ရှေးအခါက ရွာတစ်ရွာတွင် ကိုရိုးဆိုသော လူတစ်ယောက်ရှိ၏။ ကိုရိုးသည် မတိုးနှင့် အိမ်ထောင်ကျခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း သားယောင်္ကျားကလေး တစ်ယောက်သာ ထွန်းကားခဲ့လေသည်။
သားယောင်္ကျားကလေး အချိန်အရွယ်ရောက်လျှင် ရှင်ပြု၍ လှူရန် အလုပ်များကို ကြိုးစားလုပ်ကိုင်လာခဲ့ရာ ကိုရိုးနှင့် မတိုးတို့တွင် ငွေ ၃၀၀ိ လောက်နှင့် နွားကလေးတစ်ကောင် ပို၍လာလေသည်။
ဤနှစ်တွင် မောင်ရိုးနှင့် မတိုးတို့ အလှူပေးမည်ဟု ကြားသောကြောင့် ပွဲစားကြီးတစ်ဦးက ကုန်များကို အလှူအတွက်
လိုသလောက်ယူသုံးပါ၊ ကုန်ဖိုးငွေများကို အလှူပြီးမှ ပေးပါဟု ပြောလေသည်။
ကာလသားခေါင်း ကိုတုတ်ပေါကလည်း အငြိမ့်ပွဲတစ်ခု ငှါးပါ၊ အလှူမင်္ဂလာတွင် အငြိမ့်ပွဲပါမှ စည်ကားလိမ့်မည် ငွေရေးကြေးရေးကို မစိုးရိမ်ပါနှင့်ဟု လာ၍ ပြောပြန်လေသည်။
ယောက္ခမဖြစ်သူ ဦးကျော်ဇံကလည်း အလှူတွင် အငြိမ့်ပွဲပါလျှင် သူများအလှူထက် အောက်တန်းမကျစေရန် ၀က်သားကျွေးဖို့ သမက်ဖြစ်သူ အလှူ့ဒကာ ကိုရိုးအား အကြံဥာဏ် ပေးပြန်လေသည်။
နွေဦးပေါက်သော် အလှူ့ဒကာ ကိုရိုးနှင့် အလှူ့ဒကာမ မတိုးတို့မှာ ပွဲစားကြီးထံမှ ကုန်များကို လိုသလောက်ယူပြီး ကာလသားခေါင်း ကိုတုတ်ပေါ ငှါးရမ်းပေးသော အငြိမ့်နှင့် ယောက္ခမကြီး၏ ဆန္ဒအတိုင်း ၀က်သားကျွေး၍ သားရှင်ပြု အလှူမင်္ဂလာ ပြုလုပ်လေတော့၏။ အလှူပွဲကြီးကာ ကြိတ်ကြိတ်တိုး စည်ကားလေသည်။ အလှူ့အမ မတိုးက ပြုံးပြုံး ပြုံးပြုံးနှင့် မျက်နှာပေးချိုသကဲ့သို့ အလှူ့ဒကာ ကိုရိုးမှာလည်း ခေါင်းပေါ်စထောင်နေလေသည်။
အလှူကြီးပေးပြီး၍ မိုးဦးကျအချိန်သို့ ရောက်သော် ပွဲစားကြီးက ကိုရိုးနှင့် မတိုးတို့ထံ ငွေတောင်းလာရာ ငွေမရှိသဖြင့် မျိုးစပါးများကို ကြွေးသွင်းလိုက်ရလေသည်။
ကာလသားခေါင်း မောင်တုတ်ပေါကလည်း ကိုရိုး မတိုးတို့ ပိုင်သည့် လှည်းတစ်စီးနှင့် နွားကလေးကို အငြိမ့်ကြွေးနှင့် ခုနှိမ်၍ ယူသွားပြန်လေသည်။
လယ်ကွင်းများတွင် ထွန်ရေးငင်ကြ၍ ပျိုးပင်များ ကြီးလာသောအချိန်တွင် ယခင်နှစ်သကဲ့သို့ ကိုရိုးနှင့် မတိုးတို့မှာ လယ်လုပ်စရာ ဘာမျှမရှိတော့သည့်အတွက် စိတ်ပျက်လက်ပျက်နှင့် အမျက်ထွက်၍ ပုဆိုးရှည်ကြီးကို ၀တ်ကာ ကိုရိုးကအော်၍ ပြောလိုက်သည်မှာ…
“ပွဲစားတွေ၊ ကာလသားခေါင်းတွေ ငရိုးကိုလာပြီး မြှောက်ကြဦးဟေ့၊ ဟောဒီမှာ အလှူပေးတုန်းက၀တ်တဲ့ ပိုးပုဆိုး တောင်ရှည်တစ်ထည်ကျန်နေသေးတယ်”ဟု ဆိုကာ ပုဆိုးခါးပုံစကို လက်နှင့်စလိုက်ဟူသတတ်…။
***လူထု-ဦးလှ**
***(မြန်မာ့ကျေးလက်ပုံပြင်များ)***

No comments:
Post a Comment