ရှေးသရောအခါ ရွာတစ်ရွာတွင် လွန်စွာ ချစ်ခင်ကြသော မိတ်ဆွေ နှစ်ယောက်ရှိကြ၏။ တစ်ယောက် အမည်မှာ မောင်စံလှဖြစ်၍ ကျန်တစ်ယောက်၏ အမည်မှာ မောင်စံဘဖြစ်၏။
သူတို့သည် တစ်ယောက်အိမ် တစ်ယောက် သွားရောက်လျက် ကစားသည့်အခါလည်း ကစား၏။ စကားငြင်းခုံသည့်အခါလည်း ငြင်းခုံ၏။ တစ်ခါတစ်ရံ အခြားသောရွာသို့ အလည်သွားသည့်အခါလည်း ရှိတတ်၏။ တစ်နေ့တွင် မောင်စံဘသည် မောင်စံလှအိမ် ရောက်လာပြီး လမ်းတွင် အလျားအတောင်တစ်ရာ(၁၀၀)လုံးပတ် အတောင်အစိတ် (၂၅)ရှိသော လင်းမြွေကြီးတစ်ကောင်ကို တွေ့ခဲ့ရကြောင်း အံ့သြဖွယ် ပြောလေသည်။
မောင်စံလှကလည်း မယုံကြည်သောကြောင့် “မင်းပြောတဲ့မြွေကြီးက အရှည်ကြီးပါလား”ဟုပြောရာ “အေး အရှည်ကြီးပဲ“ဟု ပြန်ပြောလေ၏။ တစ်ဖန် မောင်စံလှက “မဟုတ်နိုင်သေးပါဘူးကွာ၊ မင်းဟာ လွန်လွန်းပါတယ်။ သေသေချာချာ တိုင်းထွာလာခဲ့တာမှ မဟုတ်ဘဲနဲ့”ဟု ပြောပြန်၏။ ထိုအခါ မောင်စံဘက “အေးကွာ ၇၅ တောင်လောက်တော့ ရှည်ပါလိမ့်မယ်”ဟု ပြန်ပြောလေ၏။
“ဟာ ဒါလည်း ရှည်သေးတာပဲ”ဟု မောင်စံလှက ပြောပြန်၏။ “ဒါဖြင့် ထားပါတော့ကွာ အတောင် ၅၀- တော့ရှိပါတယ်-ကဲ”ဟု မောင်စံဘက ပြန်ပြော၏။
“အတောင် ၅၀ ဆိုလည်း နည်းတာမဟုတ်ဘူးကွ။”
“အိုကွာ အတောင် ၅၀ ထက်လျှော့ရလျှင် ငါပြောတဲ့ မြွေကြီးဟာ ပုတိုကြီးဖြစ်သွားရောပေါ့။ အခုပဲ လွန်လှပြီ”ဟု သတိထားပြီး ပြန်ပြောလေတော့သတည်း။
**လူထု-ဦးလှ***
***(မြန်မာ့ကျေးလက်ပုံပြင်များ)**

No comments:
Post a Comment