ရှေးရှေးတုန်းက ရွာတစ်ရွာတွင် ငပုနှင့် ငရှည်ဟူသော လူနှစ်ဦးရှိကြ၏။ ငပုဆိုသူမှာ နာမည်အတိုင်း အရပ်အလွန်ပုသူဖြစ်ပြီး ငရှည်ဆိုသူမှာလည်း အရပ်အလွန်ရှည်သူဖြစ်၏။
တစ်နေ့တွင် သူတို့နှစ်ဦး တောလည်သွားကြရာ တောတွင်းတစ်နေရာ၌ အသီးအပွင့်များ ဝေေ၀ဆာဆာနှင့် အလွန်လှပသော ကင်းပုံပင်ကြီးတစ်ပင်ကို တွေ့ရှိရလေ၏။ အသီးအပွင့်များ ဝေေ၀ဆာဆာ သီးပွင့်နေသည်ကို တွေ့မြင်ရသဖြင့် နှစ်ယောက်သား ၀မ်းမြောက်ဝမ်းသာဖြစ်၍ ကင်းပုံပင်ကြီးဆီိသို့ ပြေးသွားကြ၏။ အနီးသို့ ရောက်သောအခါတွင်မူ ကင်းပုံသီးများမှာ
အနီးရှိ မြင့်မားသော ထနောင်းပင်ကြီးပေါ်၌ နွယ်ပြီးသီးနေသည်ကို တွေ့ရသဖြင့် အရပ်ပုသော ငပုမှာ စိတ်ပျက်သွားလေ၏။
ငရှည်ကမူ ၀မ်းသာအားရဖြစ်ပြီး ကင်းပုံသီးများကို လှမ်းဆွတ်၍ ခါးပိုက်ထဲထည့်၏။ ခါးပိုက်၌ မဆံ့တော့သောအခါ ငရှည်က ခရီးဆက်ရန် ပြောလေတော့၏။ အရပ်ပု၍ ကင်းပုံသီးတစ်လုံးမျှမရသော ငပုခမျာ ကင်းပုံသီးမပါဘဲ ရွာပြန်ရမည်ကို ရှက်သဖြင့် လူငယ်ချင်းကို အားကိုးသောစိတ်ဖြင့် “သူငယ်ချင်း ငရှည်၊ မင်းကတော့ အရပ်ရှည်လို့ ကင်းပုံသီးတွေ အများကြီးရတယ်။ ငါ့မှာတော့ မင်းသိတဲ့အတိုင်းပဲ အရပ်ပုလို့ တစ်လုံးမှ မရဘူး မင်း ဒါလောက်အများကြီး စားလို့ကုန်မှာလည်း မဟုတ်ပါဘူးကွာ၊ ငါ့ကို နည်းနည်းလောက်ခွဲပေးပါ”ဟု ငရှည်ကို တောင်းပန်ပြောဆိုလေ၏။ ငရှည်ကမူ လှည့်၍ပင် မကြည့်ဘဲ “မင်းလိုချင်ရင် မင်းအမေကို ငါ့လို ရှည်အောင် မွေးခိုင်းပါလား”ဟု ပြန်ပြောလိုက်လေ၏။
ငပုခမျာ မည်သို့မျှ ပြန်မပြောနိုင်ရှာဘဲ ဆိတ်ဆိတ်ပင် ခရီးဆက်ခဲ့ရလေ၏။ အတန်ကြာသွားမိလျှင် ချုံကြီးတစ်ချုံထဲ၌ မှိုများပေါက်နေသည်ကို တွေ့ရ၏။ မှိုများ တွေ့သည်ဆိုလျှင် ငပုသည် ၀မ်းသာအားရ ချုံထဲတိုး၍ မှိုများ နှုတ်ယူလေတော့၏။ ငရှည်မှာ သူ၏ အရပ်နှင့် ချုံထဲအ၀င်ရခက်သဖြင့် ချုံထဲ မ၀င်နိုင်ဘဲ အားရ၀မ်းသာ နုတ်ယူနေသော ငပုထံကပ်ပြီး “သူငယ်ချင်း ငါ့နည်းနည်းမျှပါ”ဟု လိုချင်ဇောနှင့် တောင်းလေသည်။ ငပုမှာ အခွင့်သင့်သည်နှင့် “မင်းလိုချင်ရင် မင်းအမေကို ငါ့လို အရပ်ပုအောင် မွေးခိုင်းပါလား”ဟု ရယ်ရယ်မောမော ပြန်လည် ချေပပြောဆိုပြီးနောက် မျက်နှာပျက်နေသော ငရှည်အား မှိုအချို့ကို ခွဲဝေပေးလိုက်လေသည်။ ငရှည်မှာ ကင်းပုံသီးများခူးစဉ်က မိမိပြုမူခဲ့သော အပြုအမူနှင့် ငပုက ယခုကဲ့သို့ ပြုမူသည်တို့ကို ယှဉ်ပြီး စဉ်းစားမိကာ ရှက်နေလေ၏။ ခရီးဆက်၍ အတန်လှမ်းသည်တွင် မုန်ယိုနေသော ဆင်ကြီးတစ်ကောင်နှင့် ရင်ဆိုင်တွေ့ကြလေသည်။ ၄င်းတို့နှစ်ဦးကို မြင်သည်နှင့် ဆင်ကြီးက ဒလကြမ်းလိုက်သည်။ ငပုနှင့် ငရှည်တို့မှာ မည်သို့မျှ မပြေးနိုင်တော့ဘဲ နီးရာ၌ အကာအကွယ်ယူကြရလေတော့သည်။ ငပုသည် အနီးရှိ ချိုင့်ကလေးတစ်ခုတွင်းသို့ ဆင်းပြီး ချုံငယ်ကလေးကို ကွယ်၍ ၀ပ်နေလိုက်သဖြင့် ဆင်ကြီးမမြင်တော့ဘဲ ပျောက်နေတော့၏။ ငရှည်မှာမူ ချုံတစ်ချုံကို ကွယ်၍ ပုန်းသော်လည်း ၄င်း၏ ရှည်လျားသော အရပ်ကြီးကြောင့် ကွယ်၍မရဘဲ ဆင်ကြီး မျက်စိအောက်တွင် ထိုးထိုးထောင်ထောင်နှင့် ပေါ်နေလေသည်။ ဆင်ကြီးမှာ မုန်ယိုနေသည်ဖြစ်၍ မဆိုင်းမတွပင် ငရှည်ရှိရာသို့ ပြေးဝင်ပြီး ခွာဖြင့် နင်းသတ်လိုက်လေသည်။
ဆင်ကြီး ထွက်သွားသောအခါမှ ငပုလည်း ပုန်းရာမှ ထွက်လာပြီး ကင်းပုံသီးများ၊ မှိုများကို ပိုက်၍ ရွာသို့ ပြန်ခဲ့လေတော့သတည်း။
**လူထု-ဦးလှ***
***(မြန်မာ့ကျေးလက်ပုံပြင်များ)**

No comments:
Post a Comment