>
သူ့ကိုတော့ စောစောထဲက မြင်သည်။ မထင်၊ မထင်၍ မခေါ်မိ၊ ထင်စရာကလည်း မြင်ရသည့်သူမှာ သာမန်သာ ဖြစ်သည်။ စန္ဒာ၏ခရမ်းရောင် အိပ်မက်ထဲက သူနှင့်ကား တပုံတခြား၊ ဂဠုန် နဂါး ။ ကြည့်လေ၊ ကန်တော်ကြီးရေကို ခြေစိမ်ကာ မြက်ခင်းပြင်ပေါ် စိမ်ပြေနပြေ ထိုင်နေသည့် လူညိုညို သွယ်သွယ် သေးသေး၊ ဘရာကြော်ထုပ်ကို ဘေးချပြီး ကမ္ဘာကျော် ကျောက်ဆစ် ပန်းပုရုပ် တခုလိုငေးငေးငူငူကြီး၊ ဒါပဲ။
********
စန္ဒာနှင့် ချိန်ထားသည်ကား ကဗျာဆရာ ကိုသင်းထုံ၊ သူ့ကဗျာလေးများ ဖတ်ရသည်မှာ ရှိုက်သံကို ပွေ့ဖက်ရသည်သို့ ရှိသည်.။မျက်ရည်ကို အနံ့ရလာသည်.။ တခါတရံ လောကကို မကျေမနပ် ကျိန်ဆဲသံလေးများ ကြားရသည်။ အဲဒါကိုက စိတ်ဆိုးနေသောနှင်းဆီ ပွင့်ဖတ်ကလေး ခြေဆောင့်နေသည်နှင့်တူသည်။ ခြောက်သွေ့ အက်ကွဲနေသော သူ့ကာရံ ကလေးများသည် ငွေရည်စိမ်ထားသော သီဝေခေါင်မြင့်သည့် တိမ်ပွင့် ကြားထဲက ယိုစီး လျှောကျ လာသလိုဖြင့် ဘွားကနဲ မြစမ်းချောင်း ထဲက ရေပွက်ကလေးများ ပလုံစီ ပေါက်ကွဲရာမှ ခုန်ထွက် မွေးဖွားလာသလို ရှိသည်.။ စန္ဒာက သူ့ကဗျာလေးများကို ဖတ်ရင်း သည်သို့ ကင်ပွန်း တပ်ခဲ့သည်။ ချစ်စရာ နှုတ်ခမ်းလေးများ၊ စန္ဒာရဲ့ ခရမ်းရောင် အိပ်မက် ပန်းတောမှာရော၊ သည် အတောင် ပေါက်နေသည့် ကဗျာလေးများချည်း ဟိုနားသည်ဝဲပျံလို့ပဲ.။နောက်တော့ စန္ဒာ ကဗျာဆရာကို မိတ်ဆက်စာရေးမိသည်။ သည်လိုနှင့် စာတံတား ခင်းမိကြသည်။ ကြာပြီ၊ ခုတော့စန္ဒာက လူုချင်းတွေ့ရန် ဗိုလ်ချုပ်ပန်းခြံသို့ ချိန်းဆိုခဲ့သည်။
-
********
“ကျွန်တော် သင်းထုံ ပါ”
စန္ဒာ ထိုင်နေသော ခုံတန်းနားမှာ လာရပ်၍ သူက သူ့ကိုယ်သူ မိတ်ဆက်လာသည်။ စန္ဒာ အံ့သြမိသည်။စန္ဒာ ထင်နေတာက ကဗျာဆရာဆိုတာ အလှကြိုက်သူ ဖြစ်ရမည်။သူ့ကဗျာလေးတွေက ပိုလှသည်။ မောင်ဝင်းဗိုလ်လေး၏ ကကြိုးလို၊ သူလည်း အနည်းဆုံးမောင်ဝင်းဗိုလ်လောက်တော့ လှလိမ့်မည် ထင်ထားသည်။ ခုတော့၊ ဟင် အရုပ်ဆိုးလိုက်တာဟုတော့ မပြောနိုင်ပါ။ သို့သော် သာမန်မျှသာ ဖြစ်သည်။ ဈေးဒေါင့်မှာ၊ ပလက်ဖောင်းပေါ်မှာ လူတွေထဲက တွေ့နေကျ ရုပ်မျိုးသာ ဖြစ်သည်။ ဒါက တဒင်္ဂ မြင်စက စန္ဒာ့ကောက်ချက်ချမှု ၊ဒါပေမယ့် ကြာကြာတွေ့မိတော့ သူများနှင့် မတူတာတွေ အများကြိး၊ ဥပမာကြည့်လေ။။ သူ့မျက်လုံးတွေကကိုဒဏ်ရာအနာတရ ရထားသော လိပ်ပြာတောင်လေးနှင့် တူ၏။ ပစ္စုပန်ထက် အတိတ်ပိုဆန်သော မျက်လုံးမှိုင်းမှိုင်းတို့ ရှိသည်။ ပြီးတော့ ချိုအေးသော်လည်း ခိုင်ခံ့သည့် အသံ၊ ကြည်ကြည်သာသာဖြင့် လေးလေးဆေးဆေးပြောတတ်သော စကား။ ပြီးတော့….။
ဒါတွေက နောက်မှ မြင်လာ သိလာရသည်။ ခုတော့……..။
စောစောထဲကသာ သူ့ကို ကိုသင်းထုံမှန်း သိလျှင် စန္ဒာ လှည့်ပြန်ဖြစ်လိမ့်မည်။ ခုတော့ မျက်နှာချင်း ဆိုင်မိပြီ။ ဒီလိုဆိုတော့ သူနှင့်တွေ့ရမှာ ပျင်းစရာကြီးဟု စန္ဒာတွေးမိပြန်သည်။“ထိုင်လေ” စန္ဒာ ထိုင်နေသော ခုံတန်းရှည် ဘေးမှာ ဝင်ထိုင်၇န် စန္ဒာက ဖိတ်ခေါ်လိုက်သည်။တကယ် စကားပြောကြတော့လည်းပျင်းစရာ မကောင်းပေ၊ သူက တမင်သက်သက် စကားပြော ပညာနှင့်ဆွဲဆောင်နေခြင်း မဟုတ်ရပါဘဲနှင့် ကိုသင်းထုံကို အထင်ကြီးမိပြန်သည်။ပြောရာ၌လည်း ပရိယာယ်မပါ။ ရိုးရိုးပင်။သည်နေရာမှာ ကိုမြတ်ထွန်းအောင်နှင့် ကွာသည်။ ကိုမြတ်ထွန်းအောင်က သူ့ကို အထင်ကြီးရန် ဂရုစိုက်သည်.။ပလွှားသည်။ဟန်ဆောင်သည်။ ကွာသမှ အကွာကြီး ကွာသည်။
*********
ကိုသင်းထုံက သူ အိမ်ပြေး ကျောင်းပြေး ဘဝ အကြောင်း ပြောပြသည်။ သူ အိမ်က ပြေးစဉ်က တမြို့တရွာမှာ ထမင်း တခါပြင်ငါးမူး ဆိုင်၌ တနေ့တနပ်စား နေရကြောင်း၊ နှင်းထူ၍ ခြင်ကိုက်သော ညဝယ် လမ်းဘေး မြက်ခင်းပေါ် ကျောခင်းရင်း ပလက်ဖောင်းကို ခေါင်းအုံး အိပ်ရသည့် အကြောင်းကို ကြားရသည့်အခါ ကိုမြတ်ထွန်းအောင်က သူအမေရိကကို သွားလည်စဉ်က တည်းခိုခဲ့ရသောဟိုတယ်ကြီး ကြီးကျယ် ခမ်းနားကြောင်း၊ စားဖွယ် ဘောဇဉ်တို့ အင်မတန် ကောင်းကြောင်း ပြောဖူးသည်ကို အမှတ်ရမိသည်။ကိုသင်းထုံက သူ ရုပ်ရှင် ကြည့်စရာ ပိုက်ဆံ မရှိလျှင် ကဗျာရေးထားသောစာရွက် ကြမ်းများကို ပိဿာချိန်နှင့် ရောင်းပြီး ကြည့်ရကြောင်း ပြောသည့်အခါ တခါက ကိုမြတ်ထွန်းအောင် စန္ဒာ့ကို ရုပ်ရှင် လိုက်ကြည့်ရန် ခေါ်လေရာ ငြင်းဆန်မိ၍ စိတ်ဆိုးပြီး ငါးကျပ်တန် လက်မှတ်များကို ဆုတ်ပစ်ဖူးတာ သွားသတိရမိပြန်သည်။စန္ဒာ တထိုင်တည်းနှင့် ရင်းနှီး သွားမိသည်။ သူ့မှာ ခင်မင်စရာ၊ လေးစားစရာတွေကို တွေ့မိသည်။ကြင်နာစရာ၊ကရုဏာ သက်စရာတွေကို မြင်ရသည်။ ဒါတွေကို သူက တမင် သက်သက် အရုပ်ကြိုးဆွဲ ပြသည် မဟုတ်။ ရိုးရိုးသားသား ပြောနေသည့် သူ့စကားထဲမှ စန္ဒာက သာ ရွှေကျင်သလို ကျင်ယူခဲ့ရခြင်း ဖြစ်သည်။“ပစ္စည်းဂုဏ်၊ ရာထူးဂုဏ်၊ ပညာဂုဏ်၊ ဘယ်ဂုဏ်ပဲ ဖြစ်ဖြစ် ဂုဏ်ဆိုတာ အချစ်ရဲ့ ကြိမ်တလုံး ကြိုးတချောင်းပဲ။ သူက အချစ်ကို တိုက်ရိုက် သြဇာ ပေးနိုင်တယ်။အချစ်ရောင် တဖိတ်ဖိတ် လက်နေပါတယ်ဆိုတဲ့ အသဲပေါင်း များစွာဟာ ဒီ ဂုဏ်နဲ့ တွေ့တဲ့အခါ လမ်းဘေးက ကျောက်စရစ်ခဲ တလုံးထက် ပိုပြီး တန်ဖိုး မရှိတော့ဘူး” သူက တခါသေဖူး၍ မျက်ရည်၏ တန်ဖိုး နားလည်နေသူ ဖြစ်သည်။ သူကပြန်ညည်းပြသည်။ အတိတ် သို့မဟုတ် ရင်ထဲက ပြာပုံအကြောင်း၊ ညနေစောင်း၍ ပြန်မည်ပြုသောအခါ သူက စန္ဒာ့ကားနှင့်မလိုက်ဟူ ငြင်းသည်။ စန္ဒာ့ကား ထွက်သွားသည်အထိ ပန်းခြံဝမှာ ရပ်ငေးကြည့်ရင်း ကျန်ခဲ့သည်။
********
စန္ဒာ မကြာမကြာ သူနှင့် တွေ့သည်.။ ကန်တွေမှာ၊ ရုပ်ရှင်ရုံတွေမှာ၊စားသောက်ဆိုင်တွေမှာ။ သူ့ကို ခေါ်မရတာ တနေရာသာ ရှိသည်။ ဘုရားဖူး။ စန္ဒာက သူ့ကို ကွန်မြူနစ်ဟု စွပ်စွဲသောအခါ သူက ပြုံးသည်။ ပြီးတော့ ဒေါ်လတန်၏ အနုမြူ သီအိုရီ အပေါ်တည်ဆောက်ထားသော ရုပ်သည်သာ အခိုင်အမာ ဆိုသည့် ကားလ်မက်စ်၏ ဖီလိုဆိုဖီမှာ နှစ်ဆယ်ရာစု သိပံ အရ ခေတ်နောက်ကျနေပြီ ဖြစ်ကြောင်း ဝေဖန်ပြတော့သည်။ သူ့ကိုယ်သူ ဘာကောင်မှ ဖြစ်မည့်သူ မဟုတ်ဟု နောက်ဆုံးပြောသည်။သူနှင့်စကားပြောရသည်မှာ ကျယ်ဝန်းသည်။ဥပမာ- ရုပ်ရှင် အကြောင်း စကားစပ်မိလျှင်“ဒေါက်တာ ဇီဗားဂိုး” ဇာတ်ကားမှ မူရိုက်ဂျာရေး၏ပြောင်မြောက် အကွက်ဝင်သော ဂီတနှင့် ဒါရိုက်တာ ဒေးဗစ်လန်း၏ အနုပညာ မြောက်စွာ တင်ပြမှု၏ပေါင်းကူး သဘောတရား၊ ရုရှားမှ ချူကရိုင်၏ လေးဆယ့်တစ် ဇာတ်ကားမှ စစ်ဆန့်ကျင်ရေး မူနှင့် အိတလီမှ လူချင်းနိုး၏ရိုကိုနှင့် ညီအကိုမျာ.း ဇာတ်ကားကို လက်ဖျားခါကြောင်း ပြောပြတတ်သည်.။ဒေါက်တာဇီဗားဂိုး ကြည့်ရင်း ပျင်းသောကြောင့် ကိုမြတ်ထွန်းအောင် တဝက်တပျက်နှင့် ထပြန်လာကြောင်း ပြောသည့်အခါ ပြုံးသည်။ကိုမြတ်ထွန်းအောင် ပြောတတ်သော ရုပ်ရှင် အကြောင်းမှာ ပရက်စလေနှင့် စတယ်လာစတီးဗင်း တွဲတာ သိပ်လိုက်ကြောင်း၊ ပဲရစ်မှာလုပ်သည် ဇာတ်ကားမှာ အင်မာဂရက်သီချင်းကောင်းကြောင်းနှင့် ကလစ်ရစ်ချက် ဇာတ်ကား မကြည့်ရသည်မှာ ကြာပြီ ဖြစ်ကြောင်း စသည်ဖြင့်သာ ဖြစ်သည်.။
***********
သူနှင့် စကား ပြောပြီဆိုလျှင် တရှိန်ထိုး ပြောတတ်သည်.။ နားထောင်သူကို မကြည့်၊ ပြောချင်ရာ ပြောနေတတ်သည်.။ သူစကားဆုံးမှာ ပြုံးကြည့်၇င်း အားနာဟန်ပြသည်။ကဗျာဆိုလျှင်လည်း ကဗျာမို့။ တင်မိုး၏ ကဗျာသဒ္ဒါ အသုံး၊ ဒေါင်းနွယ်ဆွေ၏ မာန်နှင့် ရူပက အလင်္ကာများ၊ ကြည်အေး၏ စိတ္တဇအတွင်းသားနှင့် ဒဂုန်တာရာ၏ဟန် ကာရံသစ်များ၊ မောင်ပန်းမွှေး၏ အချွဲ၊ အပလီနှင့် နောင်၏ ဂီတသံတို့ကို စီကာ ပတ်ကုံးပြောပြသည်။ရှယ်လီ၏ သူပုန်ကဗျာနှင့် ရန်းဘိုး၏ ပြင်သစ် သင်္ကေတ ဝါဒ၊ ဂျာမန်မှ ဂိုသီ၏ အချစ်ကဗျာလေးများ အကြောင်းလည်းပါသည်.။ပန်းချီပြပွဲ သွားကြည့်ရင်းမှလည်း ဦးစံဝင်း၏ အလင်းအမှောင်နှင့် ရမ်းဘရန့်၏ အလင်းအမှောင်အကြောင်း၊ အောင်စိုး၏ ရှန်တိနိကေတန် လက်ရာနှင့် ပေါ်ဦးသက်၏ မော်ဒန်အတ်၊ ခင်မောင်ရင်၏ ဗိသုကာ ဆန်သော ကားများနှင့် ပီကာဆို၏ ကျူဗစ်ဇင်နည်း။စပိန်မှ ဒါလီ၏ ဆာရီရယ် လစ်ဇင်နည်းမှ ဖရု၏ စိတ္တဗေဒ အထိ ရောက်သွားသည်။သူပြောချင်ရာ ပြောပြီးလျှင် လူကို ကြည့်ကာ အားနာဟန် ပြုံးပြသည်။ တတ်နိုင်လွန်းတဲ့ သူပဲ။
***************

တနေ့က ကိုမြတ်ထွန်းအောင် အိမ်လည်လာသည်။ လာစရာ အကြောင်းကလည်းရှိသည်။ ဖယ်မလီယာကား ကြက်သွေးရောင်ကိုစီးရသည်မှာ ငြိးငွေ့၍ အနက် အသစ်တစင်း ဝယ်သည်။ သူ ဒုတိယ အတွင်းဝန်ရာထူး တိုးမြှင့် ခံရသည်။ ဒါတွေကအကာသာ ဖြစ်သည်။ အဓိကမှာ စန္ဒာ သူ့ကို လက်ထပ်ခွင့် ပြုရန် တောင်းခံခြင်း ဖြစ်သည်။

No comments:
Post a Comment