါ တိုက်ခိုက်ရင်
NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မကောင်းပါဘူး။
ခရိုနီဆိုတာ အစိုးရနဲ့ ပေါင်းပြီး ကြီးပွားချမ်းသာလာတဲ့သူလို့  အားလုံးကသိရှိ
နားလည်ထားပါတယ်။ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုအောက်မှာ အဲဒီအာဏာရှင်နဲ့ 
ပူးပေါင်းပြီး မိမိကြီးပွားချမ်းသာရေးတစ်ခုတည်းကြည့်တတ်တဲ့လူတွေရဲ့ 
ကိုယ်ကျင့်တရားဟာ ဘယ်လိုရှိမယ်ဆိုတာ အားလုံးနားလည်ပြီးသားပါ။
ဒါကြောင့် ခရိုနီထဲမှာ ကောင်းတဲ့ခရိုနီရှိတယ်။ ရိုးရိုးသားသား ကြိုးစားပြီး
ကြီးပွားချမ်းသာလာတဲ့သူရှိတယ်လို့  ဘယ်လိုမှလက်ခံလို့ မရပါဘူး။ခရိုနီတွေကိုခွဲပြီးကြည့်ရမယ်ဆိုရင်လည်း အာဏာရှင်နဲ့ ဘယ်လောက် နီးနီးကပ်ကပ်ဆက်ဆံခဲ့သလဲဆိုတဲ့ ပေတံနဲ့ ဘဲ တိုင်းတာခွဲကြည့်လို့  ရပါမယ်။ ဒီခရိုနီကတော့ အာဏာရှင်နဲ့ အတော်လေး ရင်းရင်းနှီးနှီး ရှိတဲ့အတွက် အတော်လေးချမ်းသာတယ်။ ဟိုခရိုနီကတော့ သူ့ လောက်မရင်းနှီးတဲ့အတွက် သူ့ လောက်အခွင့်အရေးမရဘဲ သူ့ လောက်မချမ်းသာဘူးဆိုတာလောက်ဘဲ ခွဲခြားကြည့်လို့ ရပါလိမ့်မယ်။ ခရိုနီတွေ ဘယ်လိုကြောင့်ဒီလောက်ချမ်းသာလာသလဲဆိုတာကို နောက်တစ်နည်းခွဲကြည့်ရရင် တချို့ က ပြည်သူလူထုကို တိုက်ရိုက်မနှိပ်စက်ဘဲ သွယ်ဝိုက်နှိပ်စက်ပြီးချမ်းသာကြတာပါ။ ဘယ်လိုသွယ်ဝိုက်နှိပ်စက်သလဲ ဆိုတော့ တိုင်းပြည်ရဲ့ သယံဇာတတွေကို အာဏာရှင်နဲ့ ဝေစားမျှစားလုပ်ပြီး၊ လျှော့ဈေးနဲ့ ရ အခွန်ရှောင်ပြီး ချမ်းသာကြတာပါ။ ဒီနည်းက ပြည်သူကို တိုက်ရိုက်မထိခိုက်ပေမယ့် သွယ်ဝိုက်ပြီးထိခိုက်ပါတယ်။ တိုင်းပြည်ရဲ့  ဘဏ္ဍာငွေကို အာဏာရှင်နဲ့ ပေါင်းပြီး ခိုးစားတယ်လို့  ပြောလို့ ရပါတယ်။ နောက်တစ်နည်းကတော့ ပြည်သူကိုတိုက်ရိုက်ထိခိုက်တဲ့နည်းပါဘဲ။ ဥပမာ အာဏာရှင်နဲ့ ပေါင်းပြီး လယ်ယာမြေတွေ အိမ်ခြံမြေတွေကို မတရား သိမ်းယူရောင်းချတဲ့နည်းနဲ့  ချမ်းသာလာကြတာကိုဆိုလိုပါတယ်။ ဒီနည်းကတော့ ပြည်သူလူထုဆီက ထမင်းလုတ်ကို အတင်းလုယူ ဓားပြတိုက်တဲ့သဘောပါဘဲ။ သူတို့ ဟာ ငါတို့ ဆီက ဓားပြတိုက်ပြီး ချမ်းသာလာတဲ့သူတွေဖြစ်တယ်ဆိုတဲ့အသိဟာ ပြည်သူလူထုရင်ထဲ နှလုံးထဲမှာ စွဲမြဲနေပါတယ်။ နောင်တစ်ချိန် တရားဓမ္မက ပြန်လည်လွှမ်းမိုးလာတဲ့ တစ်နေ့ မှာ သူတို့ တွေဟာ သူတို့ လုပ်ရပ်အတွက် ပြန်လည်ပေးဆပ်ရမယ်ဆိုတဲ့ ယုံကြည်မှုလည်းရှိနေပါတယ်။ ဒါပေမယ့် ခုလိုသူတို့ ယုံကြည်တဲ့သူ၊ သူတို့  အားထားတဲ့သူတွေက ခရိုနီတွေဆီက အကူအညီအထောက်အပံ့တွေကိုယူပြီး သူတို့ နဲ့ ရင်းရင်းနှီးနှီး ဆက်ဆံပြတဲ့အခါမှာ ပြည်သူလူထုရဲ့ ယုံကြည်မှုဟာ အခြေက ကိုင်လှုပ်ခံရပါတော့တယ်။ ခရိုနီတွေလိုပေးနိုင်လို့ လားဆိုတဲ့စကားကတော့ တာဝန်မဲ့ပြောရာကျပါတယ်။ ခရိုနီတွေရဲ့ နှိပ်စက်ဖိနှိပ်မှုကြောင့် မွဲပြာကျနေတဲ့ပြည်သူလူထုကို စိန်ခေါ်တဲ့ သဘောလည်း သက်ရောက်နေပါတယ်။
ဒီစကားဟာ ခရိုနီတွေဘက်က ပြောင်းတာမဟုတ်ဘဲ ဒီစကားပြောတဲ့သူကသာ ဘက်ပြောင်းသွားတဲ့အဓိပ္ပာယ် သက်ရောက်နေပါတယ်။ အရင်က ပြည်သူ့ ထောက်ခံမှုကိုယူပြီး ပြည်သူကို အကာအကွယ်ပေးနေရာက ခုတော့ ခရိုနိတွေရဲ့ အကူအညီကိုယူပြီး သူတို့ ကို အကာအကွယ်ပေးနေတဲ့သဘောဖြစ်သွားပါတယ်။ ဒီလို တိုင်းပြည် ဘဏ္ဍာတွေနဲ့  ပြည်သူ့ ပိုင်ဆိုင်မှုတွေကို ခိုးဝှက်လုယူပြီး ချမ်းသာလာတဲ့ ခရိုနီတွေကို ကာကွယ်ပေးခြင်းအားဖြင့် ပြည်သူလူထုရဲ့ စာရိတ္တမဏ္ဍိုင်ကို ဖျက်ဆီးရာကျပါတယ်။ လူမိုက်အားပေးလုပ်ရာလည်း ကျပါတယ်။ ခုဆို ပြည်သူတွေထဲမှာ တရားဓမ္မနဲ့ ကိုယ်ကျင့်တရားကို မေးခွန်းထုတ်လာကြပါပြီ။ ဘယ်လိုမတရားမှုမျိုးဘဲလုပ်လုပ်၊ ဘယ်လိုနည်းနဲ့ ဘဲ ချမ်းသာလာလာ ရှက်စရာ ကြောက်စရာမဟုတ်ဘူး။ သြဇာအာဏာရှိတဲ့သူတွေကို ပေးကမ်းထောက်ပံ့ထားမယ်ဆိုရင် သူတို့ ကို အကာအကွယ်ပေးမယ့်သူတွေ တစ်ပုံကြီးလို့  ယူဆနေကြပါပြီ။ ခရိုနီတွေဆီက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အကူအညီယူနေတာကို အချက်နှစ်ချက်ကိုအခြေခံပြီး ကန့် ကွက်ပါတယ်။ ပထမအချက်ကတော့ ခရိုနီတွေဟာ တိုင်းပြည်ဘဏ္ဍာတွေနဲ့  ပြည်သူ့ ပိုင်ဆိုင်မှုတွေကို ခိုးဝှက် လုယူပြီး ချမ်းသာလာတာဖြစ်တဲ့အတွက် သူတို့ ဆီက အကူအညီယူတာဟာ ခိုးရာပါပစ္စည်းကို သိသိကြီးနဲ့  လက်ခံတဲ့သဘော ဖြစ်နေတဲ့အတွက် ကန့် ကွက်ပါတယ်။ နောက်တစ်ချက်ကတော့ ပြည်သူတွေကို စာရိတ္တ ပျက်ယွင်းအောင်၊ မှားယွင်းတဲ့လမ်းကိုလိုက်အောင် လမ်းညွှန်ပေးသလို ဖြစ်နေတဲ့အတွက် ကန့် ကွက်ပါတယ်။ ဒီနေ့ မြန်မာပြည်မှာ ပြည်သူ့ နီတိကို ဘယ်သူတွေ သင်ဖို့ လိုနေသလဲဆိုတာ မေးခွန်းထုတ်စရာပါ။
(ဒေါင်းနီလင်းရဲ့  “ခိုးရာပါပစ္စည်း လက်ခံသူမှာလည်း အပြစ်ရှိတယ်”.. မှ ထုတ်နုတ်ဖော်ပြပါတယ်)
From-Zaw Tun

No comments:
Post a Comment