တစ်ရံရောအခါ တောလက်ကျေးရွာတစ်ရွာတွင် ရိုးသားသော တောင်သူကြီးဦးစီးသည့် အိမ်ထောင်တစ်ခုရှိလေ၏။ ထိုအိမ်ထောင်တွင် တောင်သူကြီး၏ဇနီး အိမ်ရှင်မသည် လွန်စွာသောကဗျာပါဒ ရောက်တတ်သူတစ်ဦးဖြစ်၏။
တစ်နေ့သ၌ မိမိ၏ ခင်ပွန်းဖြစ်သော တောင်သူကြီးမှာ မမာမကျန်းဖြစ်လာ၏။ အိမ်ရှင်မကြီးသည် မိမိလင်ယောင်္ကျားအတွက် ပူပင်သောက ရောက်ကာ “ကောင်းသော ဆေးဆရာများကိုသာ ခေါ်ပေးကြပါ”ဟု ငိုမြည်အော်ဟစ်၍ အကူအညီတောင်းလေ၏။
ထိုသို့ တောင်သူကြီး၏ဇနီး ခိုင်းစေချက်အရ အိမ်နီးချင်းများသည် ဗိန္ဒောဆရာတစ်ဦးကို ပင့်ခေါ်၍ပေးလေ၏။ ဆရာရောက်လာသောအခါ လူနာကို စမ်းသပ်၍ လွယ်အိတ်တွင်းမှ ဆေးပုလင်းတစ်လုံးထုတ်ပြီး ဖျော်လေ၏။ အနားတွင်ရှိသော အိမ်ရှင်မသည် ဖေးကူချီမရင်း ပါးစပ်မှလည်း “ဆရာ အခု ဆရာဘာဆေးတိုက်မှာလဲ၊ သည်ဆေးတိုက်ရင် ဘယ်လိုဖြစ်မှာလဲ၊ ကျွန်မယောင်္ကျားကို မြန်မြန်ပျောက်အောင် ကြိုးစားကုပေးပါဆရာ”ဟု ပြောနေ၏။ ဗိန္ဒောဆရာကလည်း “ကိစ္စမရှိပါဘူး။ စိတ်အေးအေးသာထားပါ။ အခုတိုက်မယ့်ဆေးက ၀ိသမ္ဘာယာလို့ ခေါ်ပါတယ်။ အပူနာလား၊ အအေးနာလားသိရအောင် သည်ဆေးကို တိုက်ပါတယ်”ဟု ပြန်ပြော၏။
၎င်းဆေးကိုတိုက်ပြီး အတန်ကြာသောအခါ ဆေးတစ်ခွက်ကို တိုက်ရန် ပြင်ဆင်တော့၏။ အိမ်ရှင်မကလည်း “ဆရာ အခုတိုက်မယ့်ဆေးက ဘာဆေးခေါ်ပါသလဲ။ တိုက်ရင် ဘယ်လိုဖြစ်မှာလဲ”ဟု မေးပြန်၏။ ဆရာက ပြန်ပြောသည်မှာ “ညဥ့်နက်လာတော့ ပို၍ အေးလာရင်အအေးပတ်မှာစိုး၍ အပူအအေးညီမျှအောင် အဗျာဝိပ္ပလိဆိုတဲ့ သည်ဆေးကို ကြိုတင်တိုက်ရပါတယ်”ဟု ပြောလေ၏။
မိုးသောက်ယံ လင်းအားကြီးအချိန်၌ ဆရာသည် အခြားဆေး တစ်မျိုးကို တိုက်ရန် ယူလာပြန်သည်။
အိမ်ရှင်မကလည်း မည်သည့်ဆေးကို မည်ကဲ့သို့ မည်သည့်အတွက်ကြောင့် တိုက်မှာနည်းဟု ထုံစံအတိုင်း မေးပြန်သည်။ ဆေးဆရာကလည်း “ယခုအချိန်မှာ အအေးဓါတ် ပို၍လာသဖြင့် သွားစေ့သည်တိုင်အောင် လူနာ ငန်းဖမ်းလာတတ်ပါသည်။ ထို့ကြောင့် သည်မြင်းသေမျက်ကဲ ငန်းနက်ကြီးကို တိုက်ရခြင်းဖြစ်ပါသည်”ဟု ရှင်းပြလေသည်။
ထိုသို့ ပြောပြောဆိုဆိုနှင့် ၄င်းငန်းနက်ကြီးဆေးကို တိုက်လိုက်သောအခါ လူနာတောင်သူကြီးမှာ စကားမေးမရတော့ဘဲ ငန်းဖမ်းပြီး သေသွားလေတော့၏။
အိမ်ရှင်မခမျာမှာ ဘာကိုမျှ မကြံတတ်တော့၍ သေနေသော မိမိခင်ပွန်း၏ အလောင်းကို ပွေ့ဖက်ကာ “လာကြပါ ကယ်ကြပါ” တစာစာနှင့် ဟစ်ကာကြွေးကာ ငိုရှာလေတော့၏။
ထိုငိုသံကြောင့် အိမ်နီးချင်းများ စုရုံး၍ ရောက်လာကြလျှင် တောင်သူကြီး၏ဇနီးသည် မိမိ၏ ယောင်္ကျား သေရပုံကို ငိုရင်း “ညဦးယံမှာ ၀ိသမ္ဘယာနဲ့ အနာရှာသတဲ့တော့၊ ညလယ်မှာတော့ အဗျာဝိပ္ပလိနဲ့ သွေးလေညှိသတဲ့တော့၊ မိုးသောက်ယံမှာ မြင်းသေမျက်ကဲ ငန်းနက်ကြီးလည်းတိုက်ရော ကျွန်မလင်လည်း သောက်ကျိုးနည်းပါရောတော်၊ ဟော်ဟော်ဟော့”ဟု ရှိုက်ကြီးငင်ကြီးနှင့် အော်ဟစ်ငိုကြွေး၍ ဇာတ်ကြောင်းလှန်ပြောလိုက်သည်တွင် ဗိန္ဒောဆေးဆရာလည်း လွယ်အိတ်ကလေးကို လျင်စွာယူကာ မသာအိမ်မှ အပြေးကလေး ထွက်သွားလေတော့သတည်း။
ဖခင်တောင်သူကြီးသေ၍ မကြာခင်တွင် သားငယ်တစ်ယောက်မှာ မစားနိုင်၊ မသောက်နိုင် တမှိုင်မှိုင် ရောဂါတစ်ဖန် ရလာပြန်တော့သည်။ မိခင်အိမ်ရှင်မသည် ဗိန္ဒောဆရာဟူသမျှကို လင်သေအောင် သတ်သည်ဟု ယူဆသောကြောင့် အမုန်းကြီးမုန်းကာ သည်တစ်ခါတော့ သားအတွက် ဓါတ်စာဆရာနှင့်ပင် ကုသတော့မည်ဟု ဆုံးဖြတ်ပြီး ဓါတ်စာဆရာတစ်ဦးကို ပင့်စေ၏။
မကြာမီ ဓါတ်စာဆရာတစ်ဦးရောက်လာ၏။ ၄င်းဓါတ်စာဆရာမှာ မျက်စိတစ်ဖက်လပ်နှင့် ဖြစ်သည်။ ဓါတ်စာဆရာသည် ရောက်လျှင် ရောက်ချင်း လူနာကို စမ်းသပ်ကြည့်ရှုကာ မိခင် အိမ်ရှင်မကို ခေါ်၍ ဓါတ်စာ အညွှန်းပေးလေ၏။ ၄င်းအညွှန်းမှာ “လယ်ပုစွန်ကို မီးအုံး၍ မန်ကျည်းသီးစိမ်းနှင့် ထောင်းကျွေးရမည်၊ ပြီးလျှင် လက်ပံခေါက်နှင့် အိမ်ပုန်းရည်ကို ကျိုတိုက်ရမည်၊ ၄င်းဆေးဓါတ်များ ကျွေးပြီး ၂-ရက်ရလျှင် အုန်းသီးစိမ်းခြောက်လုံးကို ရှာပြီး အရည်ဖောက်ကာ အကုန်တိုက်ရမည်”ဟူ၍ ဖြစ်သတည်း။
အိမ်ရှင်မကြီးလည်း ယုံယုံကြည်ကြည်နှင့် ဓါတ်စာဆရာပေးသမျှ အညွှန်းအတိုင်း ကုသခဲ့ရာ လယ်ပုစွန်ကို ကျွေး၍ အုန်းရည်ကို တိုက်ပြီး၍ မကြာမီပင် သားကလေးလည်း သေဆုံးသွားပြန်လေ၏။
မိခင်ကြီးခမျာ မကြာသေးမီက ဗိန္ဒေဆရာကြောင် သေသောလင်ပူမှ မပျောက်ခင် ယခုလည်း ဓါတ်စာဆရာကြောင့် သားလည်း သေရပြန်ပြီဟု ယူကျုံးမရဖြစ်ကာ တစာစာနှင့် လာမေးသမျှ လူအပေါင်းအား ဓါတ်စာဆရာကြောင့် သားသေရသည့်အဖြစ်ကို “လယ်ပုစွန်ရယ်မှ ခြေရှစ်ချောင်း၊ မန်ကျည်းသီးစိမ်းနှင့် ထောင်း၊ ကောင်းတယ်ဆိုလို့ ကျွေးရတာတစ်တန်တော့၊ လက်ပံခေါက်နဲ့ ပုန်းရည်ကျို ကိုယ်ပူချိုမယ်ဆိုလို့ တိုက်ရတာက တစ်တန်တော့၊ အမယ်မင်း အုန်းစိမ်းရယ်မှခြောက် လူပါပျောက် သဘောက်မ ဆေးဆရာကာဏာရိတ်ကဲ့လေး- ဟေးဟေးဟေ့”
ဤကဲ့သို့ သားအဖြစ်နှင့် လင်အဖြစ်ကို နှမြောတသကာ စာဖွဲ့၍ ငိုကြွေးလေတော့သတည်း။
***လူထု-ဦးလှ**
***(မြန်မာ့ကျေးလက်ပုံပြင်များ)**

No comments:
Post a Comment