ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, June 16, 2016

"အတိတ်ကို လွမ်းဆွတ်ခြင်း"

>
မိုးစက်မိုးပေါက်များ တဖွဲဖွဲကျနေသည်။ လေက တစ်ချက်တစ်ချက် ဝေ့ခနဲတိုက်လိုက်စဉ် တံစက်မြိတ်က ကျနေသော မိုးရေစက်တို့ ယိမ်းနွဲ့သွား၏။ သစ်ရွက်သစ်ခက် တို့သည် မိုးရေကြားတွင် ရွှဲရွှဲနစ် လျက်ရှိ၏။ ကျေးငှက်များ ခေါင်မိုးအစွန်းက သစ်သားတန်းမှာ မိုးဝင်ခိုသည်ကို တွေ့သည်။ သည်အချိန်ဆို ကျွန်တော့်အမျိုး တွေရှိရာ ရွာမှာလည်း သည်လိုပဲ မိုးကောင်းနေတော့မည်။ ဟိုးတုန်း ကတည်းက ရပ်ကွက်ဟုခေါ်သည့်တိုင် ကျွန်တော်တို့ကတော့ ရွာဟု ခေါ်ရသည်ကို အားရ၍ ယခုတိုင် ရွာဟုသာ စွဲနေမိသည်။ ရွာမှာ တာလမ်းမကြီးတစ်ခုရှိသည်။ ဟိုစဉ်က လမ်းများက မညီမညာ၊ ကျောက်ခဲများက ဖုထစ်ကြွရွ၊ ထွက်ချင် ထွက်လျက်။ လှည်းများ သွားလိုက်တိုင်း ဘီးကျသံ၊ ဘီးကြိတ်သံ ဆူဆူညံညံကို ကြားရမြဲ။ သည် တာလမ်းမကြီး ဘေးမှာ ကုက္ကိုပင်တွေ အစီအရီရှိသည်။ နွေဆို အရိပ်တော်တော်လေး ရ၏။ ဖုန်မှုန့်များ ထသည့်အခါ အပင်ကြီးများက စိမ်းစိုခွင့် မရှိအောင်၊ သစ်ရွက်များ ဖုန်မှုန့်လိမ်းကာ နီညိုရောင်တွေ ပေါက်ကုန်သည်။ ရွာမှာ'ရွာထဲလမ်း' ဟုခေါ်သည့် ရွာအတွင်းက ဖြတ်သွားရသော လမ်းလည်းရှိသေးသည်။ တာလမ်းကျယ်၍ ရွာထဲလမ်းသည် လှည်းတစ်စီး မောင်းရုံသာ။ တိုက်ဆိုင်၍ အရှေ့ဘက်ထိပ်မှ လာသောလှည်းနှင့် အနောက်ဘက်ထိပ်မှ လာသောလှည်းတို့ ရွာထဲလမ်းမှာ ဆုံသည့်အခါ ရွာထဲက အိမ်တစ်အိမ်ထဲကို ခဏ ၀င်မောင်းကာ ရှောင်ပေးရတတ်သည်။ တာလမ်းမှာတော့ ကျောက်ခင်းထားသော အပေါ်လမ်းကလည်း ကျယ်၊ ကျောက်မခင်းထားသော အောက်မြေကလည်း ကျယ်မို့ လှည်းများ ဥဒဟို သွားနိုင်သည်။ လမ်းမကောင်း သော်လည်း အရှေ့ဘက် ပဲခူးရိုးမမှ ဆင်းလာသော သစ်ကားများ သွားလာနိုင်သည်။ ငယ်စဉ်က နွေကျောင်းပိတ်လျှင် ကျွန်တော်တို့ ရွာသို့ သွားလည်လေ့ရှိသည်။ အဖေနှင့် အမေ နှစ်ယောက်စလုံး ထိုနယ်သားများ ဖြစ်ရာ ရွာကို အလည်သွားရလျှင် ကျွန်တော် အလွန်ပျော် ပါသည်။ နေလျှင်အမေ့ဘက် အမျိုးများ အိမ်မှာ နေ၏။ အဖေ့အိမ်က အမေ့အိမ် ခြေရင်းမှာဖြစ်ရာ အဖေနှင့် အမေ့အိမ် ၀န်းကျင်မှာ အမျိုးများ ၀ိုင်းနေ၏။ ထို့ကြောင့် ထမင်းစားလ ကျွန်တော်တို့က စားချင်သည့်အိမ် ၀င်စားလိုက်သည်။ အဖေနှင့် အမေသည် နှစ်ဖက်မိသားစုမှာ သားအကြီးဆုံးနှင့် သမီးအကြီးဆုံးများ ဖြစ်၏။ ရွာမှာရှိသော ကျွန်တော့် ဦးလေး၊ အဒေါ်များသည် အဖေနှင့် အမေ့ အောက်များဖြစ်သည်။ ထို့ပြင် ညီအစ်ကိုမောင်နှမ တစ်တွေထဲမှာ အဖေနှင့် အမေသာ ရန်ကုန်မှာ စအခြေချပြီး၊ ကျန်သူတွေက နယ်တွေမှာသာ ကျင်လည်ခဲ့ရရာ ကျွန်တော်တို့ကို အားလုံးက ၀ိုင်းဂရုစိုက်ကြ လေသည်။ ရန်ကုန်သားများ ဖြစ်၍ တစ်ကြောင်း၊ အဖေနှင့် အမေ့ မျက်နှာကြောင့် တစ်ကြောင်း၊ တစ်နှစ်မှ တစ်ခါသာ လာလည်ကြသူတွေ ဖြစ်၍တစ်ကြောင်း၊ အဘိုးအဘွားများ၊ ဦးလေးအဒေါ်များ၊ ညီအစ်ကို မောင်နှစ်မ ၀မ်းကွဲများနှင့် ရှိသမျှ ဆွေမျိုးအားလုံးက ဂရုစိုက်ကြသည်။ ထို့ကြောင့် ကျွန်တော်တို့ အလွန်ပျော်ခဲ့ရသည်။ ကျွန်တော်တို့က ညီအစ်ကို သုံးယောက်ဖြစ်သည်။ အဖေ့ဘက်က ညီတွေက မွေးသမျှ ကလည်း ယောကျာ်းလေး များ၏။ တိုက်ဆိုင်စွာ ဆွေမျိုးများက မွေးသော သူများသည် လည်း ယောက်ျားလေး များ၏။ သည်အခါ ကျွန်တော်တို့ အဖို့ ပိုပြီး ပျော်စရာကောင်းသည်။ တာလမ်းမှာ လှည်းနှင့် ကားရှုပ်၍ ကျွန်တော်တို့ တာလမ်းကို မထွက်။ ကျွန်တော်တို့တည်းရာ အမေ့အိမ် သည် ရွာထဲလမ်းမှာ ဖြစ်ပြီး၊ လှည်းနှင့် ကားရှင်း၍ များသောအားဖြင့် ကျွန်တော်တို့ ညီအစ်ကိုတစ်စု ရွာထဲလမ်းမှာ ကစားကြသည်။ ဘောလုံးကန်သည်။ ဂယ်ပုံဖြိုသည်။ 'ဂယ်ပုံ' ဆိုသည်မှာ လောက်စာလုံး သုံးလုံးကို အခြေချ၊ နောက် တစ်လုံးကို အပေါ်မှာ ဖိုခုံလျှောက်ဆိုင် တင်ပြီး ထားခြင်းကို ခေါ်သည်။ ထိုအပုံတွေကို အရုပ်ထောင်ပစ်သလို တန်းစီပြီး ပစ်ရတာ ဖြစ်သည်။ ထိုအချိန်တုန်းက ရှုံး၍ လောက်စလုံး ကုန်သွားလျှင် တစ်ရာတစ်ကျပ် စသဖြင့် ၀ယ်ရသည်။ ကစား၍ အားရလျှင် ငှက်ပစ်ထွက်သည်။ ခြံများက အကျယ်ကြီးမို့ ငှက်ပစ်ထွက်ရသည်က စိတ်ဝင် စားစရာ ကောင်းသည်။ ခြံတော်တော်များများက အမျိုးများ၏ ခြံချည်းမို့ ခြံစည်းရိုးကို ကျော်ကာ ကူးချင်သလို ကူးကြသည်။ ရံဖန်ရံခါ၌ ငှက်ပစ်ရင်းအဘိုးလေး၊ အဘွားလေး၊ ဦးလေး၊ ဒေါ်လေးများ မသိအောင် သူတို့ သရက်ပင်က သရက်သီးကို ပစ်ချသည်။ ထို့နောက် ပါလာသည့် ဓားမြှောင်တိုလေးနှင့် ခွဲ ၊ ဆားထုပ်၊ ငရုတ်သီးမှုန့်ထုပ်များဖွင့်၊ အားရပါးရ တို့စားကြသည်။ ချွေးက ရွှဲရွှဲ၊ လူက မောမောနှင့် တွေ့ သမျှ မြေပြောင်မှာ စားရင်း အားရလျှင် ကျောလှဲချ တစ်ရေးမှေးလိုက်ကြသည်။ ရံဖန်ရံခါ မှာတော့ နွားကျောင်းလိုက်သည်။ ရိုးပြတ်များ၊ မြေကျစ်စာခဲများ ကို ဖြတ်ရင်း ဟုတ်ဟုတ် မဟုတ်ဟုတ် ရန်ကုန်သား နွားကျောင်း ရခြင်းကို တကယ်ကျေနပ်သည်။ 'ဟဲ့နွား၊ ဟဲ့နွား၊ တယ် ဒီနွား ငါတီးလိုက်ရ' ဟု အော်သည့်အခါ ဦးလေးများက ရယ်သည်။ နွားကျောင်းရင်း ရေဆာလျှင် ဖရဲခင်းတွေက ဖရဲသီးခူးပြီး ရေဆာပြေ စားရသည်။ နေစောင်းမှ ရွာကို ပြန်၏။ နွားချင်း ဝှေ့၍ ကြည့်ရသည့် အခါမျိုး၊ အားရပါးရ သီးချင်းအော်ဆိုရသည့် အခါမျိုးသည် လယ်ထဲမှာ နွားကျောင်းရသည့်အထဲက ပျော်စရာ။ ခရီးကျော်ပြီး တခြားရွာဘက်ရောက်လျှင်ရေတောင်းသောက်သည်။ နားတန်နားသည်။ နွားများ အစာ ၀တန် ကောင်းမှ ပြန်ရသည်။ လယ်ကွင်းထဲ ရောက်နေချိန် အဝေးရွာများဆီက ဟွန်းကြီးနှင့် တွံတေး သိန်းတန်၊ ဟင်္သာတထွန်းရင် သီချင်းမျိုး ဖွင့်လိုက်လျှင် ကျွန်တော် ရန်ကုန်သား လွမ်းချင်သည်။ အဖေနှင့် အမေက နယ်မှာမွေး၍ ကျွန်တော့်ကို ရန်ကုန်မှာ မွေးသော်လည်း ကျွန်တော်က နယ်ကို ပိုချစ်မိသလိုပင်။ 'ပန်းနွယ်ကစိမ်း' ဟု တွံတေးသိန်းတန် သီချင်းကြားလျှင် သည်ရွာထဲမှာပဲ ဆက်နေရတော့ မလိုလို၊ 'ကန်ပတ်လည် ခရေရိပ် ရွာထိပ်က ကျောင်းတော်သာ နံဘေးဝယ်' ဆိုသော 'ကိုယ်ရယ်၊ မင်းရယ်၊ ပန်းပိတောက်ရယ်' ကို ကြားလျှင် ရွာဦးကျောင်းကိုပဲ သွားချင်နေသလိုလို သည်လိုစိတ်မျိုးက ဖြစ်ဖြစ် လာသည်။ အလှူရှိသောနေ့၊ နတ်ကနားပွဲပေးမည့်ည ၀ိုင်းကူလုပ်ရင်း အမျိုးများနှင့် နေရသည်ကလည်း ကျေနပ်စရာ။ ရံဖန်ရံခါတော့ အိမ်ရှေ့က ကွပ်ပျစ်လေးမှာ ထိုင်ပြီး အဘွား၊ အဒေါ်၊ ဦးလေး၊ အဘိုး များပြောသမျှ စုန်း၊ သရဲ များ အကြောင်း စိတ်ဝင်စားစွာ နားထောင်ရင်းအိပ်ခဲ့ရသည့် ညမျိုးရှိသည်။ အမေ၏ အမေ ကျွန်တော်၏ အဘွားသည် အတန်းပညာ သိပ်မတတ်သော်လည်း စကားပြောကောင်း၏။ အမေ့ အဖေ ကျွန်တော့် အဘိုးကတော့ ကျွန်တော်တို့ ခပ်ငယ်ငယ်လောက်က ဆုံလိုက်သည်။ မှတ်မှတ်ရရ အဘိုးက သူ့ခြံထဲက ခြဲစောင့်တဲလေးမှာ သူ့သမီးနှင့် မြေးတွေပျော်ဖို့၊ အပျော်ထမင်း တစ်ခါချက်စား ကြသည်။ သည်တုန်းက အဘိုးဘက်က အဘွားလေးတစ်ယောက် ဒန့်သလွန်သီးနှင့် မြွေစိမ်းမြီးခြောက် မှားခူး၍ ကျွန်တော်တို့ ထိတ်လန့်ခဲ့ရသည်။ ကျွန်တော်တို့ အရွယ် သိပ်မရောက်ခင်မှာပဲ အဘိုးဆုံးသွားသည်။ သည့်နောက်ပိုင်း အဘွားနှင့် အဒေါ်တွေသာ ကျွန်တော်တို့ကို အချစ်ပိုခဲ့ကြ၏။ အဖေ့ဘက်က အဘိုးနှင့် အဘွား ကျတော့ ကျွန်တော်တို့ကို ဂရုစိုက်ချင်သော်လည်း အမေဘက်က အိမ်မှာ ကျွန်တော်တို့၏ အဒေါ်များရှိ၍ ထို အိမ်မှာပဲ တည်းနေကြသောအခါ ဂရုစိုက်ချင်တိုင်း စိုက်ခွင့်မရရှာ။ ထမင်းနှင့် မုန့်များ ခေါ်ကျွေးသည့်တိုင် ကျွန်တော်တို့က စားပြီး ခဏသာနေ၏။ ပြီးလျှင် ရွာထဲ လမ်းကို ရောက်နေပြီဖြစ်သည်။ များသောအားဖြင့် အဘိုးနှင့် အဘွားသည် ကျွန်တော်တို့ကို လာရှာရ သည်က များသည်။ ညဘက် စကားပြောလျှင်လည်း အမေတို့ အိမ်ဘက်ကို ကူးလာပြီး ပြော၏။ အမေနှင့် အဖေ နှစ်ဖက်စလုံးမှာ ခြံအကျယ်ကြီးများ ရှိသည်။ ကျွန်တော်တို့က ခြံထဲက သီးပင် စားပင်များကို ချောင်းကာ စားဖို့သာ ကြံခဲ့ကြသည်။ ထိုခြံကြီးများ၏ နောက်မှာ ရေကန် အကြီးကြီး တစ်ကန်ရှိ၏။ ထိုကန်ထဲမှာ ရေဆင်းကူးမှာ စိုး၍ အဘွားနှင့် အဒေါ်များ တုတ်နှင့် လိုက်ခဲ့ဖုးသည်။ ကျွန်တော်တို့ကလည်း ဦးလေးများ၊ ညီအစ်ကို ၀မ်းကွဲများနှင့် မရရအောင် ကူး၏။ ငှက်ပျောတုံးကို ဖက်ကာ ဟိုဘက်ကမ်း၊ သည်ဘက်ကမ်းပင် ကူးလိုက်သေး၏။ ရေကူးတတ်တော့ အဘွားကို ကြွားရာမှ အကုန်ပေါ်ကာ ရန်ကုန်က လှမ်းခေါ်၍ ပြန်ခဲ့ရဖူးသည်။ မိုးတွင်းဆိုလျှင် ထိုကန်ကြီးက ရေများပြည့်လျှံနေ၏။ ရေကုးရသည်က အမျိုးတွေချည်းမို့ ပျော်စရာ၊ ရေထဲကို ထိုးကျနေသော သစ်ပင်၏ ကိုင်းသည် ဒိုင်ဗင်ဘုတ် ဖြစ်၏။ ရေကုးကျွမ်းသူ ဦးလေးများက ဂရုစိုက်ပေးသည်။ တစ်ခါမှာတော့ ကလေး တွေဖြစ်သော ကျွန်တော်တို့ အင်္ကျီ၊ ဘောင်းဘီချွတ်ပြီး ကူးကောင်းနေတုန်း၊ အမျိုးတစ်ယောက်က နောက်ချင်၍ ရှိသမျှ အ၀တ်တွေ အကုန်ယူပြီး အဘွားကို သွားပေးထားရာ အ၀တ်တချို့ကို လုံလုံခြုံခြုံ သိမ်းထားသော ဦးလေးများ၏ ပုဆိုးများကို တစ်ထည်လျှင် နှစ်ယောက်၊ သုံးယောက်စီ ပတ်လျက် အိမ်သို့ ပြန်ရလေတော့သည်။ ဖြစ်ချင်တော့ ထိုနေ့က ကူးမိသောနေရာသည် အဘွားလေး တစ်ယောက်၏ခြံနောက်ဖေးဘက်၊ ဒိုင်ဗင်ဘုတ် သစ်ကိုင်းရှိရာမှာ ဖြစ်၍၊ ကျွန်တော်တို့ တည်းရာ အဘွား၏အိမ်ကို ပြန်ဖို့ ထိုခြံထဲက ထွက်၊ ရွာထဲလမ်းကသာ သွားရရာ၊ ရွာထဲက အမျိုးတွေက ကျွန်တော်တို့ကို ကြည့်ကာ ရယ်ပါလေတော့သည်။ မိုးတွင်းကို ကျွန်တော်တို့ ရောက်ခဲပြီး နွေဘက်သာ အရောက်များရာ တစ်မျိုးစီ ပျော်ရသည်ကတော့ အမှန်ပင်။ နွေဘက်ဆို ပဲခြွေပဲလှေ့ရင်း တလင်းထဲမှာ အဘိုးတွေ၊ အမျိုးတွေကို ကူ၊ မိုးတွင်းကျတော့ သူတို့ ငါးရှဉ့်တွေ၊ ငါးတွေ၊ ဖားတွေ ရလာလျှင် ၀မ်းသာစွာ ကြည့်ရနှင့် ငယ်ဘ၀ကို ဖြတ်ခဲ့ရသည်။ အချိန်များကို များစွာ ကျော်လွန်ပြီးသည့် နောက်မှာတော့ အရာရာသည် ပြောင်းလဲသွား၏။ တာလမ်းသည် ကျောက်စရစ် သိပ်ထားသော ထုနှင့် ထည်နှင့် လမ်းဖြစ်သွား၏။ ရွာထဲလမ်း သည်လည်း ကျောက်အမာ သားများ နှင့် ဖြစ်ရ၏။ တာလမ်းပေါ်မှာ လှည်းတွေသာမက ဆိုင်ကယ်တွေ၊ ကားတွေ တ၀ုန်းဝုန်း ဖြစ်နေသည်။ ယခင်က ကူးချင်သလို ကူးနေသော လမ်းတွေက ခုတော့ ဘေး ဘယ်ညာ သေချာ ကြည့်နေရလေပြီ။ အမေဘက်က အဘွားဆုံးသွား၏။ အဖေဘက်က အဘွားလည်း ထပ်မံဆုံး၏။ အဘိုးတစ်ယောက်တည်း ကျန်၍ ရန်ကုန်ကို ခေါ်ထားရသည်။ အဒေါ်တွေ၊ ဦးလေးတွေလည်း အိမ်ထောင်ကျသူကျ၍ အိုးခွဲ၊ အိမ်ခွဲ ဖြစ်ကုန် ကြသည်။ အတူကစားနေကျညီအစ်ကို ၀မ်းကွဲများလည်း တခြားမြို့ရွာများမှာ အလုပ်သွားလုပ် နေကြသည်။ ကျန်နေသော အမျိုးများကျတော့လည်း တစ်ယောက်နှင့်တစ်ယောက် မခေါ်မပြော သူတွေပင် ရှိကြသည်။ ယခင်တုန်းက ရွာဦးကျောင်းမှာ ဥပုသ်စောင့်၊ သီလယူ၊ စေတီထီးတင်ပွဲ ၀ိုင်းကူသူများလည်း မရှိကြတော့။ ယုတ်စွ အဆုံး ၀ိပဿနာမျိုးစေ့ကို သည်ရွာမှာ စချခဲ့သော ဆရာတော်ပင် တခြားမြို့ကိုရောက်သွား၍ ယခင်လို ဆိုဆုံးမမှုတွေ ဝေးနေကြပြီထင်၏။ ဆရာသစ်၊ ဒကာသစ်တွေကြား၊ ဒကာဟောင်း များ၏ ပြဿနာကို မည်သူမျှ မသိနိုင်တော့။ ကျွန်တော်လည်း ကျောင်းပြီး အလုပ်ထဲရောက် ကတည်းကရွာကို မသွားဖြစ်။ အဘွားတွေ ဆုံးစဉ်က ရောက်သွား တော့လည်း ခြောက်တိခြောက်ကပ်။ ဓာတ်စက်က လာသောအသံက တွံတေးတို့၊ ဟင်္သာတတို့ မဟုတ်တော့။ ဂီတ လက်သစ်တွေ ဖြစ်ကုန်၏။ ရွာက လက်ကျန်ညီငယ်လေးတွေပင် ဂီတာလေး ဒေါင်ဒင်ဒေါင်ဒင် ဖြစ်နေ၏။ နေ့ဘက်ဆို ဘယ်နားနေရမှန်း မသိ။ ဟိုနားထိုင်ပျင်း၊ သည်နားထိုင်ပျင်း လာ၏။ အားလုံးက စားဝတ်နေရေး ဆိုသော စကားလုံးအောက်မှာ ပိကာ လှုပ်ရှားနေကြပြီ။ အဖေ့ဘက်က အဘွားဆုံးပြီးချိန်၊ ကျွန်တော် ကျောင်းပြီးချိန်၊ ရှေ့ဆင့်နောက်ဆင့်များ ဖြစ်၍ ဘ၀အတွက် ရှေ့ဆက်ရန် အလုပ်ရှာရမည့် ကျွန်တော်လည်း ရွာကိုမရောက်တာ အဆန်း မဟုတ်နိုင်တော့။ ဘာပဲဖြစ်ဖြစ် မိုးရေဖျန်းထားသော မြေလမ်းလေးများကို ဖြတ်ရလျှင်၊ မြေသင်းနံ့လေးပျံ့ခနဲရလျှင်၊ အစိမ်းရောင် လယ်ကွင်းများကို မြင်ရလျှင် တောသီချင်းများကြားရလျှင်၊ စိမ်းစိုစို ကုက္ကိုရိပ်များ တွေ့ရလျှင် ကျွန်တော့် စိတ်ထဲမှာ ရွာကို သတိရမိပါသည်။ အတိတ်တုန်းက ကျွန်တော်တို့ ကြုံခဲ့သော ဘယ်တော့မှ ပြန်မရနိုင် တော့သည့် နွေးထွေးသော ဘ၀များသည် နောက်မှာ ကျန်ခဲ့ပြီမို့ တိုက်ဆိုင်လျှင်တော့ ကျွန်တော် လွမ်းမိ ပါသေးသည်။ ။ 

...................................... 

+သားလတ်+

 (၂၀၀၃ခုနှစ်-နိုဝင်ဘာလ၊ ဂန္ထ၀င်မဂ္ဂဇင်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)