**Public Health**
ကျန်းမာစေရန် ကျွန်ုပ်တို့သည် နေ့စဉ် ကယ်လိုရီလိုအပ်မှု၏၁၀ရာခိုင်နှုန်းကို ပရိုတိန်းခေါ်အသားဓာတ်မှရယူရပေသည်။(ကာဗိုဟိုက်ဒြိတ်မှာ၆၀ရာခိုင်နှုန်း၊ အဆီ ၃၀ရာခိုင်နှုန်း ဖြစ်သည်။ တစ်နေ့ ကယ်လိုရီ ၂၅၀၀လိုအပ်သော သာမာန်လူတစ်ဦးသည် ၁၀ရာခိုင်နှုန်းဖြစ်သော ကယ်လိုရီ ၂၅၀ကို အသား၊ ငါး၊ နို့စသော အသားဓာတ်(ပရိုတိန်း)မှ ရယူရပေသည်။ သို့မှသာ ကျန်းမာရေးနှင့် ညီညွတ်ပါသည်။ ပရိုတိန်းခေါ် အသားဓာတ်ကို ကြက်သား၊ ၀က်သားစသော အသားများမှ ရယူခြင်းထက် ငါးမှရယူခြင်းသည် ကျန်းမာရေးအတွက် ပိုကောင်းကြောင်း ပညာရှင်များက အကြံပြုနေသည်မှာ နှစ်အတော်ကြာပင် ကြာမြင့်ခဲ့ပေပြီ။ ငါးတွင်ပါသော အဆီသည် ကျန်းမာရေးနှင့်ညီပေသည်။ ဥပမာအားဖြင့် ၀က်သားတွင် တွယ်ကပ်နေသော ၀က်ဆီတွင် ကိုလက်စထရောများ ပါဝင်လေရာယင်းတို့ သွေးကြောနံရံများတွင်တွယ်ကပ်မိပါက နှလုံး သွေးကြောကျဉ်းရောဂါ (နှလုံးရောဂါ) ရနိုင်ပေသည်။ တစ်ဖန်ငါးကြီးများတွင်ပါဝင်သောငါးကြီးဆီတွင်ဗီတာမင်အေအမြောက် အများပါဝင်ပေရာ၎င်းဗီတာမင် အေသည်မျက်စိအမြင်အားကို ကောင်းမွန်စေပါသည်။
ငါးစားသုံးခြင်းသည်အမျိုးသမီးများတွင်အကြားအာရုံဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်ကြောင်း ကျန်းမာရေး သတင်းတစ်ပုဒ်ကို မကြာသေးမီက ဖတ်လိုက်ရပါသည်။ ငါးဟင်းကို ရက်သတ္တပတ်လျှင် နှစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ်ထက်ပို၍ စားသုံးပေးပါကအမျိုးသမီးများတွင်အကြားအာရုံဆုံးရှုံးမှုအန္တရာယ် လျော့ကျစေနိုင်သည်ဟု အမေရိကန်သုတေသနပညာရှင်များက မကြာသေး မီက ပြောကြားခဲ့ပါသည်။ အကြားအာရုံဆုံးရှုံးမှုမှာ ဖြစ်လေ့ဖြစ်ထများပြီး ရံဖန်ရံခါ ကုသ၍ မရနိုင်သော နာတာရှည်ရောဂါတစ်မျိုးကို ဖြစ်ပေါ်စေတတ်သည်ဟု Brighan and women’s ဆေးရုံမှ လေ့လာရေးခေါင်းဆောင် Sharon Curhan က ဆိုပါသည်။ အမေရိကန်ဂျာနယ်တစ်ခုတွင် ဖော်ပြထားသောယင်းလေ့လာချက်အသစ် တွင်ငါးအမျိုးအစားအားလုံးစားသုံးသူအမျိုးသမီးများနှင့်သီးသန့်တစ်မျိုးတည်း စားသုံးသူ အမျိုးသမီးများကို အုပ်စုခွဲ၍ စမ်းသပ် လေ့လာထားပါသည်။ ငါးဟင်းကိုစားသုံးလေ့မရှိသူ အမျိုးသမီးများနှင့် နှိုင်းယှဉ်ကြည့်လျှင် ရက်သတ္တပတ်လျှင် နှစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ်ထက်ပို၍ စားသုံးသူ အမျိုးသမီးများမှာ အကြားအာရုံဆုံးရှုံးမှု အန္တရာယ် ၂၀ရာခိုင်နှုန်း ပို၍ လျော့နည်း ကြောင်း တွေ့ရှိရပါသည်။ အကြံပြုလိုသည်မှာ ငါးကိုလည်း ကြိုက်နှစ်သက်မည်။ အခြားသော အသားများ(ဥပမာ-၀က်သား) နှင့်စာလျှင် ငါးသည် ဈေးလည်းမကြီးပါက ကျန်းမာစေရန် အလို့ငှာ ငါးကိုသာ စားကြပါရန် ဖြစ်ပါသည်။ (မှတ်ချက်။၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလထုတ်ဇီဝကမဂ္ဂဇင်းအမှတ်(၂၄၁)မှ ဒေါက်တာဘီရော် ရေးသားသော
ဆောင်းပါးအား ကောက်နှုတ်ဖော်ပြပါ သည်။)
+မြ၀တီ+

No comments:
Post a Comment