Summary
ကျွန်မကို
ခရီးသွားရင် ဘယ်သွားမလဲ ရွေးချယ်ခိုင်းတိုင်း Beachလို့ပဲ ပြောမိပါတယ်။ ပင်လယ်ကမ်းခြေကို
ကျွန်မ အင်မတန်နှစ်သက်ပါတယ်။ ရန်ကုန်မြို့ပြရဲ့ ငြီးငွေ့ဖွယ်ရာ ပုံစံခွက်ထဲကနေ ခေတ္တရုန်းထွက်ပြီး သန့်ရှင်းတဲ့လေပြည်ကို ရှူရှိုက်၊ နူးညံ့တဲ့သဲပွင့်တွေနဲ့ ခြေထောက်ရဲ့ အထိအတွေ့၊ ဘန်ဂလိုသစ်သားအိမ်လေးထဲက ပင်လယ်ဆားငန်ရည်ရနံ့လေး သင်းနေတဲ့ လေကို ရှူရှိုက်ပြီး လတ်ဆတ်တဲ့
ပင်လယ်စာ ငါး ပုဇွန်တွေကို အ၀စား၊
ဒီအရသာတွေကို ကျွန်မဘာနဲ့မှ မလဲနိုင်အောင် နှစ်သက်လှပါတယ်။ အနားသတ်မရှိတဲ့ ကောင်းကင်ပြင်ကြီးအောက်က ပင်လယ်ပြင်ကြီးရဲ့ လှိုင်းပုတ်သံကို ငေးမောနားထောင် ရတာဟာ ကျွန်မအတွက် ဘာနဲ့မှ
မလဲနိုင်စရာ။ ဒီလိုနဲ့ ချောင်းသာကို ချောင်းပေါက်မတတ်သွားခဲ့တာ အခုဆိုရင် ခြောက်ကြိမ်နီးပါးရှိပြီ။
ဒီတစ်ကြိမ်ကတော့
ရုံးက လုပ်ဖော်ကိုင်ဖက်ညီမတွေနဲ့ အတူသွားတာမို့ အိမ်က မိသားစုလဲမပါ။ အလုပ်တာဝန်တွေ၊
နိစ္စဓူဝတွေ အကုန်မေ့ထားလို့ ကျွန်မတို့ ညီအစ်မတွေ ပင်လယ်ပြင်ကြီးဆီ အရောက် သွားခဲ့ဖြစ်ပါတယ်။
ကမ်းခြေမှာ အတူပါလာတဲ့ညီမတွေက လူငယ်တွေပီပီ
Rest of your post
ပြေးလွှား၊ကစား၊ ရေကူးနေကြတာ မြင်တော့
အိမ်မှာ အဖေဖြစ်သူနဲ့ ကျန်ခဲ့တဲ့ သားကို ကျွန်မ သတိရလာပါတယ်။ သားဆီကို ဖုန်းလှမ်းဆက်တော့
“သား.. ဖေဖေနဲ့ အေးအေးဆေးဆေးပဲ မေမေ.. စိတ်မပူနဲ့” လို့ ပြောရှာပါတယ်။
ကျောင်းစာမေးပွဲက နောက်တစ်ပတ်ထဲရှိတာမို့ စာတွေလွတ်မှာ စိုးရိမ်စိတ်နဲ့ မလိုက်ခဲ့တဲ့သားကို
“ ဘာဝယ်ခဲ့ရမလဲ.. ဘာမှာဦးမလဲ” မေးတော့ အကြောင်းသိတဲ့သားက “ ဘာမှ မ၀ယ်ခဲ့နဲ့… မေမေ
စာရေးဖို့ ကုန်ကြမ်းတွေသာ ယူလာခဲ့” လို့ ဖုန်းထဲကနေ အမေ့ရဲ့စိတ် နေသာအောင်ပြောပါတယ်။
ချောင်းသာခရီးက
လာနေကျလည်းဖြစ်၊ ဒီတစ်ခေါက် ထူးခြားမှုဆိုလို့ တစ်ခါမှ မရောက်ဘူးသေး တဲ့ ကျောက်မောင်နှမကမ်းခြေကို
ဆိုင်ကယ်စီးပြီး သွားခဲ့ရတာပဲ ရှိခဲ့တယ်။ ကျန်တာတွေက ကျွန်မနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား။
ဒါပေမယ့် ချောင်းသာခရီးကနေ ရန်ကုန်ပြန်မယ့် မနက်ခင်းမှာ မနက်၆နာရီလောက် ကမ်းခြေတလျှောက်ကနေ
ဘုရားလေးရှိရာအထိ ရုံးက ညီမစုမွန်နဲ့အတူ ကျွန်မ စောစောထ လမ်းလျှောက် ဖြစ်ခဲ့ပါတယ်။
ကျွန်မတို့တည်းခိုတဲ့ ဟော်တယ်က ချောင်းသာမြို့ အ၀င်နားဆိုတော့ ဘုရားနားအထိရောက်ဖို့
ဖြေးဖြေးမှန်မှန် လျှောက်ရင်တောင် နာရီဝက်ခန့် လျှောက်ရပါတယ်။
ဘုရားနားအရောက်မှာ
ပလတ်စတစ်လက်ဆွဲပုံး ကိုယ်စီကိုင်ထားတဲ့ ၁၀နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးနဲ့ ၇နှစ်ခန့်
ကလေးလေးတစ်ယောက် ကျွန်မတို့အနားရောက်လာပြီး “ကုသိုလ်ရအောင် ဂဏန်းလွှတ် ပါလား အန်တီ”ဆိုပြီး
တတွတ်တွတ်ရွတ်ကာ လိုက်လာပါတယ်။ ဘုရားဖူးချင်စိတ် ကဲနေတာကြောင့် “မလွှတ်တော့ပါဘူး ကလေးတို့ရယ်”ဆို
ပြောပြီး ဘုရားမှာ အသင့်ဝယ်လိုရတဲ့ ဆွမ်းကပ်လှူဖြစ်ခဲ့ပါတယ်။ ကလေးနှစ်ယောက်က ကျွန်မကို
စွဲဆောင်လို့ မရတော့တဲ့အဆုံး စိတ်လျှော့ကာ နောက်ထပ် ခရီးသည် တစ်ယောက်ဆီ ချဉ်းကပ်နေစဉ်မှာ
ကျွန်မဘုရားဝတ်ပြုဖို့ အစပြုလိုက်ပါတယ်။
ဘုရားဖူးအပြီး
တည်းခိုတဲ့ဟော်တယ်ဘက်ကို ကမ်းခြေတလျှောက် လမ်းလျှောက်ပြီး ပြန်အလာမှာ ခုနအလာတုန်းကလိုမျိုး
ရေပုံးလေးတွေ ဇလုံလေးတွေကိုယ်စီနဲ့ ဘုစုခရုကလေးတစ်အုပ်နဲ့ ထပ်မံ ဆုံဖြစ်ပြန်ပါတယ်။
“ အန်တီ… ဂဏန်းလွှတ်ပါ.. ဂုံးလွှတ်ပါ… တစ်ကောင်မှ တစ်ရာထဲပါ..”
“ သားဆီက ၀ယ်ပါ”
“ သမီးဆီက ၀ယ်ပါ”
ကလေးတစ်အုပ်က
ကမ်းခြေမှာလမ်းလျှောက်နေတဲ့ ကျွန်မနဲ့စုမွန်ရဲ့ နဘေးနားကနေ အုပ်စုလိုက်ကြီး လိုက်ပါလာပါတယ်။
“ အန်တီတို့
ကုသိုလ်ဖြစ်ဂဏန်းလေးတွေ လွှတ်ပါဦး”
“ လျှော့ပေးပါ့မယ်”
“ဈေးဦးမပေါက်သေးလို့ပါ”
တဆာဆာပြောပြီး
လိုက်လာတဲ့ကလေးတွေရဲ့ အရွယ်လေးတွေက အကြီးဆုံးမှ ၁၀နှစ်သာသာ၊ အငယ်မလေးဆို ၅နှစ်လောက်ပဲ
ရှိဦးမယ်။ သူတို့ အိကျီ င်္လေးတွေက နွမ်းဖတ်နေပေမယ့် သန့်ရှင်းနေတယ်။ မျက်နှာမှာ သနပ်ခါးကိုယ်စီ
အဖွေးသားနဲ့။ ဦးထုတ်လေးတွေ ဆောင်းထား ကြပေမယ့် ခြေထောက်မှာ ဖိနပ်ကိုယ်စီ မပါရှာပါဘူး။
ဒါနဲ့ လျှောက်လက်စခြေလှမ်းတွေ
ခဏရပ်ပြီး ကလေးတစ်ယောက်ကို သမီးအဖေဘာလုပ်လဲ မေးမိတော့ “ ဆိုင်ကယ်တက္ကစီ မောင်းတယ်..
အိမ်မှာ မရှိဘူး”တဲ့။ ဒါဆို အမေရောဆိုတော့ “ အိမ်မှာ ကလေးမွေးထားတာ မကြာသေးလို့”တဲ့။
ဒီအရွယ်လေးတွေက အိမ်ဝမ်းစာအတွက် မနက်စောစော ချမ်းချမ်းစိမ့်စိမ့်ထဲမှာ သောင်ပြင်ပေါ်
ဖိနပ်မပါပဲ ဈေးရောင်းနေကြရှာတာ။
ကြည်စင်တဲ့မျက်နှာလေးတွေနဲ့၊
သူတို့ရဲ့ ပလတ်စတစ်ပုံးလေးတွေ ကိုယ်စီမှာ ဂဏန်းအရှင် ပိစိလေးတွေ၊ ဂုံးလေးတွေ လေးငါးဆယ်ကောင်လောက်
ယက်ကန်ယက်ကန်နဲ့။ ပုံးထဲ ဇလုံထဲက ဂဏန်းလေးတွေကို ရေစိုအ၀တ်စုတ်လေးတွေနဲ့ အေးနေအောင်လို့
ဖုံးအုပ်ထားတယ်။
“ အဲ့တာ ဖမ်းထားတာလား”
လို့ မေးမိတော့ “ သားတို့မဖမ်းဘူး၊ ဈေးထဲမှာ သွားဝယ်ရတာ ပြီးမှ ပြန်ရောင်းတာ၊ အားလုံးအရှင်တွေချည်းပဲ”တဲ့။
သူတို့အားလုံးဆီက ဂဏန်းသေးသေးလေးတွေကို အားလုံး ပေါင်းကြည့်လိုက်တော့ အတော်လေးများသွားပြီ။
“အားလုံးဝယ်ရင် လျှော့ပေးပါ့မယ်”ဆိုပြီး ကလေး တစ်ယောက်က ကျွန်မကို ဈေးဆွယ်နေပြန်သေးတယ်။
ဒါနဲ့ ကလေးအားလုံးကို သနားတာရော၊ ပျော်ရွှင်စေချင်တာရောကြောင့် စုမွန်နဲ့ကျွန်မ အချင်းချင်း
မျက်စပစ်ပြရင်းက သူတို့လေးတွေရဲ့ ဂဏန်းတွေ အားလုံးကို နှစ်ယောက်ပေါင်း သုံးထောင်ကျပ်နဲ့ဈေးတည့်ပြီး
ဝယ်လိုက်တယ်။ မျှော်လင့်ချက် မျက်ဝန်းလေးတွေ ကိုယ်စီက အရောင်တဖိတ်ဖိတ် လင်းလက်သွားပြီး
ဝမ်းသာအားရအပြုံးတွေက မျက်နှာတိုင်းမှာ ဖိတ်လျှံသွားတယ်။
ကလေးတစ်ယောက်က
ဂဏန်းအားလုံးကို ဇလုံအကြီးကြီးတစ်ခုထဲပေါင်းထည့်လိုက်တယ်။ ပြီးတော့ သဲပြင်ပေါ် အားပါးတရထိုင်ချလိုက်ရင်း
အိတ်ထဲက ခဲတံချွန်တဲ့မောင်းချဓားလေးကို ထုတ်ယူလိုက်တယ်။ ပြီးတော့ ဂဏန်းလေးတွေ ပြေးထွက်လို့မရအောင်
ခြေထောက်တွေမှာ တုတ်နှောင်ထားတဲ့ ကြိုးလေးတွေကို ဓားနဲ့ လှီးဖြတ်လိုက်တယ်။ ကလေးရဲ့လက်ကို
ဓားရှမှာ စိုးလို့ ကျွန်မမှာ အသည်းတယားယား။ ကိုယ်တိုင် လှုပ်စိလှုပ်စိနဲ့ ဂဏန်းလေးတွေကို
ကိုင်တွယ်ဖို့ကလဲ မ၀ံ့ရဲ။ ကလေးငယ်ကတော့ ယုံကြည်မှုရှိရှိနဲ့ ခြေထောက်က ကြိုးတွေကို တစ်ကောင်ပြီး
တစ်ကောင်ဖြတ်နေတယ်။ ကြိုးလွတ်သွားတဲ့ ဂဏန်းငယ်လေးတွေက ဇလုံထဲမှာ ရွထနေတယ်။ ကလေးတွေကလည်း
တစ်ယောက်တစ်ပေါက် ဆူညံပွက်လို့။
ဂဏန်းလေးတွေအားလုံးရဲ့
ခြေထောက်က ကြိုးတွေကို ဖြတ်ပြီးချိန်မှာတော့ ဂဏန်းငယ်လေးများက လွတ်မြောက်တော့မယ်ဆိုတဲ့အသိနဲ့
ဇလုံထဲမှာ လှုပ်လှုပ်ရှားရှား။ ကျွန်မလက်ထဲ လှမ်းပေးလိုက်တဲ့ ဇလုံကို ယူလို့ လှိုင်းအကျမှာ
ရေစပ်ကို ကျွန်မ ပြေးဆင်းခဲ့တယ်။ ဇလုံနှုတ်ခမ်းကို သဲပြင်နဲ့ထိလို့ စောင်းပေးလိုက်တော့
ဂဏန်းလေးတွေက အသက်ဘေးက လွတ်ပြီဆိုတဲ့ စိတ်နဲ့လားမသိ၊ ဇလုံထဲကနေ သောင်ပြင်၊ သောင်ပြင်ပေါ်ကနေ
ပင်လယ်ရေထဲကို တရွရွနဲ့ အလုအယက် ပြေးဆင်းကြတယ်။
လှိုင်းပြန်အတက်မှာ
ကျွန်မလုံခြည်ရဲ့ အောက်နားစတွေ ရေထဲမြုပ်သွားသလို၊ ဂဏန်းလေးတွေလဲ ရေထဲ မြုပ်ပါပျောက်ကွယ်
သွားကြတယ်။
နောက်ဆုံးလက်ကျန်
ဂဏန်းငယ်လေးသောင်ပြင်ကနေ တရွေ့ရွေ့နဲ့ ရေထဲ ဆင်းသွားတော့ သောင်ပြင်မှာ သူ့ရဲ့ မနိုင်ရင်ကာ
ခြေရာလေးက ဖွဖွထင်ကျန်ခဲ့တယ်။ နောက်တစ်ကြိမ် လှိုင်းပြန်တက်လာတော့ သောင်ပြင်မှာ
ခုနက ထင်ကျန်ရစ်ခဲ့တဲ့ ခြေရာလေးကို ပင်လယ်ရေက တိုက်စားသွားတယ်။
ကလေးတွေ အားလုံးက ရပ်ကြည့်နေကြတယ်။
သူတို့အကြည့်တွေက
ပင်လယ်ပြင်ကြီးနဲ့ စည်းချက်ကျကျ တက်လိုက်ဆင်းလိုက် လူးလာသွားလာနေတဲ့ ရေလှိုင်းတွေကို
ကြည့်နေတာလား…။ ဒါမှမဟုတ် ရန်ကုန်မြို့သူ ကျွန်မ၊ ပုံမကျပမ်းမကျ ဂဏန်းလွှတ် နေပုံကို
ရပ်ကြည့်နေတာလား။ ဒါမှမဟုတ် နောက်လူတွေကို ရောင်းဖို့ ဂဏန်းလေးတွေ ထပ်သွားယူဖို့ တွေးနေတာလား။
ကျွန်မထုတ်ပေးလိုက်တဲ့
ဂဏန်းဖိုးငွေ သုံးထောင်ကို အကြီးဆုံးကလေးရဲ့လက်ထဲ ထည့်ပေး လိုက်တယ်။ ကျန်ကလေးတွေကို
ဂဏန်းဖိုးပြန်ရှင်းပေးဖို့လဲ သေချာမှာ ရသေးတယ်။ ပြီးတော့ သူတို့ကို ကျွန်မအမှတ်တရ ဓာတ်ပုံရိုက်ခွင့်တောင်းတယ်။
ဓာတ်ပုံရိုက်ချိန် ငြိမ်ပြီး အိုက်တင် ထုတ်နေကြတဲ့ သနပ်ခါး အဖွေးသားနဲ့ မျက်နှာလေးတွေက
ပကတိအပြစ်ကင်းစင်လို့။
ကျွန်မတို့ ကလေးတွေ
ဂဏန်းတွေနဲ့နှစ်ပါးသွားနေတာ အတော်ကြာနေပြီ။ မနက်စာကို ဟိုတယ်မှာ ပြန်စားပြီး၊ ရန်ကုန်အပြန်
ကားလာအကြိုကို စောင့်ရမှာမို့ ကလေးတွေကို နှုတ်ဆက်ပြီး စုမွန်နဲ့ကျွန်မ ဟိုတယ်ဘက်ကို
ခပ်မြန်မြန်လေး ပြန်လျှောက်လာခဲ့ကြပါတယ်။ စုမွန်က ဟိုတယ်မှာ အိပ်ကျန်ရစ်ခဲ့တဲ့ ညီမတွေကို
မနက်စာသွားစားဖို့ အဆင်သင့်ပြင်ထားဖို့ ဖုန်းနဲ့ လှမ်းသတိပေးပါတယ်။ အဲ့ဒီအချိန်မှာ
ကျွန်မလက်ကို အေးစက်တဲ့အတွေ့တစ်ခုက လာထိပါတယ်။ ကျွန်မ လှည့်ကြည့်လိုက်တော့ အစောပိုင်း
ဘုရားနားမရောက်ခင်က ဂဏန်းဝယ်ပါဆို လိုက်ပြောတဲ့ မောင်နှမနှစ်ယောက်။ ကလေးမလေးက မျက်နှာမကောင်းလှပဲ….
“ အန်တီက သမီးတို့ ရောင်းတာကျတော့ မ၀ယ်ဘူး၊ ခု သူတို့ဆီကကျတော့ ၀ယ်တယ်”
“ ဟုတ်တယ်..
သားတို့လည်း ခုထိ ဈေးဦးမပေါက်သေးဘူး..နည်းနည်းတော့ ၀ယ်ပါနော် ”
သူတို့ရဲ့ အသံတိုးလျလျနဲ့
မျက်ဝန်းစိုစိုက တောင်းပန်နေသလိုမို့ ကျွန်မနဲ့စုမွန် တစ်ယောက် မျက်နှာကို တစ်ယောက်
ကြည့်မိသွားတယ်။ မောင်နှမနှစ်ယောက်ရဲ့ သနားကမား ပုံစံလေးတွေကြောင့် ကျွန်မတို့ စိတ်မထိမ်းနိုင်တော့ပါဘူး။
ကျွန်မတို့ ကလေးနှစ်ယောက်နဲ့အတူ ဂဏန်းခြေထောက်က ချည်နှောင်ထားတဲ့ ကြိုးလေးတွေကို ၀ိုင်းဖြည်ပေးကြပါတယ်။
ပြီးတော့ ဇလုံထဲက ဂဏန်းတွေကို သူတို့မောင်နှမနှစ်ယောက်နဲ့ အတူ ပင်လယ်ကြီးထဲ ထပ်မံလို့
တပျော်တပါး လွှတ်ကြပြန်ပါတယ်။
ကျွန်မတို့နှစ်ယောက်
မောင်နှမနှစ်ယောက်ကို ကျသင့်ငွေ ပေးချေလိုက်ပါတယ်။ သူတို့ရဲ့ လက်ဖ၀ါး သေးသေးလေးတွေထဲမှာတော့
ကျွန်မတို့ပေးလိုက်တဲ့ ငွေတစ်ထောင်တန်နှစ်ရွက်က ကျစ်ကျစ်ပါအောင် လိပ်ပြီး ပါသွားခဲ့တယ်။
အဲ့ဒီနေ့က သက်ရှိဂဏန်းကောင်လေးတွေ
တော်တော်များများ ကျွန်မတို့လက်ချက်နဲ့ ပင်လယ်ထဲမှာ ကူးခပ်ခွင့်ပြန်ရခဲ့ကြတယ်။ ဂဏန်းကောင်လေးတွေက
သောင်ပြင်ကနေ လှုပ်လှုပ်ရွရွနဲ့ ပင်လယ်ရေ မျက်နှာပြင်ထဲ တိုးဝှေ့ဝင်သွားခဲ့တယ်။ ရေပြင်ထဲ
လွတ်လွတ်လပ်လပ်နဲ့ ကူးခပ်နေမယ့် ဂဏန်းလေးတွေကို အတွေးနဲ့ မြင်ယောင် ကြည့်ယုံနဲ့တင်
ပျော်စရာ။
ဒါပေမယ့် ကျွန်မက
ထုံးစံအတိုင်း အတွေးပွားမိပြန်တယ်။ ကျွန်မတို့ ငယ်ငယ်က သူငယ်တန်း သင်ပုန်းကြီးဖတ်စာအုပ်ထဲမှာ
သင်ယူခဲ့ရဖူးတယ်။
“ဂငယ်ဂဏန်း ရေမှာဖမ်း”တဲ့။
ကာလရွေ့လျားလာတော့ “ဂငယ်ဂဏန်းသင် ပြုံးရွှင်ရွှင်”တဲ့။ ချောင်းသာက ဒီကလေးငယ်လေးတွေကတော့
ဂငယ်ဂဏန်းသချာင်္ကို ပြုံးပြုံးရွှင်ရွှင် သင်ယူဖို့က မသေချာပေမယ့်၊ဂငယ်ဂဏန်းကိုတော့ ရေမှာ
ကောင်းကောင်းဖမ်းတတ်နေသူများ ဖြစ်နေပါတယ်။
ပင်လယ်ပြင်က ဂဏန်းလေးတွေကတော့
ဝယ်သူတွေ့ရင် ကြိုးအဖြည်ခံရပြီး ပင်လယ်ကြီးထဲ လွတ်မြောက်တိုးဝင် ပျော်မြူးနိုင်ပါသေးတယ်။
ဒီကလေးငယ်လေးတွေကို တုတ်နှောင်ထားတဲ့ မိသားစုတာဝန် ဆိုတဲ့ ကြိုးတွေကတော့ သူတို့လေးတွေကို
တရစ်ပတ်ပတ်နဲ့ ရုန်းမရအောင် အထပ်ထပ် နှောင်တည်းထားခြင်း ခံနေရဦးမယ်ဆိုတာ…။ သူတို့လေးတွေ
ဘယ်လောက်ထိများ ပမ်းလျနေကြရဦးမယ်ဆိုတာ…။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

No comments:
Post a Comment