ရှေးအခါက တိုင်းပြည်တစ်ပြည်တွင် ဘုရင်ကြီးတစ်ပါးသည် မင်းကျင့်တရားနှင့်အညီ အေးချမ်းစွာ အုပ်စိုးနေလေသည်။ တစ်နေ့တွင် သားတော် သမီးတော်များကို ခေါ်၍ ယခုကဲ့သို့ စည်းစိမ်ချမ်းသာ စံစားနေရသည်မှာ `ဘယ်သူ့ ကြောင့်နည်း´ဟု မေးလေသည်။ သားတော် သမီးတော်များက ဖခည်းတော်၏ ဘုန်းတော်ကြောင့်ပါ´ဟု တစ်ညီတညွတ်တည်း ဖြေကြသည်။ သမီးတော်အငယ်ဆုံးကမူ `ကံကြောင့် ဖြစ်ပါသည်ဘုရား´ဟု ဖြေသည်။ ဘုရင်ကြီးလည်း အမျက်တော်ထွက်၍ `ကိုင်း သမီးတော်၊ ကိုယ့်ကံကြောင့်ဆိုလျှင် ယခု စည်းစိမ်စွန့်ခွာ၍ သွားလေတော့´ဟု နှင်လိုက်၏။ သမီးတော်ကလေးလည်း အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် နန်းတော်မှ ဆင်းခဲ့ပြီး မြို့တွင်းသို့ ၀င်လာခဲ့သည်။ မြို့အစွန်သို့ ရောက်သောအခါ ဆင်းရဲသော
လုလင်တစ်ဦးကိုတွေ့ရ၏။ ထိုလုလင်သည် တောမှ ထင်းများကို နံနက်ကတည်းက သွားခွေ၍ ညနေမှ ပြန်လာပြီး လှည့်လည်ရောင်းချရသည်။ ထိုရောင်းချရငွေဖြင့်သာ ဆန် ဆီဝယ်၍ ချက်ပြုတ်စားရ၏။ ဆင်းရဲလွန်းလှ၍ အ၀တ်ကို လုံခြုံစွာမ၀တ်နိုင်၊ တစ်ထွာမျှအ၀တ်ကိုသာ အရှက်လုံရုံ ၀တ်နိုင်သဖြင့် မောင်တစ်ထွာဟု အမည်ပေးထားကြသည်။ မိအို ဖအိုများကို ရိုသေစွာ လုပ်ကျွေးပြုစုနေသော သူဖြစ်၏။ မင်းသမီးသည် `အိမ်သို့လိုက်နေပါရစေ´ဟု မောင်တစ်ထွာအား တောင်းပန်ပြောဆိုလေသည်။ မောင်တစ်ထွာကလည်း အသင်စဉ်းစားဦးလော့၊ ကျနော်တို့အိမ်မှာ ဆင်းရဲလှချေသည်။ သင်နှင့် ရွယ်တူ မိန်းမဖော်လည်း မရှိပါ´ဟု ပြောဆို၏။ ထိုသို့ ပြောဆိုသော်လည်း မင်းသမီးကလေးက `အတူလိုက်နေပါရစေ´ဟုသာ ထပ်တလဲလဲ ပြောဆိုလှ၍ မင်းသမီးကို အိမ်သို့ ခေါ်လာခဲ့ရတော့၏။ မောင်တစ်ထွာသည် မင်းသမီးကလေးအား များစွာကြင်နာ၍ ဂရုပြုယုယလေသည်။ မင်းသမီးကလေးကလည်း မောင်တစ်ထွာ တောသို့သွားသည့်အခါ မိန်းမတို့လုပ်ငန်းများဖြစ်သော အမှိုက်သရိုက်လှည်းကျင်းခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများကို လုပ်နေ၏။ မောင်တစ်ထွာသည် တောမှပြန်ရောက်သောအခါ `ရှင်မရေ ဟောဒီမှာ မင်းအပျင်းပြေကစားဖို့ လှပတဲ့ ကျောက်ခဲကလေးတွေ ယူလာခဲ့တယ်´ဟု ပြော၏။ မင်းသမီးသည် မောင်တစ်ထွာ၏ လက်ထဲမှ ကျောက်ခဲ့များကို မြင်သောအခါ များစွာ အံ့သြနေသည်။ `ဒီကျောက်တွေ အသင် ဘယ်ကရခဲ့ပါသလဲ´ဟု မေးမြန်းသည်တွင် မောင်တစ်ထွာက `ဒါမျိုးတွေ ပေါလိုက်တာကွာ၊ ငါ ထင်းခုတ်တဲ့နေရာမှာ အများကြီးပဲ၊ ရှင်မ လိုချင်သေးရင် ထပ်ယူခဲ့ပါ့မယ်´ဟု မောင်တစ်ထွာက ပြန်ပြောလိုက်သည်။ မင်းသမီးကမူ နန်းတွင်းသူဖြစ်၍ မောင်တစ်ထွာယူခဲ့သော ကျောက်ခဲကလေးများမှာ အဖိုးထိုက်တန်လှသော ကျောက်မျက်ရတနာများမှန်း သိလေသည်။
ထို့ကြောင့် မောင်တစ်ထွာအား ဤကျောက်များသည် အလွန်အဖိုးတန်လှသည်။ အခြားသူတွေမတွေ့မီ များများသယ်ယူရန် ပြော၏။ နောက်တစ်နေ့တွင် မင်းသမီးကလေးပါ တောသို့ လိုက်၍ ကြည့်လေသည်။ ထိုနေ့တွင် ထင်းမခုတ်တော့ဘဲ မောင်တစ်ထွာက တစ်ထမ်း၊ မင်းသမီးကလေးက တစ်ရွက် သယ်လာခဲ့ကြ၏။ အချို့ကို ထုခွဲရောင်းချလိုက်သဖြင့် မောင်တစ်ထွာနှင့် မင်းသမီးကလေးတို့ အတော်ကြွယ်ဝချမ်းသာသွားကြသည်။ မင်းသမီးကလေးသည် ငွေအမြောက်အမြားကိုတိုင်းသူပြည်သားများ အား ချေးငှား၍ ဖခမည်းတော်ဘုရင်ကြီး နတ်ရွာစံမှသာ ပေးဆပ်ရန် ပြောကြားသည်။ ထို့ကြောင့် တိုင်းသူပြည်သားများမှာ ညစဉ်ညတိုင်း ဘုရင်ကြီး သက်တော် ရှည်ပါစေကြောင်း ဆုတောင်းကြကုန်၏။ တစ်ညတွင် ဘုရင်ကြီးသည် တိုင်းပြည်တွင်းသို့ စနည်းနာထွက်ရာ မိမိ အသက်ရှည်စေကြောင်း ဆုတောင်းသံများသာ ကြားနေရသဖြင့် မည်သို့ အကြောင်းရှိသနည်းဟု သိစေရန် ခေါ်မေးလေသည်။ ထိုအခါ ပြည်သူများက မင်းသမီးကလေးက ဖခမည်းတော် နတ်ရွာစံမှသာ ပေးဆပ်ပါဟုဆိုကာ ငွေများ ချေးထား၍ အသက်ရှည်ပါစေဟု ဆုတောင်းကြကြောင်း လျှောက်တင်ကြသည်။ ထိုအခါ ဘုရင်ကြီးလည်း မင်းသမီးကလေးအား သတိရတော်မူပြီး ခေါ်တော်မှု၍ `သမီးတော် ပြောသည်မှာ မှန်လှပေသည်။ သမီးတော်သည် အလွန်ဆင်းရဲသူနှင့် တွေ့ရငြားလည်း သမီးတော်၏ ကုသိုလ်ကံကြောင့် ချမ်းသာကြွယ်ဝစွာ နေရလေသည်´ဟု မိန့်မြွက်ပြီး သမက်နှင့် သမီးအား နန်းတွင်းအပါးတော်တွင် ခေါ်ယူထားလေသည်။ နတ်ရွာစံခါနီးတွင် မောင်တစ်ထွာနှင့် မင်းသမီးကလေးအား ထီးနန်းလွှဲအပ်ပေးခဲ့၏။ ထိုမင်းသမီးလေးကိုလည်း ကံယုံမင်းသမီးဟု ခေါ်တွင်ကြတော့သည်။
***လူထု- ဦးလှ**
***(မြန်မာ့ကျေးလက်ပုံပြင်များ)***

No comments:
Post a Comment