ရှေ့းအခါက ရွာတစ်ရွာတွင် ရိုးသားဖြောင့်မတ်ပြီး အလွန်ဆင်းရဲသော ရွာသားတစ်ယောက် ရှိလေသည်။ သူသည် ရွာကလေး၌ ရရာအလုပ်ကို ကြိုးစားပြီး လုပ်ပါသော်လည်း ရွာကလေးကလည်း ဆင်းရဲသောရွာငယ် ဖြစ်သည့်အတွက် သူ၏ တစ်ကိုယ်ရေတစ်ကာယ စားဝအောင် ရှာဖွေမရဘဲ ရှိလေသည်။
သူဆင်းရဲသည် ရိုးသားသည့်အပြင် ရတနာသုံးပါးကိုလည်း ကိုင်းရှိုင်းသူ ဖြစ်လေသည်။ ထို့ကြောင့် သူနေ့စဉ်
ရှာဖွေရရှိသော မ၀ရေစာ အာဟာရကိုပင် မျှတ၍ ဆွမ်းတော်တင်၍ အိမ်ရှေ့တွင်ရှိသော ညောင်ပင်မှ ညောင်ရုက္ခစိုးကို ပူဇော်ပသပြီးမှ စားသောက်လေ့ရှိလေသည်။
ဤနည်းဖြင့် အစဉ်အတိုင်းနေခဲ့ရာ ညောင်ရုက္ခစိုးသည် ထိုဆင်းရဲသားအပေါ် ကြင်နာသနားလာပြီး “သူဆင်းရဲသည် ငါ့အား ၀တ်မပျက် စားဦးစားဖျားဖြင့် ပူဇော်ပေ၏။ သူ၏ ကျေးဇူးကို တုံ့ပြန်ခြင်းဖြင“့် ကယ်မမှ သင့်မည်”ဟု ကြံ၍ တစ်နေ့သောအခါ ရုက္ခစိုးသည် စားဦးစားဖျား လာတင်သော သူဆင်းရဲအား ကိုယ်ထင်ပြပြီးလျှင် “အသင်ဆင်းရဲသား သင့်ကို ငါးကျေးဇူးတုံ့ပြန်သည့်သဘောဖြင့် ဤဣစ္ဆာသယ မြေအိုးငယ်ကို ပေးလိုက်မည်။ ထိုအိုးငယ်အထဲမှ သင်အလိုရှိသော အရာကို နှိုက်ယူသုံးစွဲကာ ချမ်းသာစွာ နေလေတော့”ဟု ဆိုပြီး ဆင်းရဲသားအား အိုးကိုပေးပြီးသော် ကွယ်လေ၏။
သူဆင်းရဲသည် အိုးကိုရပြီးနောက် စမ်းကြည့်မည်ဟု ကြံ၍ အိုးထဲမှ အလွန်အရသာရှိသော မုန့်များရလိုသည်ဟု ဆိုပြီး အိုးထဲသို့ နှိုက်လိုက်ရာ နတ်သုဒ္ဓါကဲ့သို့ အရာသာရှိလှသော မုန့်များကို စားပြီးနောက် ထပ်မံ စမ်းသပ်လိုသေးသည်နှင့် အိုးထဲမှ ရတနာ ရွှေငွေ ကျောက်သံပတ္တမြားများကို ရလိုသည်ဟု ပြောကာ အိုးထဲသို့ နှိုက်လိုက်ပြန်သည်။ ထိုအခါတွင် သူတောင့်တသည့်အတိုင်း ရတနာများ ရရှိပြန်လေသည်။
ဤတွင် သူဆင်းရဲသည် ၀မ်းသာအားရရှိလှပြီး ငါကား တစ်သက်စားမကုန် သောက်မခန်း အဖိုးတန်လှသော နတ်အိုးကို ရလေသည်။ လောကကြီးမှာ ငါကြောက်စရာကား ဘာမျှမရှိ၊ ဘုရင့်ကိုပင် ပြိုင်နိုင်သော ငါပါကလား”ဟု ရွှင်မြူးလာပြီး ကွေးအောင် ကလိုက်သည့်အပြင် မြေအိုးငယ်ကိုလည်း မြူးကြွနေသည့်စိတ်ဖြင့် ခြင်းလုံးကဲ့သို့ တော့ကစားလိုက်ရာ ဣစ္ဆာသယအိုးသည် ဒူးပေါ်မှ ကျပြီး ကွဲသွားလေတော့သတည်း….။
***လူထု-ဦးလှ***
***(မြန်မာ့ကျေးလက်ပုံပြင်များ)***

No comments:
Post a Comment