ပရီမီယာလိဂ်ပွဲစဉ်တွေ စတင်ကစားဖို့အတွက် သိပ်မလိုတော့တဲ့ အချိန်မှာပဲ ဆောက်သမ်တန်အသင်းရဲ့ ပရိသတ်တွေအနေနဲ့ အပူမီးပွားစေတဲ့အချက်ကတော့ ဆောက်သမ်တန်အသင်းရဲ့ ကစားသမားသမားရောင်းထုတ်မှုတွေဟာ အဆုံးမသတ်သေး လို့ပါပဲ။ ပြီးခဲ့တဲ့ရာသီက လူတိုင်းကအံ့သြဖွယ်ကောင်းလောက် တဲ့ တိုးတက်မှုတွေနဲ့ ခံစစ်အားကောင်းတဲ့ အသင်းအနေနဲ့ လူတိုင်း အသိအမှတ်ပြုခဲ့ရတဲ့ အသင်းလည်းဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ အသင်းနဲ့ပတ်သက်ပြီး ပြောင်းလဲ လုပ်ဆောင်မှုတွေကတော့ လူတိုင်းအံ့သြ မှင်တက်မိပြီး ငေးကြည့်နေရုံသာ ရှိပါသေးတယ်။ ဆောက်သမ်တန် အသင်းဟာ ၂၀၁၃- ၂၀၁၄ ခုနှစ်ကမှ စတင်ပြီး ပရီမီယာလိဂ်ကို တန်းတက်ခဲ့ပေမယ့် ရာသီအကုန်မှာတော့ အခြား အလယ်အလတ်အသင်းတွေကို ဖြတ်ကျော်ပြီး အဆင့်(၈)နေရာမှာ ရပ်တည် နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ကမ်္ဘာ့ဘောလုံး ပညာရှင်တိုင်းက လာမယ့်ရာသီမှာတော့ ဆောက်သမ် တန်အသင်းဟာ အသင်းကြီး တိုင်းက တလေးတစားနဲ့ စောင့်ကြည့်ကစားရမယ့် အသင်း ဖြစ်လာလိမ့်မယ်ဆိုပြီး ထင်ကြေး ပေးမှုတွေလည်း ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ် နွေရာသီဈေးကွက် အစမှာတော့ ဆောက်သမ်တန် အသင်းရဲ့ လိဂ်ဝမ်းကနေ ပရီမီယာ လိဂ်အထိ အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ တိုက်စစ်မှူးး လမ်းဘတ်ကစတင်ပြီး လီဗာပူးအသင်းကို ပေါင် လေးသန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
(ဆောက်သမ်တန်အသင်းနည်းပြသစ်ရော်နယ်ကိုးလ်မန်း)
ဒါပေမယ့် ဆောက်သမ်တန်အသင်းရဲ့ ကစားသမား လော်ရမ် ဟာလည်း လာလာနာ၊ လမ်းဘတ်တို့ ပြောင်းရွှေ့သွားခဲ့တဲ့ လီဗာပူးအသင်းကို ပေါင်သန်း ၂၀နဲ့ ထပ်မံပြောင်းရွှေ့ သွားခဲ့ပါတယ်။ ဒါတင်မကပါဘူး၊ အသင်းရဲ့ ညာနောက်ခံ ကစားသမား ချမ်ဘာဟာလည်း အာဆင်နယ်အသင်းကို ပေါင် ၁၂ သန်း နဲ့ ယခုရက်ပိုင်းမှာပဲ ပြောင်းရွှေ့သွားခဲ့ပါပြီ။ ဒါကြောင့်လည်း လေးနှစ်အတွင်း လိဂ်ဝမ်းကနေ ပရီမီယာလိဂ် အဆင့် (၈) အထိ ရောက်ရှိလာခဲ့တဲ့ ဆောက်သမ်တန် အသင်းကနေ ဘယ်သူများ ထပ်မံထွက်ခွာဦးမလဲဆိုပြီး တွေးထင် မှုတွေကလည်း အပြည့်ရှိနေခဲ့ပါပြီ။ ဒါ့အပြင် ဆောက်သမ်တန်အသင်းရဲ့ အခြားကြီးမားတဲ့ ပြောင်းလဲမှုကြီးကတော့ မန်နေဂျာပြောင်းလဲမှုကြီးပါပဲ။ အသင်းက ပရီမီယာလိဂ်အထိရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ မန်နေဂျာ ပိုချက်တီနိုဟာ အခုအချိန်မှာတော့ စပါးစ်အသင်းကို ထွက်ခွာသွားပြီဖြစ်တာမို့ သူ့ရဲ့နေရာမှာ ရော်နယ်ကိုးလ်မန်းကို ခန့်အပ်ထားခဲ့ပါတယ်။ ရော်နယ်ကိုးလ်မန်းဟာ ဟော်လန်ကလပ် အိုင်းယက်စ်၊ အိုင့်ဟိုဗင့်စ်အသင်းတို့နဲ့အတူ အောင်မြင်မှုတွေကို ရယူပေးနိုင်ခဲ့သလို ဗလင်စီယာအသင်းကိုလည်း ၂၀၀၇-၂၀၀၈ ခုနှစ်က စပိန်ဘုရင့်ဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။ အသင်းရဲ့ လက်ရှိထွက်ခွာသွားခဲ့တဲ့ ကစားသမားတွေနဲ့ပတ်သက်ပြီး ဆောက်သမ်တန် အသင်းနည်းပြ ရော်နယ်ကိုးလ်မန်းက ““ကျွန်တော်အသင်းကို စတင်ရောက်ရှိစဉ်ကတည်းက အသင်းနဲ့ပတ်သက်တဲ့အချက်တွေကို ရှင်းရှင်း လင်းလင်း သိထားပါတယ်။ လမ်းဘတ်၊ လာလာနာ၊ လုခ်ရှောတို့ဟာ အသင်းကနေ ထွက်ခွာဖို့ရှိတာကို ကျွန်တော်ကောင်းကောင်းသိပါတယ်။ ကျွန်တော့်အနေနဲ့ သူတို့အပေါ်ကို လွမ်းမိုးနိုင်ခြင်း မရှိဘူးဆိုတာကိုလည်း ကောင်းကောင်းသိပါတယ်။ အသင်းနဲ့ပတ်သက်ပြီး ကျွန်တော်ပေးနိုင်တဲ့အရာကတော့ အသင်းကိုအောင် မြင်မှုရရှိဖို့အတွက် ရည်မှန်းချက်ရှိရှိနဲ့ လျှောက်လှမ်းဖို့ပါပဲ””လို့လည်း ပြော ကြားခဲ့ပါတယ်။
ယခုလက်ရှိအချိန်အထိ ဆောက်သမ်တန် အသင်းအနေနဲ့ အသင်းရဲ့ ကစားသမားတွေကို ဆက်တိုက်ရောင်းထုတ်နေပေမယ့် ပြန်လည်ဝယ်ယူထားတဲ့ အထဲမှာတော့ လောက်လောက်လားလို့ပြောလို့ရတဲ့ ကစားသမားက နှစ်ဦးသာ ရှိပါတယ်။ သူတို့ကတော့ လာလာနာရဲ့နေရာမှာ အစားထိုးနိုင်ဖို့အတွက် အက်ဖ်စီတွမ်တီးအသင်းကနေ ပေါင် ၁၀ ဒသမ ၉ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ တာဒစ်နဲ့ တိုက်စစ်မှူးးလမ်းဘတ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ခေါ်ယူ လိုက်တာကတော့ ဖီယင်နုအသင်းရဲ့ တိုက်စစ်မှူးးပယ်လီပါပဲ။ ပယ်လီကိုတော့ ပေါင်ရှစ်သန်းနဲ့ ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် မန်ယူအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ လုခ်ရှောရဲ့နေရာမှာတော့ အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားတစ်ဦးဖြစ်တဲ့ ထရာဂျက်ကို တာရှည်စွာ အသုံးပြုသွားဖို့ကိုလည်း ရည်ရွယ်ထားခဲ့ပါတယ်။ ဒါကြောင့်လည်း မန်နေဂျာ ကိုးလ်မန်းကတော့ ဒီနှစ်ရာသီအစဟာ ပြီးခဲ့တဲ့ ရာသီကထက်တောင် ပိုမိုအင်အားတောင့်တင်းတဲ့ အသင်းအဖြစ် တွေ့မြင်ရ မှာဖြစ်ကြောင်းနဲ့ အရည်အချင်းရှိတဲ့ ကစားသမားကောင်းတွေကိုလည်း ထပ်မံခေါ်ယူ သွားဖို့ရှိတယ်လို့လည်း ပြောဆိုထားပါတယ်။ ဆောက်သမ်တန်အသင်းရဲ့ အနာဂတ်လှပဖို့ဆိုတာဟာ ကျန်ရှိနေတဲ့အပြောင်းအရွှေ့ရာသီအတွင်း အသင်း အတွက် ကစားသမားသစ်ခေါ်နိုင်ရေး မခေါ်နိုင်ရေးနဲ့လည်း သက်ဆိုင်နိုင်တာ ကြောင့် ရာသီအစမှာ ဘယ်လိုကကွက်တွေနဲ့ ကကြိုးဆင်လာဦးမလဲ ဆိုတာကိုသာ စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်ရင်း ..........။
+အောင်က+

No comments:
Post a Comment