(ပါရီ၊ ဇန်န၀ါရီလ ၃-ရက်)
ပြင်သစ်နိုင်ငံ တောင်ပိုင်း ကာဒီရီဒီအက်ဇာမြို့ရှိ ပုဂ္ဂလိကအဆောက်အအုံတစ်ခုလုံးမှ ယူရိုငွေ တစ်သန်းခန့် (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄-သန်း)တန်ဖိုးရှိ ပန်းချီကား ၃၀-ခန် ခိုးယူခံရကြောင်း စနေနေ့တွင် ပြည်တွင်း သတင်းများက ဖော်ပြသည်။ ပီကာဆိုနှင့် ဟင်နရီရူးဆိုတို့ ရေးဆွဲထားသော ပန်းချီကားများအပါအ၀င် အနု ပညာလက်ရာ ၃၀-ခန့်ကို အိမ်ပိုင်ရှင်က ဆွီဒင်နိုင်ငံ၌ အပန်းဖြေအနားယူ သွားရောက်နေစဉ် ကာလအတွင်း ခိုးယူခဲ့ ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က စနေနေ့တွင် ပြောကြားသည်။ ယင်းအဆောက်အအုံကို ထိန်းသိမ်းစောင့် ရှောက်သူက အဆိုပါ အနုပညာလက်ရာများ ခိုးယူခံခဲ့ရသည်ကို စတင်သိရှိခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူ များက သတင်းဌာနများသို့ ပြောကြားသည်။
နှစ်သစ်ကူးကာလက မာဆေးလ်ကင်တီနီပြတိုက်မှ ပြင်သစ်ပန်းချီဆရာ ဒီဂတ်စ်ရေးဆွဲထားသော ပန်းချီကားတစ်ချပ် ခိုးယူခံရပြီးနောက် နှစ်ရက်ခန့်အကြာတွင် အဆိုပါ အနုပညာလက်ရာများ ခိုးယူခံရခြင်းဖြစ်သည်။ ပန်းချီဆရာ ဒီဂတ်စ်၏ ပန်းချီကားသည် ခန့်မှန်းခြေ တန်ဖိုး ယူရိုငွေ ၈၀၀၀၀၀ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၂-သန်း)ဖြစ်ကြောင်း ပါရီမြို့ရှိ အော်ဆေးပြတိုက်က ဖော်ပြသည်။ (အင်တာနက်)
***ရှားပါးအပင်မျိုးစိတ်များ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ စိုက်ပျိုး***
(ဂျကာတာ၊ ဇန်န၀ါရီလ ၃-ရက်)
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ သစ်တောများတွင် ရှားပါးအပင်မျိုးစိတ်များစွာကို ဟတ်တာ ၁၇၀-ခန့် စိုက်ပျိုးပြုစု ပျိုးထောင်ထားကြောင်း အင်တာရာသတင်းဌာနက ဇန်န၀ါရီလက သတင်းထုတ်ပြန်သည်။ ရှားပါးအပင်မျိုးစိတ်များ စိုက်ပျိုးနိုင်ရန် အပြည်ပြည်ဆိုင်ရာ မုတ်သုံကျွန်းသစ်အဖွဲ့ (အိုင်တီတီအို)က ငွေကြေးထောက်ပံ့သည်ဟု ဘာလီပြည်နယ် သစ်တောဌာနအကြီးအကဲက ပြောကြားသည်။ အနီးဝန်ကျင်ရှိ လယ်သမားများလည်းပါဝင်သည့် ဤရှားပါးအပင်များ စိုက်ပျိုးပြုစုပျိုးထောင်မှုက ဒေသခံများ၏ ရိုးရာဓလေ့ထုံးစံများ ယဉ်ကျေးမှုနှင့် ဘာသာရေးပွဲတော်များအတွက် အထောက်အပံ့ဖြစ်စေနိုင်ကြောင်း ၄င်းသတင်း၌ ဖော်ပြသည်။ (ဆင်ဟွာ)
*** ပါလက်စတိုင်းအကျဉ်းသား ၇၅၀၀-ကျော် အစ္စရေး၌ ထိန်းသိမ်းထား ***
(ေ၈ျရုဆလင်၊ ဇန်န၀ါရီလ ၃-ရက်)
အစ္စရေးအကျဉ်းထောင်များ၌ ဖမ်းဆီးထားသည့် ပါလက်စတိုင်း အကျဉ်းသားဦးရေ ၇၅၀၀-ကျော်ရှိကြောင်း ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ အကျဉ်းသားရေးရာဝန်ကြီးဌာနက ကြေညာသည်။ ၂၀၀၉-ခုနှစ်ကုန်တွင် ထုတ်ပြန်သည့် အဆိုပါဝန်ကြီးဌာန၏ ကြေညာချက်၌ အထပ်ပါအတိုင်း ဖော်ပြလိုက်ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသည့် ပါလက်စတိုင်း အကျဉ်းသားများတွင် ကလေး ၃၁၀-ပါဝင်ပြီး စစ်ဆေးမေးမြန်းခြင်းမပြုဘဲ ဆက်လက်ဖမ်းဆီးခံရသူ ၃၀၀-ကျော်ရှိကြောင်း ကြေညာချက်၌ ထည့်သွင်းဖော်ပြထားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်- မောင်မောင်ဆွေ ***
*** ပြင်သစ်တောင်ပိုင်း၌ ရှေးဟောင်းပန်းချီကား ၃၀-ခန့် ခိုးယူခံရ ***

No comments:
Post a Comment