(တီဟီရန်၊ စက်တင်ဘာလ ၂၂-ရက်)
ကာတာနိုင်ငံ ဒိုဟာမြို့တွင် အဖွဲ့ဝင် ၁၅-နိုင်ငံပါဝင်သော ဓာတ်ငွေ့တင်ပို့သော နိုင်ငံများအဖွဲ့(GECF)၏ ၀န်ကြီးအဆင့်အစည်းအဝေးကို ကျင်းပမည်ဖြစ်ကြောင်း အီရန်ကိုယ်စားလှယ် မိုဟာမက်အလီခါတာဘီက စက်တင်ဘာလ ၂၁-ရက်နေ့၌ ပြောကြားလိုက်သည်။ လာမည့် ဒီဇင်ဘာလ ၁၉-ရက်နေ့တွင် ကျင်းပမည့် ယင်းအစည်းအဝေး၌ GECF ၏
အထွေထွေအတွင်းရေးမှူးချုပ် ရွေးချယ်ခန့်အပ်ရန်၊ အတွင်းရေးမှူးချုပ်ရုံးအဖြစ် ဗဟိုဌာနချုပ်နေရာသတ်မှတ်ရန်နှင့် အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင် ဓာတ်ငွေ့ဈေးနှုန်းတည်ငြိမ်မှုရှိရေးတို့ကို အဓိကထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ခါတာဘီက ထည့်သွင်းပြောကြားသည်။ (အင်တာနက်)
*** အီရန်ကို တိုက်ခိုက်မည်မဟုတ်ကြောင်း အစ္စရေးက ကတိပြုထား၊ ရုရှားသမ္မတ မက်ဗီဒက်က ထုတ်ဖော်ပြောကြား**…
(မော်စကို၊ စက်တင်ဘာလ ၂၂-ရက်)
အစ္စရေးက အီရန်အား တိုက်ခိုက်မည်မဟုတ်ဟု ရုရှားကို ကတိက၀က်ပြုထားကြောင်း ရုရှားသမ္မတ ဒီမီထရီမက်ဗီဒက်က တွေ့ဆုံမေးမြန်းခြင်းတရပ်တွင် ပြောကြားပြီး ယင်းသို့တိုက်ခိုက်ပါက အဆိုးရွားဆုံးလုပ်ရပ် ဖြစ်မည်ဟု ပြောကြားလိုက်သည်။ အီရန်က ယူရေနီယံ သန့်စင်မှု ရပ်ဆိုင်းရန်ငြင်းဆန်ပြီး အဏုမြူဗုံးပြုလုပ်မည့်နည်းလမ်းအပေါ် အတင်းအကျပ် ငြင်းပယ်မည်ဟု အစ္စရေးက အရိပ်အမြွက်ပြောကြားခဲ့သည်။ ထို့အပြင် ရုရှားက အီရန်သို့ (အက်စ်-၃၀၀)အမည်ရှိ လေယာဉ်တိုက်ဖျက်ရေး လက်နက်များ ဖြည့်ဆည်းပေးမည့် အစီအစဉ်ကိုလည်း အစ္စရေးက ဝေဖန်ပြောကြားခဲ့၏။ ရုရှားအစိုးရက အီရန်အား အထောက်အကူပြုနေသည်ဟု စွပ်စွဲချက်ကို မက်ဗီဒက်က ငြင်းဆန်သည်။ သို့ရာတွင် ကာကွယ်ရေးလက်နက်များ ရောင်းချခွင့်သည် ရုရှားတွင်ရှိပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုသည် နောက်ဆုံးရွေးချယ်ရမည့်နည်းလမ်းဟု ၄င်းကဆက်လက်ပြောကြားသည်။ (ရိုက်တာ)
*** စင်္ကာပူနိုင်ငံအနီး ပင်လယ်ပြင်တွင် ပင်လယ်ဓားပြများ သောင်းကျန်းလာ**….
(စင်င်္ကာပူ၊ စက်တင်ဘာလ ၂၂-ရက်)
စင်္ကာပူနိုင်ငံ ရေပိုင်နက်နှင့် အနီးဝန်းကျင်ရှိ ရေပြင်တွင် ယခုနှစ်အတွင်း သင်္ဘောပြန်ပြေးဆွဲမှုများ ပိုမိုများပြားလာကြောင်း၊ ဒေသဆိုင်ရာ သတင်းဌာနက ဖော်ပြ၏။ ယခုနှစ်တွင် တောင်တရုတ် ပင်လယ်၌ ပင်လယ်ပြင်တိုက်ခိုက်မှု (၁၀)မှုရှိသဖြင့် ၅-နှစ်အတွင်း သင်္ဘောပြန်ပြေးဆွဲမှု အများဆုံး နှစ်ဖြစ်သည်ဟု ဆိုသည်။ မလက္ကာ ရေလက်ကြားနှင့် စင်္ကာပူရေလက်ကြားတွင် ပင်လယ်ဓားပြများ သောင်းကျန်းလျက်ရှိသည်။ ယခုနှစ်အတွင်း၌ ပင်လယ်ဓားပြများသည် သင်္ဘောများကို ၅-ကြိမ်တိုင် စီးနင်းနိုင်ခဲ့ပြီး သင်္ဘောပေါ်သို့ တက်ရောက်နိုင်ရန် ကြိုးပမ်းမှု တစ်ကြိမ်ရှိခဲ့သည်။ (အင်တာနက်)
*** တရုတ်နိုင်ငံတွင် မြေအောက်ရထားလမ်း သစ်ဖွင့်လှစ်မည်**…
လာမည့်အောက်တိုဘာလ ၁-ရက်နေ့၌ ကျရောက်မည့် တရုတ်နိုင်ငံ၏ အမျိုးသားနေ့ (တရုတ်ကွန်မြူနစ် ပါတီထူထောင်သောနေ့)ကို ဂုဏ်ပြုသောအားဖြင့် ပေကျင်းမြို့မှ (၂၈.၂-ကီလိုမီတာ)ရှည်သော မြေအောက်ရထားလမ်းသစ် တစ်လမ်းကို ဖွင့်လှစ်မည်ဖြစ်သည်။ ယင်းမြေအောက်ရထားလမ်းသစ်သည် ဘူတာပေါင်း (၂၄)ဘူတာကို ဖြတ်သန်းပြီး နေ့စဉ်ခရီးသည် (၄၀၀၀၀၀)ကျော်ကို ယ်ယူပို့ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း တရုတ်ပို့ဆောင်ရေး အရာရှိများက စက်တင်ဘာလ ၂၂-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** တောင်အာဖရိကနိုင်ငံရှိ အမေရိကန်သံရုံးအား ယာယီပိတ်ထားရ…**
“တိုက်ခိုက်ခံရနိုင်သည်”ဟု တောင်အာဖရိကနိုင်ငံလုံခြုံရေး အရာရှိများက သတိပေးမှုကြောင့် တောင်အာဖရိကနိုင်ငံ၊ ကိတ်တောင်းမြို့ရှိ အမေရိကန်သံရုံးကို စက်တင်ဘာလ ၂၂-ရက်နေ့၌ ယာယီပိတ်ထားကြောင်း ထို့အပြင် ဂျိုဟန်နစ္စဘတ်မြို့ ပရီတိုးရီးယားမြို့နှင့် ဒူရာဘန်မြို့တို့ရှိ အမေရိကန်သံအဖွဲ့မျာအား သတိပေးချက် ထုတ်ပြန်ထားကြောင်း ယင်းသံရုံးက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ဓာတ်ငွေ့တင်ပို့သော နိုင်ငံများ အစည်းအဝေးအား ကာတာနိုင်ငံမှာ ကျင်းပရန်ရှိ…**

No comments:
Post a Comment