ရှေးရှေးအခါက အိမ်တစ်အိမ်သို့ တောက်တဲ့ကြီးတစ်ကောင် ရောက်လာသည်။ ထိုတောက်တဲ့သည် ထုံးစံတိုင်း ပင် “တောက်တဲ့- တောက်တဲ့”နှင့် သူအော်ချိန်တန်သည်ထင်လျှင် အော်သည်။ နေ့စဉ်ပင် မှန်မှန်အော်သည်။ တောက်တဲ့အော်သောကြောင့်လော၊ အိမ့်ရှင်က အလုပ်ကြိုးစား၍လော မပြောတတ်၊ အိမ်ရှင်သည် စီးပွားဥစ္စာ တစ်စတစ်စ တိုးတက်လာသည်။
တစ်နေ့သော ပူအိုက်သည့် နေ့ခင်းအချိန် လေလာနေရာတွင် ချမ်းသာလာသော အိမ်ရှင်သည ခုတင်တစ်လုံးပေါ်၌ အိပ်နေလေသည်။ ထိုသို့ အိပ်၍ကောင်းသောအချိန်မှာပင် တောင်တဲ့ကြီးသည် “တောက်တဲ့- တောက်တဲ့”ဟူင၍ အော်မြည်လေသည်။
တောက်တဲ့အော်သံကြောင့် အိမ်ရှင်လည်း လန့်နိုးပြီး ဒေါသထွက်ထွက်နှင့် တောက်တဲ့ကို လိုက်ရိုက်ရာ တောက်တဲ့လည်း အသက်ဘေးမှ လွတ်အောင် ပြေးမိပြေးရာ ပြေးရလေတော့သည်။ ခြေဦးတည့်ရာ ပြေးရင်း လွှားရင်းနှင့် ဖွတ်မင်းဆီသို့ ရောက်သွားသောအခါ နေပူကျဲကျဲကြီးတွင် အူယားဖားယား ပြေးလာသော တောက်တဲ့အား ဖွတ်မင်းက “အို- အဆွေ တောက်တဲ့ ဘယ်အတွက်ကြောင့် ဤသို့ အူယားဖားယား ပြေးလာရပါသလဲ၊ ကျနော် ဘာအကူအညီပေးရပါမလဲ”ဟု မေး၏။ ထိုအခါ တောက်တဲ့ကြီးသည် ကျေးဇူးမသိတတ်သည့် အိမ်ရှင်က မိမိကို လိုက်ရိုက်သည့် အကြောင်းစုံကို ပြောပြပြီး ဤမျှ ကျေးဇူးမသိတတ်သူကို ပြာကျသွားအောင် သူ့အိမ်ကို ဖွတ်မင်းသွားတက်ပြီး ခဏနေပေးစေလိုကြောင်း မေတ္တာရပ်ခံသည်။
ထိုအကူအညီမျိုးပေးရန် ဘာမှဝန်မလေးသော ဖွတ်မင်းသည် ကောင်းပြီဟု ၀န်ခံကာ တောက်တဲ့နေခဲ့သည့်အိမ်သို့ သားလေသည်။ အချိန်အတန်ကြာသော် ဖွတ်မင်း ပြန်လာသည်။
“အို- အသင်တောက်တဲ့၊ သင်နေခဲ့သည့် အိမ်အနီးသို့ ကျနော်ရောက်ခဲ့ပါပြီ၊ အသင် ဘာမှစိုးရိမ်နှင့် သင့်ကို လိုက်ရိုက်သော အိမ်ရှင်မွဲသွားအောင် သူ့အိမ်ပေါ်သို့ ကျနော် တက်စရာမလိုတော့ပါ၊ ကျနော်ထက်ထိရောက်သည့်သူ မြန်မြန်မွဲစေနိုင်သူတစ်ယောက်ကို သူ့အိမ်မှာ တွေ့ခဲ့ပါသည်။ အခြားသူမဟုတ် အဂ္ဂိယသမားတစ်ဦး ဖြစ်ပါသည်။“ဟု ပြောလိုက်လေသည်။
လူထု-ဦးလှ
(မြန်မာကျေးလက်ပုံပြင်များ)

No comments:
Post a Comment