တောရွာကြီးတစ်ရွာတွင် မြန်မာဗိန္ဒော ဆေးပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသော ရှေးမှီနောက်မှီ ဆရာကြီးတစ်ယောက်ရှိလေသည်။ ထိုဆရာကြီးထံမှ နည်းနာခံ၍ ဆေးပညာများကို လက်တွေ့သင်ယူနေသော တပည့်တစ်ယောက်သည် ၃-၄ နှစ်ခန့် ကြာသောအခါ ဆေးပညာများ အတော်စုံလင်စွာ တတ်မြောက်သဖြင့် သီးခြားဆရာတစ်ယောက်အမည်ခံကာ ဆေးဝါးကုသနေလေရာ တစ်နေ့သောအခါ ထိုဆရာကလေးသည် အနီးအပါးရှိ ရွာတစ်ရွာမှ ဝေဒနာရှင်တစ်ဦးအတွက် လာရောက်ပင့်သဖြင့် လိုက်သွားကာ ရောဂါအခြေအနေကို စမ်းသပ်စစ်ဆေးပြီး ဆေးများစီမံ၍
ကုသလေသည်။ ရက်ပေါင်းအတော်ကြာသည်တိုင်အောင် ကုသသော်လည်း ရောဂါမှာ အခြေအနေမပြောင်းလဲ ဖြစ်နေသဖြင့် သူ၏ ဆရာကြီးထံသွားပြီး အကူအညီတောင်းရင်း တိုင်ပင်ဆွေးနွေးလေသည်။ ထိုအခါ ဆရာကြီးက “ဝေဒနာရှင်၏ ရောဂါက ဘာရောဂါလဲကွဲ့”ဟု မေးလေရာ ကြို့ကြီးထိုးသော ရောဂါဖြစ်ကြောင်း ပြောလေသည်။ “ဒါဖြင့် ဘာဆေးများ စီမံပေးသလဲ”ဟု ဆရာကြီက ဆက်လက်၍ မေးမြန်းသဖြင့် “ဆရာကြီးရယ် တခြားတော့ မဟုတ်ပါဘူး၊ နရသုခိဆေးကျမ်းမှ ညွှန်ကြားတဲ့ ကုထုံးအတိုင်း စီမံပေးတာပါပဲ”ဟု ဆရာကလေးက ပြန်ပြောလေသည်။ “အေး- နရသုခိဆေးကျမ်းဆိုတာ ရှေးသမားတော်ကြီးများလက်တွေ့ပေါင်း မြောက်မြားစွာကို အခြေခံပြီး ပြုစုထားတဲ့ ကျမ်းကြီးကျမ်းခိုင်ပဲကွဲ့၊ ဆေးကျမ်းက ဘယ်လိုဆိုလို့ ဘယ်လို မင်းက စီမံတယ်ဆိုတာ ပြောပြစမ်းပါဦး”ဟု ဆရာကြီးက မေးလေရာ….
“ကြို့ကြီးကြောက်ဖွယ်၊ ထိုးမပြယ်သော်၊ ကပ္ပယ်မှန်စေ၊ စိမ်သည့်ရေနှင့်၊ အောင်မြေရန်နှိပ်၊ သင်းဘောစိပ်က၊ ဇာတိပ္ဖိုလ်သီး၊ တစ်ရွေးကြီးမျှ၊ သွေးပြီးတိုက်ပါ၊ပျောက်နိုင်ရာသည် နရသုခိကျမ်းဆိုတည်း”ဆိုတဲ့အတိုင်း ကပ္ပယ်စိမ်ရေနဲ့ သင်္ဘောဇာတိပ္ဖိုလ်သီးကို ရွေးကြီးတစ်လုံးခန့် သွေးပြီး တိုက်ပါတယ်”ဟု ဆရာကလေးက ပြောပြလေသည်။ “ဟုတ်ကွဲ့သားပဲကွဲ့ ရောဂါက ဘာဖြစ်လို့ မပျောက်ရတာလဲ ကြို့ကြီးထိုးတဲ့ရောဂါဆိုတာ နေ့မအိပ်ရ၊ ညမအိပ်ရ၊ ခုနစ်အိမ်ကျော် ရှစ်အိမ် ကြားရလောက်အောင် ထိုးတယ်။ ဝေဒနာရှင်မှာလည်း အင်မတန်ပင်ပန်းတယ်။ အဆင်မသင့်လျှင် တိမ်းပါးယမ်းပါးတောင် ဖြစ်နိုင်တယ်။ အဲဒီရောဂါမျိုးဆိုတာ ဥဒ္ဒံတေဇောလွန်ကဲပြီး ဖြစ်တဲ့ရောဂါ၊ ဥဒ္ဓံတေဇောဆိုတာ အပူ၊ ကပ္ပယ်ဆိုတာ အအေး ဓာတ်ရှိတယ်။ အပူကို အအေးနဲ့ငြိမ်းမှ ငြိမ်းတယ်။ တစ်ခါတည်း အအေးနဲ့ တိုက်ရိုက်ငြိမ်းလိုက်ပြန်တော့ ဝေဒနာရှင်မှာ မခံသာဘူး။ ဒါ့ကြောင့် အအေးအပူ ညီမျှပြီး ပွင့်တဲ့သဘောပါအောင် ဇာတိပ္ဖိုလ်သီးရောသွေးပြီး တိုက်ရတာကိုးကွဲ့၊ အဲဒီနေရာမှာ ကပ္ပယ်ကို ရေစိမ်တဲ့အခါ ကြာကြာစိမ်မှ အအေးဓာတ်ရတယ်။ တော်စွာလျော်စွာ ခဏတဖြုတ် စိမ်လို့မရဘူး”ဟု ဆရာကြီးက ပြောရာ “ကြာသလောက်တော့ ကြာပါတယ်ဆရာ၊ သို့သော်လည်း လူနာအိမ်က လုံလုံခြုံခြုံ အခန်းမရှိတော့ ကပ္ပယ်ရေစိမ်ရတာ မလွယ်လှဘူး၊ လူသူလေးပါးမြင်လို့လည်း မတော်လှဘူးခင်ဗျ။ ပြီးတော့ ထိုင်ပြီးစိမ်နေရတာ မသက်သာလှဘူး။ ကြာတော့ လူမမာလည်း အညောင်းမိ။ အအေးမိဖြစ်လာတယ်”ဟု ဆရာကလေးက ပြောပြသဖြင့် “နေစမ်းပါဦး ဒါလောက် ပင်ပန်းကြီးစွာ အညောင်းမိ၊ အအေးမိဖြစ်ရလောက်အောင် ဘယ်ပုံဘယ်နည်း စိမ်လို့လဲ၊ ရေဇလုံတစ်ခုထဲထည့်ပြီး သင့်တော်တဲ့နေရာချထားလိုက်ရင် ပြီးတာပဲမဟုတ်လား၊ စိမ်ပုံစိမ်နည်းကို ပြောပြစမ်းပါဦး”ဟု ဆရာကြီးကမေးရာ “စောင်များကာရံပြီး ရေဇလုံတစ်ခုကို ကားယားခွကာ ဆောင့်ကြောင့်ထိုင်စိမ်ရတော့ အညောင်းမိ၊ အအေးမိနဲပ မသက်သမသာပင်ပန်းတာပေါ့ ဆရာကြီးရယ်”ဟု ပြောပြလိုက်ရာ။ ဆရာကြီးက ဟက်ဟက်ပက်ပက် အားရပါးရ ရယ်မောပြီး “သြော် လက်စသတ်တော့ ငါ့တပည့် ဆေးလင်္ကာကို အကောက်လွဲနေတာကိုး ကပ္ပယ်ဆိုတာ အဂ္ဂိယသမားနှင့် ရွှေပန်းတိမ်သည်များ အသုံးပြုတဲ့ ချိန်ခွင်ကို ခေါ်တယ်။ အဲဒီချိန်ခွင်က ကြေးနဲ့လုပ်ထားတာ၊ ကြေးဆိုတာ အအေးဓာတ်ရှိတယ်။ အအေးဓာတ်ရှိတဲ့ အရာဝတ္တုကို ရေစိမ်လျှင် အဲဒီရေလည်း အေးတယ်။ ဒါ့ကြောင့် ကပ္ပယ်စိမ်ရေနဲ့ ဇာတိပ္ဖိုလ်သီးကို သွေးတိုက်ပါလို့ ဆိုလိုတယ်ကွဲ့”ဟု ဆရာကြီးက ရှင်းပြလိုက်မှ ဆရာကလေးလည်း အဓိပ္ပာယ်ပေါက်သွားပြီး “သြော်…. ဒါကြောင့် လူကြီးသူမများက “ဆရာမပြ နည်းမကျ”ဟု ပြောကြတာကိုး”ဟု ၀မ်းမြောက်စွာ ဆရာကြီးအား ပြောလိုက်လေသတည်း။
***လူထု-ဦးလှ***
**(မြန်မာ့ကျေးလက်ပုံပြင်များ)***

No comments:
Post a Comment