ထိုနေ့က မိုးမရွာပါ။ မီးလည်းလာပါသည်။ လာမှာပေါ့ဗျ။ မြန်မာပြည်မှမဟုတ်ပဲကိုး။ ဂုရုဆန်ရောက်နေတာက ထိုင်းနိုင်ငံလေ။ တိတိကျကျပြောရရင် ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်တ၀ိုက်မှာ ပါးစပ်သေနတ်နဲ့ မိုက် နေတာ ဘယ်သူ့မှတ်လို့တုန်း။ (ဆေးကြော်ငြာတဲ့သူ၊ မန္တလေးမဟာသင်္ကြန်စာ အပြင်ဗေဒင်ဟောစာ တမ်းတွေ လိုက် ရောင်းတဲ့သူပဲ နေမှာပေါ့ဗျာ။)
ထားပါတော့လေ။ အဓိကပြောချင်တာက အများအကျိုးဆောင်သူဟာ ကိုယ့်အကျိုးမအောင်ပဲနဲ့ ဘာကြောင့်များ ကိုယ့်ပုဆိုးပေါင်ရသလဲဆိုတဲ့ အကြောင်းအရာပါပဲ။ ဆိုရရင်ဗျာ…။ အခု ၂၀၀၉-ခုနှစ်၊ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာပေါ့ လေ။ ဂုရုဆန်ဟာ လစဉ်လတိုင်း ဖုတ်ဖရားမြို့နယ် ဘက်ကိုအနည်းဆုံးနှစ်ခေါက်လောက်မှ မရောက်ရင် ကိုယ့် အကြိုအကြားထဲ ပုရွက်ဆိတ်ဝင်ကိုက်ခံရသူလို မရိုးမရွကြီး၊ သရိုးသရီကြီး ဖြစ်တတ်တာကိုးဗျ။ ဒါကြောင့်လည်း မဲဆောက်မြို့တောင်ဘက်က ဖုတ်ဖရားမြို့နယ်ထဲကို ပြီးခဲ့တဲ့လကပဲ ချီတက်ခဲ့ရာမှာ ဟောဒီအများအကျိုး ဆောင်- ကိုယ့်ပုဆိုးပေါင်ရကိန်းဆိုက်ံရတာပေါ့ဗျာ။ ရှေ့မှာ ဆိုခဲ့တဲ့အတိုင်း ဖုတ်ဖရားမြို့နယ်ထဲက ၄၈-ကီလို မီတာ (ဆီစစ်ပက်)ကျေးရွာကြီးကို ရုဂုဆန်က ဆိုင်ကယ်နဲ့ ဦးစွာချီတက်။် ခေတ္တအနားယူ၊ ပါလာတဲ့ စာအုပ် စာ တမ်းတွေဖြန့် ။ ပြီးတော့ တစ်ခါ (၄၂)ကီလိုမီတာ ဇနပုဒ်က မောင်ဓူဝံကို ခေါ်၊

အဲသလိုနှစ်ယောက်သား ဆုံမိပါမှ ညနေဖက်လောက်ရောက်ခါမှ( ပခါးမို င်)် ဆိုတဲ့ မုံ (ခေါ်)မျှော့လူမျိုးတွေရဲ့ ရွာကို ညပိုင်းလူ့အခွင့်အရေးဆွေးနွေးပွဲလုပ်ဖို့ ခရီးဆက်ကြတာပေါ့ဗျာ…။
လမ်းခရီးက တကယ့်ခရီးဗျ။ တောလမ်း၊ တောင်လမ်း၊ တစ်ခုတည်းတင်မဟုတ်ဘူး။ မြေနီရောင်သန်းနေတဲ့ မြေလမ်းတွေပေါ်ကို တိုက်လိုက်သမျှ လေထဲက မြေနီမှုန့်တွေဟာ လူခန္ဓာကိုယ်အနှံ့မှာရော၊ ဆိုင်ကယ်မှာပါ ကွန်မြူနစ်(အနီ)ရောင်လွှမ်းသွားစေတဲ့ သဘာဝအလျောက် မြေနီရောင်ဒေသပဲဗျို့။ အဲဒီ `ပခါးမိုင်´ကျေးရွာမှာက မြန်မာအလုပ်သမား(၀ါ)စိုက်ပျိုးရေးလုပ်သားတွေချည်း (၆၀၀)ဦးထက်မနည်း ရှိတယ်။ များသောအားဖြင့် ပဲခူးတိုင်း ဝေါမြို့နယ်ဘက်ကများပြီး မွန်ပြည်နယ် သထုံ၊ ကျိုက်ထို၊ ဘီးလင်းမြို့နယ်တွေဘက်ကရယ်၊ ကရင်ပြည်နယ် ဖားအံ၊ ကော့ကရိတ်၊ ဖာပွန်မြို့နယ်တွေဘက်ကရယ် အနည်းစုရှိကြတယ်။ လုပ်အားခက ၀န်န(အလုပ်ကြပ်)က တစ်နေ့ ၁၀၀-ဘတ်ရတယ်။ သာမာန်စိုက်ပျိုးရေးလုပ်သားတွေက နေ့စားခ တစ်နေ့ (၈၀)ဘတ်ရတယ်။ ပဲ၊ ပြောင်း၊ ငရုတ်၊ အာလူး၊ ကြက်သွန် အများဆုံးစိုက်ပျိုးကြပြီး ကုလားပန်း(ခေါ်)ရွှေဒင်္ဂါးပန်းနဲ့ နှင်းဆီပန်းကိုနည်းနည်းပါးပါး စိုက်ကြတာတွေ့ရတယ်။ အဲဒီ ပခါးမိုင်ကျေးရွာမှာက ထိုင်းလူမျိုးတွေမရှိကြဘူး။ မုံ(ခေါ်)မျှော့လူမျိုးတွေကပဲ မြန်မာအလုပ်သမားတွေရဲ့ အလုပ်ရှင်အဖြစ်နဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်ရယ်၊ ခြံတောင်ယာတွေကိုရယ် ဦးစီးကြတယ်။
အဲဒီ ပခါးမိုင်ကျေးရွာမှာ ည (၆း၃၀)နာရီကစပြီး ဂုရုဆန်နဲ့ ဓူဝံတို့က အလုပ်သမားလက်မှတ် (ဘတ်)တွေရဲ့ အကြောင်း၊ မြန်မာပြည်ဘက်က လုပ်ပေးနေတဲ့ ပတ်စ်ပို့အကြောင်း၊ အလုပ်သမားရပိုင်ခွင့်နဲ့ ထိုင်းအလုပ်သမား ဥပဒေတွေအကြောင်း ဆွေးနွေးသွားလိုက်တာ ည (၁၀း၀၀)နာရီ ကျမှ ဆွေးနွေးပွဲက ပြီးတယ်။ ချမ်းချမ်းအေးအေး၊ ဆောင်းလေသွေးနေတဲ့ ကြားမှာပဲ ဒီမှာတည်းရင် အိမ်ရှင်လည်း စောင်ပေးရ၊ မီးဖိုရနဲ့ ဒုက္ခများမယ်။ (၄၈)ကီလိုမီတာကို ပြန်ချီတက်ကြမယ်ဆိုပြီး ဆိုင်ကယ်နဲ့ ပြန်အလှည့် လမ်းခရီးမှာ ရှေ့က မိုးစိုထားတဲ့ နွံမြေနီလမ်းနဲ့ ရိုးရိုးမြေနီလမ်းကို မကွဲပြားပဲ ဆိုင်ကယ်က ဖြတ်ပြီးအ၀င်မှာ တစ်ခါတည်း တိမ်းမှောက်တော့တာပဲဗျို့။ အမေလေး လေး… သာမာန်အချိန်မှာ စက်နှိုးဖို့ခက်တဲ့ (လက်ပေါက်ကတ်တဲ့) ဟောဒီဆိုင်ကယ်စုတ်ဟာ မှောက်လဲတဲ့အချိန်မှာတော့ စက်က တစ်ချက်မှ မရပ်ပဲ ဂုရုဆန်ကို တစ်ခါတည်း အမှုတွဲသလိုတွဲခေါ်သွားတော့တာပဲဗျို့။ တော်သေးတာပေါ့။ တောင်ခါးပန်း ပတ်လမ်းမှာ မှောက်တာမဟုတ်ပေလို့ပေါ့။
ဒီလိုနဲ့ ဘယ်ဘက်ပုခုံးနဲ့ ညာဘက်ခြေမှာ မြေနီတွေနဲ့အပြိုင် (ကွန်မြူနစ်တွေနဲ့ အပြိုင်)နီစွေးနေလင့်ကစား ဘယ်လိုမှ ရှေ့ကိုခရီးဆက်မရတော့တဲ့အခါ လာလမ်းအတိုင်း ပခါးမိုင်ကျေးရွာထဲပြန်မောင်းပေါ့။ ရွာထဲမှာလည်း မြန်မာအလုပ်သမားတွေက အပြင်မထွက်ရဲကြတော့တဲ့အချိန်ပဲ။ ည (၁၀း၃၀)လောက်ရှိပြီပေါ့။ အဲဒီမှာ အပြင်မှာထွက်ပြီး အရက်ကိုယ်စီသောက်နေကြတာက မုံလူမျိုးလူငယ်တွေ၊ တချို့မုံလမ်းသရဲတွေပေါ့ဗျာ။ သူတို့ကလည်း လူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးနဲ့ ဆိုင်ကယ်တစ်စီးလုံး နီမြန်းလာတဲ့ ကွန်မြူနစ်နှစ်ဦး (အဲလေ) ဆိုင်ကယ်တွန်းလာသူနှစ်ဦးကို အသာအယာပဲ ကြည့်နေကြတော့ တော်သေးတာပေါ့။
(မြန်မာပြည်မှာဆိုရင် `ဘယ်ကလဲ´ `ဘာလာလုပ်တာလဲ´ `ဆွမ်းကြီးဝိုင်းလောင်းကွာ´ဆိုပြီး မာလကီးယားပြည်ကို ကြွမြန်းပြီပေါ့ဗျာ။ ထိုင်းနိုင်ငံမှာတော့ ဒီလိုမဖြစ်ဘူးဗျ) ဒီလိုနဲ့ ဆိုင်ကယ်ကရှေ့ဆက် မတွန်းနိုင်ငံအောင်ကုန်းတက်ဖြစ်နေဲ့ တဲအိမ်စုမှာ ပန်ကြားပြောဆိုပြီး ခေတ္တထားခဲ့တယ်။ မနက်ကျမှ ပြန်ယူမယ်ပေါ့။ ပြီးတော့ အသိအိမ်တစ်အိမ်မှာ အိပ်စက်ဖို့ ဒဏ်ရာများနဲ့ ဝေဒနာလူနှစ်ဦးဟာ `ဝေဒနာလူxxx အတွေးလေမှာနှင်xxx မသေခင်တုန်းxxx ချဲထိုးသွားပါရစေ (အဲလေ)´ အဲသလိုရင်ဂို သီချင်းကလေး တစ်အေးအေးနဲ့ ဆောင်းအေးအေးရဲ့ ညခင်းမှာ အသိအိမ်မှာတည်းခိုကြ၊ ဒဏ်ရာတွေဆေးထည့်ကြ၊ အဖြစ်အပျက်ကို စားမြုံ့ပြန်ကြနဲ့ပေါ့ဗျာ။
နောက်တစ်နေ့ မနက်စောစောရောက်တော့ ဆိုင်ကယ်လ်သွားယူကြတဲ့အခါ (အားလားလား) `ဆိုင်ကယ်လ်ရဲ့ နောက်ဘီးမှာ သံချွန်ကိုရိုက်ထည့်ထားတာက ထုပ်ချင်းပေါက်ပဲဗျို့´
ဒီရွာမှာက ဘာဆိုင်ကယ်လ်ပြင်ဆိုင်မှ မရှိဘူး။ ဆိုင်ကယ်ပြင်ချင်ရင် တောင်ဖက်က ၁၃-ကီလိုမီတာ လောက်ကွာဝေးတဲ့ (၄၄-ကီလိုမီတာကျေးရွာ)က ဆိုင်ကယ်လ်ပြင်ဆိုင်မှာ ဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင် ရွာရဲ့မြောက်ဖက်က ၈-ကီလိုမီတာလောက်ကွာဝေးတဲ့ (၄၈-ကီလိုမီတာကျေးရွာကြီး)မှာပဲ ဖြစ်ဖြစ် ပြင်ပါမှ၊ အဆင်ပြေမှာလေဗျာ။ ဒီလို ၀န်တိုစိတ်ကြီးတဲ့၊ မရှုစိမ့်အားကြီးတဲ့ သူတစ်ဦးဦး (၀ါ)နှစ်ဦး၊ သုံးဦးရဲ့ ဒီလုပ်ရပ်ဟာ မိမိတို့ကျေးရွာက မြန်မာအလုပ်သမားတွေကို ညဖက်မှာပါ အချိန်ပေးပြီးကွင်းဆင်းဆွေးနွေးသူအပေါ် `လုပ်သင့်၊ မလုပ်သင့်´ သူတို့အကောင်းပကတိနဲ့ စဉ်းစားချိန်ရမှ ရခဲ့ပါရဲ့လား။ အကောင်းပကတိ ဆိုတာက မြန်မာအလုပ်သမားတွေဟာ တစ်နေကုန် ပင်ပင်ပန်းပန်း လုပ်ခဲ့ပြီး သမျှကို ညနေနဲ့ ညပိုင်းမှာ ယမကာနဲ့ အပန်းဖြေကြ၊ အမောဖြေတတ်ကြလို့ပါ။ ဆိုင်ကယ်လ်ကိုစီးဖို့အသာထား။ တွန်းဖို့၊ ကားပေါ်ဆွဲတင်ဖို့တောင် ဂုရုဆန်တို့ တစ်သိုက်တော်တော် လုပ်ယူကြရတာဗျ။ မောင်ဓူဝံက ၄၂-ကီလိုမီတာမှာရှိတဲ့ သူ့ကျောင်းကကျောင်းကားကိုခေါ် (ကျောင်းကား မဟုတ်ပဲ အငှားကားဆိုရင် ဈေးအများကြီးပေးရမှာလေ)အဲဒီကျောင်းကားပေါ်ကို ဆိုင်ကယ်လ်ကို အတင်းတွန်းယူ၊ ၄၄-ကီလိုမီတာကျေးရွာက ၀ပ်ရှော့တ်ကိုပို့၊ ဂုရုဆန်ကတော့ ဆိုင်ကယ်လ်ပြင်နေတဲ့ ၂-ရက်လောက်ကို ဖုတ်ဖရားမြို့နယ်တခွင်ကို အခြားဆိုင်ကယ်အကူအညီနဲ့၊ ကွင်းဆင်းလှည့်လည်ပေါ့ဗျာ။ သြော်… ၀န်တိုစိတ်အားကြီးတဲ့သူတွေများ တော်၏ မတော်၏ မသိတဲ့။ ဘာပဲဖြစ်ဖြစ်။ ဆောင်းညအေးအေးတွေမှာ ယမကာနဲ့ နွေးဖို့၊ အခြားနွေးစရာတစ်ခုစီနဲ့ နွေးဖို့ကြိုးစားကြသူတွေထဲမှာ ဂုရုဆန်နဲ့ မောင်ဓူဝံဆိုတဲ့ အများအကျိုးဆောင်သူနှစ်ဦးရဲ့ ကိုယ့်ပုဆိုးတွေကိုယ်စီပေါင်ရပုံကဖြင့် (အဟင့်… အဟင့်)လို့တောင် နိဒါန်းမပျိုးပါရစေနဲ့ဗျာ။
(ကိုယ့်ပုဆိုးပေါင်ရပုံများကို ဆက်လက်တင်ပြပါမည်)
ခံစားတင်ပြသူ- ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)
*** ဆိုင်ကယ်လ်ကို တွန်းမရအောင်ဖျက်ဆီးရက်သူရယ်***

No comments:
Post a Comment