ရှေ့က တင်ပြပြီးတဲ့အတိုင်း၊ `တနင်္ဂနွေနေ့´ဆိုတာနိုင်ငံတကာမှာ အလုပ်ပိတ်ရက်ပေါ့နော်။ ထိုင်း-မြန်မာ နယ်စပ်၊ တာ့(ခ်)ခရိုင်ထဲက (တာ့ခ်၊ မဲဆောက်၊ ထဆောင်ယန်း၊ အုန်းဖန်၊ မယ်ရမတ်၊ ဖုတ်ဖရား)စတဲ့ ၆-မြို့နယ်ဆီကို ချီတက်လာကြတဲ့ အဝေးရောက် မြန်မာပြည်သားတွေအတွက်တော့ `တနင်္ဂနွေ အလုပ်ပိတ် ရက်´ဆိုတာ `ရာဇ၀င်ထဲမှာ တနင်္ဂနွေကိုထားခဲ့မယ် ဆိုသလို´ရီစရာ ပုံပြင်တစ်ခုပါပဲဗျာ။
သြော်… အလုပ်ရှင်တွေက တနင်္ဂနွေနေ့တိုင်းသာ အလုပ်ခိုင်းတာမဟုတ်ဘူးနော်။ ထိုင်းဘုရင့်မွေးနေ့(ဒီဇင်ဘာလ ၅-ရက်) ထိုင်းမိဖုရားမွေးနေ့ (သြဂုတ်လ ၁၂-ရက်)၊ မေဒေးနေ့ (မေလ ၁-ရက်) ကဆုန်လပြည့်-ဗုဒ္ဓနေ့ စတဲ့ ထိုင်းနိုင်ငံရဲ့ အစိုးရရုံးပတ်ရက်(ခေါ်)နေ့ထူးနေ့မြတ်ကြီးတွေမှာလည်း အလုပ်မပိတ်ပေးဘူးခင်ဗျ။ ထားပါတော့…။ အဲဒီလို အလုပ်ပိတ်ရက်မှာ အလုပ်ပိတ်မပေးလို့ လုပ်အားခ ၂-ဆ၊ ၃-ဆ ရော ပေးရမယ် ဆိုတဲ့အတိုင်း ပေးသလားဆိုတော့လည်း နေ့စဉ်လုပ်အားခ (၆၀- ၇၀-ဘတ်)က ပိုမပေးပြန်ပါဘူး။ (ထိုင်းအလုပ်သမားဥပဒေ BE-2541 (1998) Act မှာ တနင်္ဂနွေပိတ်ရက် အလုပ်ခိုင်းရင် ပုံမှန်လုပ်အားခရဲ့ ၂-ဆ၊ နေ့ကြီး ၁၃-ရက် ပိတ်ရက်မှာ အလုပ်ခိုင်းရင် ပုံမှန်လုပ်အားခရဲ့ ၃-ဆပေးရမယ်လို့ ပြဌာန်းထားတယ်ဗျို့…။
ကိုင်း…. မွဲခြောက်ဈေးရဲ့ တနင်္ဂနွေနေ့ ဘက်ကိုပဲပြန်လည့်ကြပါဦးစို့။ မွဲခြောက်ဈေးရဲ့ တနင်္ဂနွေနေ့မှာ တခြားနေရာမှာသာ လူမစည်ရရင်ရှိရမယ်၊ `လေထန်ကုန်း ကဖေး´တို့၊ `ဖိုးထူး ကဖေး´တို့၊ `တက္ကသိုလ် ဦးချစ် ကဖေး´တို့ `လပ်ကီး ကဖေး´စတဲ့ မဲဆောက်မြို့က နာမည်ကျော် လ္ဘက်ရည်ဆိုင်တွေမှာကတော့ ကုန်ဈေးနှုန်း ကြီးလာတာက တခြား၊ နေ့စဉ်အလုပ်မရှိတာက တခြားဆိုပေမယ့် လူတွေက စည်မှစည်ပဲဗျို့။ အလုပ်မရှိတော့တဲ့အခါကျတော့ အချိန်အားတွေပိုများပြီး လ္ဘက်ရည်ဆိုင်တွေ ပိုထိုင်လာကြသလား (၀ါ)ဒါမှမဟုတ် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူတွေရဲ့ ဆန့်ကျင်ဘက်အင်အားစုတွေဟာ ပိုမိုများပြားလာနေတာလား၊ ခွဲခြားလို့တော့ ကြည့်ရအုံးမှာပေပ…။ မွဲခြောက်ဈေးရဲ့ တနင်္ဂနွေဟာ အခုအပတ်မှာတော့ အခုရက်ပိုင်းကပဲ သူတောင်းစားတွေ ဖမ်းထားတာမို့ သူတောင်းစားတွေ အတွေ့နည်းရသဗျို့။ ဗေဒင်ဆရာတွေ၊ သီလရှင်တွေ၊ ဘုန်းကြီးအယောင်ဆောင်တွေကတော မွဲခြောက်ဈေးထဲမှာ တနင်္ဂနွေရယ်သော၊ ဘာရယ်သော ဘယ်ရှိပါ့မလဲလေ။
ဟုက်ကဲ့… မွဲခြောက်ဈေးမှာဖြင့် လက်တွန်းလှည်းဈေးသည်တွေ၊ ချရောင်းတဲ့ ဈေးဗန်းသည်တွေ ပို- ပိုများလာပြီး တွေ့သမျှ ဈေးသည်တွေချည်းပဲလားတောင် အောက်မေ့ရသဗျို့။ ဟေး… ဟိုနားက ကလေးတို့ရေ၊ ဈေးရောင်းကောင်းရဲ့လား ဟေ့…။ (ဟုတ်ကဲ့… ဒီလိုပါပဲ ဦးလေးရေ)တဲ့. ဟုတ်ကဲ့…. ဟုတ်ကဲ့…. ဟုတ်ကဲ့။
ဟော… ကြည့်ပါအုံး။ မဲဆောက်ဈေးက အမှိုက်ပုံရယ်၊ မဲဆောက်ကုန်စိမ်းဈေးနဲ့ ၄၈-ကီလိုမီတာလိုင်းကား တွေကလည်း မွဲခြောက်ဈေးရဲ့ တနင်္ဂနွေကို ပံ့ပိုးပေးနေတာပဲ မဟုတ်လားဗျ…..။
ကျနော်တို့ ပြောနေတာက၊ ပြောချင်တာက (အဲဒါပါပဲလေ)….။
ခံစားတင်ပြသူ - သောင်ရင်းနဂါး (မြန်မာပြည်သား)
*** မွဲခြောက်ဈေးရဲ့ တနင်္ဂနွေ ***

No comments:
Post a Comment