ရှေးအခါက တောရွာတစ်ရွာတွင် ပစ္စည်းဥစ္စာ အသင့်အတင့် ချမ်းသာသော လင်မယားရှိကြ၏။ သူတို့တွင် ရုပ် ရည်ရှိသည့် သားတစ်ယောက်သာ ထွန်းကားလေရာ ငယ်စဉ်အခါကစ၍ အရွယ်ရောက်သည်တိုင်အောင် မိဘ ရိုးရာဖြစ်သော တောင်သူလယ်ယာအလုပ်ကို မခိုင်းရက်ဘဲ ရှိလေ၏။
သားဖြစ်သူကလည်း မိဘတို့မခိုင်းရက်သည့်အတိုင်း မိဘတို့၏ လုပ်ငန်းတွင် ဘာကိုမျှ ကူညီလုပ်ကိုင်ခြင်း စိတ်ဝင်စားခြင်း မရှိ၊ ဟိုလိုလို ဒီလိုလို ဟေးလားဝါးလားနှင့်သာ အချိန်ကုန်နေလေ၏။
တစ်နေ့သော် ရွာတွင် အလှူအတန်း ရှိသည့်အတွက် မြို့က ဇာတ်အဖွဲ့ရောက်လာရောက်ပြရာ တောရွာသားတို့သဘာဝအတိုင်း ထိုသူငယ်နှင့်တကွ ရွာသူရွာသားများသည် ဇာတ်အဖွဲ့နှင့် ခင်မင်ရင်းနှီးကြပြီး ပြန်ကာနီးတွင် ထိုသူငယ်သည် မိဘများကို ဇာတ်အဖွဲ့နှင့် လိုက်လိုကြောင်း အတင်းပူဆာသဖြင့် အလိုလိုက်ပြီး ထည့်လိုက်ရလေ၏။
နောက် ၃-၄ နှစ်ခန့် ကြာသွားသောအခါ ရပ်ရွာတွင် ဘုရားပွဲ ရှိသည့်အတွက် ထိုဇာတ်အဖွဲ့သည် တစ်ဖန် လာရောက် ကပြကြရပြန်၏။ ထိုအခါ မိဘရပ်ရွာ ပြန်ရောက်လာသောကြောင့် ထိုသူငယ်သည်။ မိဘဆွေမျိုး၊ သူငယ်ချင်းအပေါင်းတို့ကလည်း “ငါးသား ငါ့ညီ ငါ့မောင် ငါ့သူငယ်ချင်း မင်းဇာတ်ထဲလိုက်သွားတာကြာပြီ၊ အခု ဘာဖြစ်နေသလဲ၊ မင်းသားလား၊ မင်းသားလတ်လား၊ ရျင်ဘုရင်လား၊ လက်စွဲလား”စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ ထင်ရာမေးကြလေသည်။ သူငယ်ကမူ ပြုံးပြုံးကြီးလုပ်နေပြီး “ညကျတော့ သိလိမ့်မပေါ့”ဟုသာ ပြန်ပြောလေသည်။
ညအချိန်ရောက်သော် ဇာတ်အဖွဲ့က ရင်းနှီးသည်ကတစ်ကြောင်း၊ မိမိတို့အရပ်သား ပါနေသည်က တစ်ကြောင်းကြောင့် တို့အရပ်သား ဘယ်အခန်းက ပါမှာပါလိမ့်ဟု သိချင်ကြသည့်အတွက် အိမ်စောင့်မှတစ်ပါး ရွာလုံးကျွတ် ထွက်၍ ကြည့်ကြလေသည်။ ပွဲထွက်၍ အပျိုတော်ကပြီးသည်မှစ၍ နှစ်ပါးသွားသည့်တိုင်အောင် အရပ်သားထွက်မကသေး မပါသေးပေ။ ပရိသတ်များကလည်း အရပ်သား ထွက်လာနိုးနှင့် စောင့်မျှော်နေကြသည်။ နှစ်ပါးသွားပြီး၍ ရှင်ဘုရင်နှင့် ၀န်ကြီးထွက်လာသော်လည်း မတွေ့ရသေးပေ။ ရှင်ဘုရင်ဝင်သွားပြီး အမတ်ကြီးက စစ်မက်ရေးရာနှင့် ပတ်သက်ပြီး တိုင်းပြည်လူထု မိမိဘက်က ဘယ်မျှရှိသည်ကို သိရအောင်” “တို့လူလေးများ ဆိုသလေး”ဟု တိုင်လိုက်ရာ “ဝေလေလေ”ဆိုသည့် အသံကြီးထွက်ပေါ်လာသည်။ ထိုအသံထဲတွင် မိမိတို့၏ သား၏ အသံက အကျယ်ဆုံးထွက်ပေါ်လာသည်။ ထိုအခါ “လက်စသတ်တော့ တို့သားက ဝေလေလေ ထဲကပဲကိုး”ဟု မိဘများက ညည်းထွားကြရှာလေသည်။ ထိုသူငယ်၏ အဖြစ်အပျက်ကို အကြောင်းပြ၍ ပညာကောင်းစွာမသင်၊ ဟိုလိုလို၊ သည်လိုလို ဟေးလားဝါးလား နေကြသော လူငယ် လူရွယ်များအား လူကြီးများက “မင်းတို့လည်း ဝေလေလေထဲက ဖြစ်နေမယ်ဟေ့နော်”ဟု ဆုံးမစကား ပြောလေ့ရှိကြလေသည်။
လူထု-ဦးလှ
(မြန်မာ့ကျေးလက်ပုံပြင်များ)

No comments:
Post a Comment